ဝါရှင်တန်ဒီစီ မြို့တော် အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အနားမှာ အကြမ်းဖက် တိုက်ခိုက်မှုကို စီစဉ်နေတယ်လို့ မသင်္ကာရသူ အသက် (၂၉) နှစ်အရွယ် မော်ရိုကို နိုင်ငံသား Amine El Khalifi ကို လက်ရ ဖမ်းဆီး မိလိုက်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမေရိကန် လုံခြုံရေး အရာရှိတွေက ပြောကြပါတယ်။
ကွန်ဂရက် လွှတ်တော် အဆောက်အဦးကို ဖောက်ခွဲရေး ပစ္စည်းတွေလို့ သူ ယူဆနေတဲ့ အရာတွေ အသုံးပြုပြီး တိုက်ခိုက်ဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီးတော့ တကယ်တမ်းမှာ သူ အသုံးပြုတဲ့ ပစ္စည်းတွေဟာ လူတွေကို အန္တရာယ် မပေးနိုင်တဲ့ နှစ်ချို့ပစ္စည်းတွေသာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။
El Khalifiဟာ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ရဲ့အချိန်ကြာရှည် စောင့်ကြည့်ပြီး ဆင်နွှဲတဲ့ စစ်ဆင်ရေး တစ်ရပ်ရဲ့ အစိတ်အပိုင်းအဖြစ် ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ကွန်ဂရက် လွှတ်တော် ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဟာ အမေရိကန်နိုင်ငံထဲမှာ တရားမ၀င် နေထိုင်နေသူ ဖြစ်ပြီး Al-Qiada အကြမ်းဖက်အဖွဲ့နဲ့တော့ ဆက်စပ်မှု မရှိဘူးလို့ ရဲတွေက ဆိုပါတယ်။ သူ့ကို နေ့တွင်းချင်းမှာပဲ ၀ါရှင်တန်ဒီစီက တရားရုံးတစ်ရုံးရဲ့ ရှေ့မှောက်မှာ လူတွေကို အစုလိုက် အပြုံလိုက် သေစေရန် ကြံစည်မှုနဲ့ ကနဦး စွဲချက်တင်လိုက်တယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
မူလက El Khalifi ကို အမေရိကန် စစ်ဌာနချုပ်၊ စားသောက်ဆိုင် တစ်ဆိုင်နဲ့ ဂျူးဘုရား ခိုးကျောင်းတစ်ကျောင်း တို့ကို တိုက်ခိုက်ရန် ကြံစည်မှုနဲ့ စွဲဆိုဖို့ တရားရေး ၀န်ကြီးဌာနက စဉ်းစားခဲ့ပါတယ်။
From VOA