Tuesday, June 26, 2012

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အလေးထား ဆွေးနွေးတော့မည်

Ever November | 6/26/2012 06:52:00 PM | Best Blogger Tips
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လတ်တလော ရှေ့တန်းရောက်လာနေသော ရိုဟင်ဂျာများ အရေးအား ဇူလိုင်လအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ ပိုမိုအလေးထား ဆွေးနွေးကြမည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ထိုနိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံစဉ် အဆိုပါ ရိုဟင်ဂျာများအရေးလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“ဒီတကြိမ်မှာတော့ မြန်မာဒုက္ခသည်အရေးကိစ္စကို ပိုပြီး အလေးအနက်ထား ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟူ၍ ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Major General Anup Kumar Chakma အား ကိုးကား၍ အေအက်ဖ်ပီ သတင်းတရပ် တွင် ရေးသားထားသည်။

ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်အထိ သမ္မတ ဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်အတွင်း နယ်မြေချင်း ၁၆၉ မိုင် ထိစပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများ ဆွေးနွေးရာတွင် အဆိုပါ ရိုဟင်ဂျာအရေးမှာ
ခေါင်းစဉ်တခုဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင် ဇွန်လအတွင်း ဆိုးရွားပြင်းထန်ခဲ့သော ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာ များအကြား အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံပေါင်းနှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထွက်ပြေးလာကြသော ရာနှင့်ချီသည့် ရိုဟင်ဂျာ မူဆလင်များကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ရေတပ်က လက်မခံဘဲ ပြန်လည်နှင်ထုတ်ခဲ့သည်ကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်နေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစ္စလာမ် အစွန်းရောက် Jamaat-e-Islami ပါတီမှာ မြန်မာပြည်ရှိ ရိုဟင်ဂျာများအား ချုပ်ကိုင် လွှမ်းမိုးထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဇွန်လ ၁၄ ရက်နေ့ ပါလီမန်တွင် စွပ်စွဲ
ပြောဆိုထားသည်။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ထိုပါတီက ရိုဟင်ဂျာများအား လှုံ့ဆော်နေ သည်ဟုလည်း မြန်မာအစိုးရက စွပ်စွဲထားသည်။

“ဒီကိစ္စကို ကျမတို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပါတယ်။ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဘယ်တော့မှ ဖွင့်ပေးမှာ မဟုတ်ပါဘူး” ဟု Dipu Moni က ယတိပြတ် ပြောဆိုလိုက်သည်။

ထို ရိုဟင်ဂျာဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အရေးကို အလျင်အမြန် ဖြေရှင်းရန် လိုအပ်ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာ လဆန်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃ဝဝ ဦးရှိပြီး ဒုက္ခသည်ကဲ့သို့
နေထိုင်သူပေါင်း နှစ်သိန်းရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့ မြန်မာနိုင်ငံနိုင်ငံမှ ဒုက္ခသည်များ ရှိနေခြင်းမှာ ၎င်းတို့ နိုင်ငံအတွင်း လူမှုရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်ဟုလည်း မစ္စစ်ရှိတ်ဟာဆီနာက ပြောဆိုထားသည်။

မြန်မာအစိုးရဘက်မှ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညှိထားပြီးဖြစ်သည့် ဒုက္ခသည်များကို ပြန်လည် လက်ခံမည်ဟု ဆိုထားသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုံခြုံရေး ကိစ္စရပ်များလည်း ဆွေးနွေးမည်
ဖြစ်သည်။ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်းလမ်းနှင့် ဒက္ကာ/စစ်တကောင်း - ရန်ကုန် တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ ကုန်သွယ်ရေးတိုးမြှင့်ရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး တို့လည်း နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးကြမည် ဖြစ်သည်။

“နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်ရေးအတွက် ပူးတွဲကော်မရှင် ဖွဲ့စည်း တည်ထောင်မှုဆိုင်ရာ သဘောတူညီချက်” နှင့်နှစ်နိုင်ငံ စက်မှုလက်မှုအသင်းချုပ်ချင်းအကြား “ပူးတွဲ စီးပွားရေး ကောင်စီ ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ” တို့ကို ၂ဝ၁၂ နှစ်ကုန်ပိုင်းက လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံမှ စွမ်းအင် ဝယ်ယူလိုသော်လည်း မြန်မာ့ သဘာဝ ဓာတ်ငွေ့များမှာ တရုတ်နိုင်ငံသို့ရောင်းချပြီး ဖြစ်သည့်အတွက် အသစ်ထပ်မံ တွေ့ရှိပါက ဘင်္ဂလားဒေ့ရှ်အား ဦးစားပေး ရောင်းချမည်ဟု သမ္မတ ဦးသိန်းစိန် က ကတိထားခဲ့ဖူးသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1