Wednesday, June 27, 2012

ဝန်ကြီး ဦးအောင်မင်း တရက်တည်းနှင့် တွေ့ဆုံဆွေးနွေးမှု ငါးခုလုပ်

Ever November | 6/27/2012 06:31:00 PM | Best Blogger Tips

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်း အပါအဝင် အဖွဲ့အစည်း ငါးခုနှင့် အင်္ဂါနေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

မဲဆောက်မြို့ပြင်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် Wattana Village Resort တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့ လေးခုအား သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုအများစုမှာ အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာနိုင်အောင် ဦးဆောင်သည့် မြန်မာပြည်ဒီမိုကရေစီအဖွဲ့ချုပ် FDB ကိုယ်စားလှယ် အဖွဲ့နှင့် ဦးအောင်မင်းတို့တွေ့ဆုံစဉ် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ် ဖြစ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးနှင့်ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“ဒီအချက်တွေက အရင်တခေါက် ဖေဖော်ဝါရီလမှာ ချင်းမိုင်မြို့မှာ တွေ့တုန်းကလည်း ကျနော်တို့ တင်ပြဖူးပါတယ်။ လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးမှုက တဆင့် အခြေခံ ဥပဒေအရ ခွင့်ပြုထားတဲ့ သဘောတူနိုင်တဲ့ အချက်တွေကို
ဆွေးနွေးကြဖို့၊ ကျန်တဲ့ အချက်တွေကို လွှတ်တော်မှာ ဆက်လက် တင်ပြဖို့ အဲဒီလုပ်ငန်းစဉ်တွေကို လုပ်ဆောင် နိုင်ဖို့ဆွေးနွေးကြတယ်” ဟု ဒေါက်တာနိုင်အောင် က မဇ္ဈိမကို ပြောသည်။

ပြည်ပရောက် အင်အားစုများအား တိုင်းပြည် ထူထောင်ရေး ကိစ္စရပ်များအား ပြည်တွင်းသို့ ပြန်လာ၍ လုပ်ဆောင်ရန် သမ္မတကြီး ဦးသိန်းစိန်က ဖိတ်ခေါ်ကြောင်း ဦးအောင်မင်းမှ တဆင့် ပြောကြားခဲ့သည်။

မတရားအသင်း ကြေညာခြင်း ခံထားရသည့် အဖွဲ့အစည်းများအား ပြန်လည် လက်ခံဖွယ်ရှိပြီး ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ထိုက်သင့်သည့် ပြစ်ဒဏ် ကျခံစေရန်မှ အခြားသူများအား ကင်းလွတ်ခွင့် ပေးနိုင်မည့် အနေအထား ရှိကြောင်း ဝန်ကြီးအဖွဲ့မှ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သို့သော် ပြည်တွင်း၌ နိုင်ငံရေး လွတ်လပ်ခွင့် မရှိသေးခြင်း၊ လွှတ်တော်၌ စစ်တပ်မှ ၂၅ ရာခိုင်နှုန်း ရယူထားခြင်း ကိစ္စရပ်၊ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စရပ်များမှာ ပြည်တွင်းသို့ ပြန်လည်၍ လုပ်ကိုင်ရန်အတွက် အတားအဆီးကြီးအဖြစ် ရှိနေဆဲဖြစ်ကြောင်း FDB မှ တင်ပြခဲ့သည်။

ဆွေးနွေးပွဲတွင် ဦးအောင်မင်းက “ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတော့ ပြောင်းလဲသင့်တဲ့ အပြောင်းအလဲကို လွှတ်တော်ထဲမှာ တင်ပြလာလို့ရှိရင် တပ်မတော်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချက်တွေဆိုရင် ပူးပေါင်း လုပ်ဆောင် သွားမှာပဲပေါ့။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလည်း NLD ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ဥပဒေတွေကို ပြင်ဆင်တဲ့နေရာမှာလည်း တပ်မတော်က မဲပေးပြီး ထောက်ခံခဲ့တာပဲ” ဟု ပြောကြောင်း ဒေါက်တာနိုင်အောင်က ပြန်လည် ရှင်းပြသည်။

ထို့အတူ NLD-LA မှ ဒေါက်တာအေးကျော် ဦးဆောင်သည့် ငါးဦးပါ ကိုယ်စားလှယ် အဖွဲ့ကလည်း ပြည်တွင်း၌ ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပြန်လည်လုပ်ကိုင် နိုင်ရေးနှင့် ပြည်တော် ပြန်နိုင်ရေး ကိစ္စရပ်များအတွက် ညနေ ၄ နာရီ ခွဲခန့်တွင် ဦးအောင်မင်း တို့နှင့် ဆွေးနွေးခဲ့ပြီး NLD-LA အား မတရားအသင်းအဖြစ် ကြေညာထားခြင်း ခံရမှုအား ဖျက်သိမ်းပေးရန် တောင်းဆို တင်ပြခဲ့သည်။

“ဝန်ကြီးတို့ ဘက်ကတော့ အထဲကို ပြန်လာပြီး အထဲမှာ ပြန်လုပ်ဖို့ ပြောပါတယ်။ ကျနော်တို့က ၁၇(၁) တွေ ရှိနေသေး တယ် ဆိုတဲ့အချက်ကို ထောက်ပြပါတယ်။ ဒါကို ဘယ်လို ကျော်ဖြတ်ကြမလဲပေါ့။ သူတို့ဘက်က ပြန်လည် ဖြေကြားတဲ့ အနေအထား ကလည်း အားရစရာ ကောင်းပါတယ်။ ဒီကိစ္စတွေကို ဥပဒေနဲ့အညီ ရှင်းလင်း ဆောင်ရွက် သွားမယ်၊နောက်ဆုံး သမ္မတကြီးဆီ တင်ပြသွားပြီးတော့မှ ပြန်လာလို့ ရအောင် စီစဉ် ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်” ဟု NLD-LA ခေါင်းဆောင် ဦးမြင့်သိန်း က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ကချင်စစ်ပွဲ ရပ်ဆိုင်းရေးနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ABSDF အဖွဲ့နှင့် ဦးအောင်မင်းတို့ တွေ့ဆုံပွဲမှာမူ အမြင်ဖလှယ်သည့် အလွတ်သဘော တွေ့ဆုံမှုသာ ဖြစ်ကြောင်းနှင့် တင်ပြတောင်းဆိုမှု မရှိကြောင်း ABSDF ၏ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း က ပြောသည်။

“ကျနော်တို့ ဝန်ကြီးကို နှုတ်ဆက်တယ်။ အမြင်ချင်း ဖလှယ်ကြတဲ့ အဆင့်လောက်ပါပဲ။ ထွေထွေထူးထူး တင်ပြပြီး ဆုံးဖြတ် သဘောတူကြတာတော့ မရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒေါက်တာ စင်သီယာမောင်နှင့် မယ်တော် ဆေးခန်း၌ တွေ့ဆုံခဲ့ရာတွင်လည်း ဆေးခန်းအား တရားဝင် ဆေးခန်းအဖြစ် သတ်မှတ်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ဦးအောင်မင်းက ပြောကြောင်း သိရသည်။

နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားများအား ကျန်းမာရေး ကူညီစောင့်ရှောက်မှု ပေးနေသည့် မယ်တော် ဆေးခန်း အခက်အခဲများ၊ ကျန်းမားရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များနှင့် ပညာရေး လူမှုရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၇ ရက်နေ့၌ မယ်တော် ဆေးခန်းသို့ ဦးအောင်မင်း ထပ်မံသွားရောက်၍ အလှူငွေ ပေးအပ်မည်ဖြစ်သည်။

“မနှစ်က ဆိုရင် မြန်မာပြည်သား တသိန်း နှစ်သောင်းလောက် ကုသ ပေးခဲ့တယ်။ တလကို လူတသောင်းလောက် ရှိပါတယ်။ အဲဒီ လူနာတွေရဲ့ လိုအပ်ချက်တွေ ရှိပါတယ်။ အစိုးရ တဖွဲ့ ဖြစ်လာရင် အားလုံးအတွက် လိုအပ်မယ့် အချက်ကို လုပ်ပေးချင်တဲ့ စေတနာနဲ့ ဒီလို လုပ်တာဖြစ်တယ်” ဟု အကျိုးဆောင် ကိုညိုအုန်းမြင့် က ပြောပါသည်။

KNU နှင့် ဦး အောင်မင်းတို့ တွေ့ဆုံပွဲ၌မူ ဆက်ဆံရေးရုံး ထားရှိရေး၊ အမျိုးသား မှတ်ပုံတင်ကိစ္စ၊ ရွှေတူးလုပ်ငန်းကြောင့် လယ်ယာမြေများ ပျက်စီးရမှု၊ မြေအသိမ်းခံရမှု စသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

“ဒီအကြောင်းအရာတွေက အကြောင်းအရာဟောင်းပါပဲ။ ပိုပြီး ခိုင်လုံအောင် တင်ပြဆွေးနွေးတာပါ။ နောက် တပ်မဟာ (၅) ဘက်မှာ ဒေသခံတွေ သွားလာနေတာ စစ်တပ်က ခြိမ်းခြောက် နေတာတွေလည်း တင်ပြခဲ့ပါတယ်။ အစိုးရဘက် က KNU နဲ့ သဘောတူ ထားပြီးသားဖြစ်တဲ့ နေရာတွေမှာ ဆက်ဆံရေး ရုံးသစ်တွေ တိုးချဲ့ဖွင့်လှစ်ဖို့ တောင်းဆိုထားပေမယ့် လိုအပ်တဲ့ လူဦးရေနဲ့ အထောက်အပံကြောင့် မြန်မြန် တိုးချဲ့ မဖွင့်နိုင်သေးတာ ရှိတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ KNU အရာရှိတဦးက ပြောသည်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီတို့ နောက်ထပ် တွေ့ဆုံရန်ရှိပြီး သြဂုတ်လလောက် ၌ ဖြစ်နိုင်ဖွယ်ရှိကြောင်း အဆိုပါ အရာရှိက ပြောသည်။

ဦးအောင်မင်းနှင့် ဦးခင်ရီတို့ ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ဦးငွေစိုး၊ ဦးတင်မောင်သန်း၊ ဦးကိုကိုမောင်၊ ဦးလှမောင်ရွှေ၊ မစု နှင့် မစန္ဒာမြင့်သိန်းတို့ ပါဝင်ကြပြီး တနင်္လာနေ့ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)တို့နှင့်လည်း ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

တွေ့ဆုံပြီးအဖွဲ့များအား နောက်ထပ် တွေ့ရန် အစီအစဉ် ရှိသော်လည်း ရက်သတ်မှတ် ထားခြင်း မရှိသေးကြောင်း သိရှိရသည်။
မဇ္ဈိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1