၂၀၁၂
ခုနှစ်၊ ဇွန်လ (၁၉) ရက်
ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ
အကြီးအကဲများ ခင်ဗျား-
ယနေ့အခမ်းအနားကို
တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်း
မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ် -
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လည်
စည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က
စတင်ဆောင်ရွက်လျက် ရှိတဲ့ ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ
နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှု ကို အထူးအလေးထား
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊
နိုင်ငံတော်တည်ငြိမ်အေးချမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊
ပြည်သူ့ဘဝလုံခြုံရေးတို့ကို အရှိန်အဟုတ်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက
ရေးဆွဲလျာထားပြီး ပြည်ထောင်စုလွှတ်တော်သို့ မကြာမီတင်သွင်းမဲ့ အမျိုးသား စီမံကိန်း
(မူကြမ်း)
ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလတို (၅) နှစ်စီမံကိန်း
ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်
အမျိုးသားစီမံကိန်း၊ နှစ်စဉ် စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့
တင်သွင်း မှတ်တမ်းတင်၊ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ
ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍအချို့ကို
လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး
တစ်ဖက်ကလည်း နိုင်ငံတော်ဖွံ့ဖြိုးဖို့အတွက် ထပ်မံ လိုအပ်လာမဲ့ ရေရှည်အစီအမံများကို
ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပဉ္စမကာလတို (၅)
နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့
စီးပွားရေး အခြေအနေပေါ် မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့
အနီးစပ်ဆုံးအနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်း ကော်မရှင်အစည်းအဝေးမှာ
တိုင်ပင်ညှိနှိုင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ၅ နှစ်တာ
ကာလအတွင်း-
|
-
|
တစ်မျိုးသားလုံးရဲ့
ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်
စျေးနှုန်းအရ တစ်နှစ်ပျမ်းမျှ (၇.၇%) တိုးတက်ရန်၊
|
|
-
|
နိုင်ငံတော်ရဲ့
ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂
ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ပါဝင်မှုအချိုးအစားကို ၂၆.၀
ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏
ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့ လည်းကောင်း
အသီးသီးပြောင်းလဲ ဖြစ်ပေါ်စေရန်၊
|
|
-
|
လူတစ်ဦးစီ၏
ပျမ်းမျှ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (Per Capita GDP) ကို အခြေခံ
နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။
|
တွက်ချက် ရရှိထားတဲ့
ဂျီဒီပီ တိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမဲ့ ပြည်သူများရဲ့
ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီဟာ အခြေခံနှစ်ထက် (၁.၇) ဆ ရရှိရန်
တွက်ချက်ခန့်မှန်းထားသော်လည်း ကျွန်တော်တို့ အစိုးရ အနေနဲ့ကတော့
ပျမ်းမျှတစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် (၃) ဆ တိုးတက်အောင် ကြိုးစားချင်တာ
ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေး လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင်၊
အမှန်တကယ် ဝင်ငွေတိုးအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့
စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃) ဆတိုးအောင်ဆိုရင် လူ့စွမ်းအား၊
ငွေကြေးအရင်းအနှီး နဲ့ နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
လက်ရှိ ကျွန်တော်တို့ အသုံးပြုနေတဲ့ ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီး
သုံးစွဲနိုင်မှုကို သုံးသပ်ရင်-
|
-
|
နိုင်ငံတော်၏
အရ-အသုံးငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊
|
|
-
|
ပြည်ပအကူအညီ
အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း၊
|
|
-
|
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ
အရှိန်အဟုန်ဖြင့်တိုးတက်ရန် လိုအပ်ခြင်းတို့ကို အဓိက တွေ့ရှိရမှာ
ဖြစ်ပါတယ်။
|
လက်ရှိ
ငွေကြေးအရင်းအနှီး ထည့်ဝင်ရင်းနှီးနိုင်မှု ပမာဏထက် (၂) ဆခန့်
တိုးတက်ရင်နှီးမြှုပ်နှံ ဆောင်ရွက် နိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းနှင့်
ဝင်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ (၃) ဆကို တိုးတက် ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အရ-အသုံး
ငွေစာရင်းကိုကြည့်ရင်
(၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၂,၁၅၉,၅၃၄ ကျပ် သန်းရှိပြီး
(၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၁,၉၅၃,၇၁၂ ကျပ်သန်းခန့် ဖြစ်ပေါ်တာကို
တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ပါက
နိုင်ငံ့စီးပွားရေးကို ထိခိုက်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်နှင့် ပြည်သူတို့အတွက်
အကျိုးရှိ ထိရောက်မဲ့လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊
စီးပွားရေးတွက်ခြေမကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့လုပ်ငန်းများကို
လျှော့ချခြင်း၊ အသုံးစရိတ်များ ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင် ရမှာဖြစ်သလို
အခြားတစ်ဖက်ကလည်း နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင်
အခန်းကဏ္ဍကို ပြောင်းလဲ ဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ကို
ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယ အဆင့် ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) လုပ်ငန်းကို
ထုခွဲ ရောင်းချခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ
နိုင်ငံပိုင် အချိုးအစားများနေသော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊
သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေရေး ကြေးရေးကဏ္ဍများကို
ကဏ္ဍတစ်ခုချင်း လေ့လာသုံးသပ်လျက် ပုဂ္ဂလိကပိုင် အချိုးအစားသို့
ပိုင်ဆိုင်မှုအချို့ ကူးပြောင်းပေးရင်း စွမ်းဆောင်ရည်မြင့်မားအောင်
အားပေးမြှင့်တင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု
ဝန်ကြီးဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းနယ်ပယ်နှင့် အချိုးအစားပါဝင်မှုကို
ပြည်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင်
ဒုတိယသမ္မတဦးဆောင်တဲ့ “ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင်
ဖွဲ့စည်းပေးပြီး ပြောင်းလဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့်
ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ မိမိတို့ တာဝန်ယူရတဲ့ကဏ္ဍနဲ့ ဌာနရဲ့
လုပ်ငန်းများအနက် မည်သည့်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့
မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reform
Strategy ရေးဆွဲနိုင်ရေးအတွက်ကိုလည်း အမျိုးသား စီးပွားရေးနှင့်
လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင် စီးပွားရေးပညာရှင်များနဲ့ ဌာနဆိုင်ရာများ
ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ကြလို့ အတိုင်းအတာတစ်ခုအထိ
ပြုပြင်ပြောင်းလဲဆောင်ရွက်မဲ့ အစီအမံအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
အလားတူ ကဏ္ဍစီမံကိန်း တစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံကိန်း (Development
Plan) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက
ရေးဆွဲဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကလည်း
ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း၊
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေးဆွဲ ဆောင်ရွက်ရန် အဆင့်ဆင့်သော
အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ စတင်ပြောင်းလဲ
ဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက်များ
ရှိနေမှာဖြစ်သော်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များအကူအညီဖြင့်
ပိုမိုသိရှိနားလည် ဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ
ပြည်ထောင်စုပြည်ထောင်စုအစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲဖို့ကြိုးစားပေမဲ့
မြို့အားလုံးတစ်ပြိုင်နက်တည်း ကိုင်တွယ်အကောင်အထည်ဖော်ဖို့ လူအား၊ ငွေအားနဲ့
အမှန်တကယ် လိုအပ်မှုအနေအထား ရှိ/မရှိ သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ်အားလုံးအပေါ်
ခြုံငုံလေ့လာသုံးသပ်ကြည့်ရင် ပြည်သူတွေ လတ်တလော မြို့ကွက်၊ ရွာကွက်
ချဲ့ပေးရန်လိုတဲ့ မြို့နယ်၊ သောက်သုံးရေဖူလုံရေးနှင့် သစ်တောသစ်ပင်
ပြုစုပျိုးထောင်ရေး ဦးစားပေး လုပ်ပေးရမဲ့ မြို့နယ်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက်
နှစ်တိုနှစ်ရှည်စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ
ဦးစားပေးထူထောင်ရမဲ့ မြို့နယ်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေး
ဦးစားပေးလုပ်ရမဲ့ မြို့နယ်တွေ စာရင်းပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်အပေါ်
ဦးစားပေးမြို့နယ်များကို နှစ်အလိုက်ဆောင်ရွက်နိုင်အောင် ဦးစားပေး အစီအစဉ်
(priority) များ ရေးဆွဲထားပြီး ဘတ်ဂျက်၊ နိုင်ငံခြားအကူအညီအထောက်အပံ့၊ ပြည်တွင်း
ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လိုရအောင် ကြိုးစားမလဲ၊ ဘယ်လိုခွဲဝေသုံးစွဲ
မလဲဆိုတာကို နှစ်အလိုက် အဆင့်ဆင့်စီမံကိန်း(Plan) ရေးဆွဲခြင်းဟာ
မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့
ပဉ္စမကာလတို ငါးနှစ်စီမံကိန်းရေးဆွဲ အတည်ပြုပြီးတဲ့နောက် နှစ်သုံးဆယ်
နှစ်ရှည်စီမံကိန်းကို ပြန်လည်သုံးသပ်ရေးဆွဲခြင်းလုပ်ငန်းအပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(National
Development Plan) ကို -
|
-
|
ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့
ဆင်းရဲမှုလျှော့ချရေးစီမံကိန်း
|
|
-
|
လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
|
|
-
|
ရင်းနှီးမြှုပ်နှံမှု
စီမံကိန်း
|
|
-
|
ကုန်သွယ်မှုကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း
|
|
-
|
စက်မှုဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်း
|
|
-
|
ဘဏ္ဍာရေးနှင့်
ငွေရေးကြေးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးစီမံကိန်း
|
|
-
|
ဒေသန္တရ
စီမံကိန်းများ
|
|
-
|
ကဏ္ဍအလိုက်
စီမံကိန်းများဖြင့် (Comprehensive Development Plan) အဖြစ် ဆက်လက်ရေးဆွဲ
အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။
|
ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီးပြည်နယ်အစိုးရများကလည်း (ဂျီဒီပီ)
တိုးတက်ရေးထက် ပြည်သူတစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်းရဲ့ ဝင်ငွေတိုးတက်ရေးနဲ့
လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထု ဗဟိုပြုဖွံဖြိုးတိုးတက်ရေး
(People-Centered Development) လုပ်ငန်းတွေကို ဦးစားပေးပြီး၊ အစီအမံရှိရှိနဲ့
မြေပြင်မှာ အမှန်တကယ်တိုးတက်အောင် ကျိုးပမ်းဆောင်ရွက်သွားကြဖို့
တိုက်တွန်းပြောကြား လိုပါတယ်။
ဒုတိယပိုင်းအနေနဲ့
ဆက်လက် ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီအထောက်အပံ့များကို ထိရောက်စွာရယူအသုံးပြုခြင်းဖြင့်
အမျိုးသားဖွံဖြိုးတိုးတက်ရေးရည်မှန်းချက်များ (National Development Goals) နဲ့
ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals)
အောင်မြင်အောင် ဆောင်ရွက်ရေးဖြစ်ပါတယ်။
ဖွံဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင် အဲဒီနိုင်ငံတွေရဲ့ ဖွံဖြိုးတိုးတက်မှု
ရည်မှန်းချက်များ (Development Goals) နဲ့ ဆင်းရဲမှုလျှော့ချရေး စတဲ့ ထောင်စုနှစ်ရည်မှန်းချက်များ
(Millennium Development Goals) ကို အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ရာမှာ
နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့အတွက် နိုင်ငံတကာအကူအညီ အထောက်အပံ့
(Grant/Aid)၊ ချေးငွေ(Loan) နဲ့ နည်းပညာအကူအညီများ ရယူ ဆောင်ရွက်ကြရပါတယ်။
ဒီလိုရယူဆောင်ရွက်တဲ့အခါမှာ ကူညီထောက်ပံ့ကြတဲ့နိုင်ငံများ၊ အလှူရှင်များအနေနဲ့
၎င်းတို့ ကူညီထောက်ပံ့လိုတဲ့ကဏ္ဍနဲ့ နယ်မြေ/ ဧရိယာ ဦးစားပေးမှု
အစီအစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့ နိုင်ငံကလဲ
မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို မိမိတို့ရဲ့ ဖွံ့ဖြိုးမှုစီမံကိန်း
(Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ(Reform Strategy)
လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိ ထိရောက်အောင်
ရည်ရွယ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက်
နည်းလို့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်တဲ့ နယ်မြေဒေသများ၊
အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီ အထောက်အပံ့ (Grant/aid) ကို
ဦးစားပေးသုံးစွဲပြီး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူက စီးပွားရေး တွက်ခြေကိုက်ပြီး
ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု
(Investment) နဲ့ဆောင်ရွက်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ချေးငွေ (Loan)
ကိုတော့ အတိုးနှုန်း၊ ပြန်ဆက်ရမဲ့ ကာလနဲ့ ဆောင်ရွက်မဲ့လုပ်ငန်းစီမံကိန်း (Project)
ကို စီးပွားရေးတွက်ခြေကိုက်မှု၊ အကျိုးအမြတ်ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှု
စတဲ့အခြေအနေတွေနဲ့ စဉ်းစားရွေးချယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ
ချက်ချင်း အကျိုးအမြတ် မပေါ်နိုင်သော်လည်း နိုင်ငံနဲ့လူမျိုးအတွက်
ရေရှည်အကျိုးရှိမဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊
ဆိပ်ကမ်း စတဲ့အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာတော့ လိုအပ်ချက်အရ
သုံးကြရန် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အတွေ့အကြုံတွေအပေါ် မူတည်ပြီး
ထိရောက်သော နိုင်ငံခြားအကူအညီ အထောက်အပံများ စီမံခန့်ခွဲမှု (Effective Aid Management) ရရှိရန်အတွက်
နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ
စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နဲ့ အမျိုးသားစီးပွားရေးနှင့်
လူမှုရေးအကြံပေးကောင်စီ တို့ကို ဖွဲ့စည်းခဲ့ပြီး
နိုင်ငံခြား အကူအညီ အထောက်အပံဆိုင်ရာ ကိစ္စရပ်များကို စီမံချက်များ စနစ်တကျ
ရေးဆွဲပြီး စီမံခန့်ခွဲ အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့်
ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရဝန်ကြီးချုပ်များ
အနေနဲ့ မိမိတို့ရဲ့ ကဏ္ဍစီမံကိန်း၊ ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး
မဟာဗျုဟာလုပ်ငန်းစဉ်များနဲ့ အညီ နိုင်ငံခြားအကူအညီ ( Grant/Aid ) အသုံးပြုရန်လိုအပ်သည့်
ဦးစားပေးကဏ္ဍများနှင့် ဦးစားပေး နယ်မြေများကိုလည်းကောင်း၊ ချေးငွေ
(Loan) ရယူ
ဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက် ပြည်ထောင်စုဝန်ကြီးဌာနများက တိုင်းဒေသကြီး/
ပြည်နယ် များနှင့် ညှိနှိုင်းပြီး မိမိတို့တာဝန်ယူ၍ တိုးတက်အောင်
ဆောင်ရွက်နိုင်မည့်၊ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိရောက်မည့်
လုပ်ငန်းများကို ဦးစားပေးရွေးချယ် ဆောင်ရွက်သွားရမှာ
ဖြစ်ပါတယ်။ ရှေးကကဲ့သို့ Top-Down
ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာမဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်အညီ
တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးကဏ္ဍနှင့် နယ်မြေများကို
အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်ဖြင့်
တင်ပြဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများ ( ဥပမာ-ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု ) ကလည်း မိမိတို့၏
ကဏ္ဍအလိုက် ချေးငွေမည်မျှ ရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှု မည်မျှရအောင်
ဆောင်ရွက်နိုင်မည်ကို တွက်ချက်ပြီး တာဝန်ယူ၍ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့တာဝန်ယူတဲ့ ကဏ္ဍတိုးတက်အောင်
စီးပွားရေးတွက်ခြေကိုက်မယ်ဆိုရင် Calculated Risk
ဖြင့် နိုင်ငံခြားချေးငွေရယူပြီး ရဲရဲတင်းတင်း တာဝန်ယူ ဆောင်ရွက်သွားမှသာ
တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း သဘာဝပတ်ဝန်းကျင်နဲ့
လူမှုစီးပွားရေး မထိခိုက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ပြုလုပ်ဖို့
လိုအပ်ပါတယ်။
ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးရာမှာ အလုပ်ရရုံသက်သက် မဟုတ်ဘဲ ထိုက်သင့်သော အခြေခံလုပ်ခလစာများ
ပြည့်ပြည့်ဝဝ ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်
ပြည်ထောင်စုအစိုးရအနေနဲ့ အခြားနိုင်ငံများနည်းတူ အနည်းဆုံး အခကြေးငွေ ဥပဒေတစ်ရပ်
ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။
ဘတ်ဂျတ်နဲ့
နိုင်ငံခြားအကူအညီ အထောက်အပံကိစ္စ ပြောကြားပြီးတဲ့နောက် တတိယပိုင်းမှာ
နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကျတဲ့ ပြည်တွင်းပြည်ပ
ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။
ရင်းနှီးမြှုပ်နှံသူများ အတွက် ဥပဒေ၊ စည်းမျဉ်း ၊
လုပ်ထုံးလုပ်နည်းများ ဟာ အရေးကြီးပြီး လုပ်သာကိုင်သာရှိဖို့ လိုသလို ဥပဒေအရ
အကာအကွယ်ပေးမှုရှိမှသာ လာရောက် ရင်းနှီးမြှုပ်နှံကြမှာ
ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ
နှင့်အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီး မြန်မာ့ အထူးစီးပွားရေးဇုန် ဥပဒေ ( မူကြမ်း) ကို
ရေးဆွဲပြီး ဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေး အဖွဲ့အစည်းများရဲ့
သဘောထားအကြံပြုချက်များ ရယူပြီးပါက လွှတ်တော်သို့ တင်သွင်းမှာ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တို့ဟာ အဓိက
မောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများနဲ့
လူမှုစီးပွားရေးတိုးတက်မှုအတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို
တစ်ဖက်က တိုးတက်အောင် ကြိုးပမ်းရမှာ ဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့်လူမျိုး
အကျိုးစီးပွား မထိခိုက်ရေး၊ နိုင်ငံဂုဏ်သိက္ခာ မထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ
မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးတို့ကိုလည်း
ရပ်တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္တုသယံဇာတ
စသည့် သဘာဝသယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျသုံးစွဲနိုင်မဲ့
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေးကို စနစ်တကျ
စီမံတွက်ချက် အသုံးပြု ဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့်
ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနှင့်မတူဘဲ
အခက်အခဲတွေ့နေရတဲ့ ကိစ္စရပ်တစ်ခုကတော့ မြေအသုံးချမှု (Land use) မြေကစားမှု
(Land Speculation) စတဲ့ မြေယာ ပြဿနာများပဲ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံအချို့ကို ကြည့်ရင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြ-ကျေးရွာ
ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှုအဆင့်အတန်းနဲ့ လူမှု စီးပွားရေးဘဝ
မြင့်မားတိုးတက်မှု အခြေအနေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့
ရင်ပေါင်တန်းနိုင်ဖို့အတွက် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Regional
Development Plan)၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(City Development Plan)၊
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Township Development Plan)၊
ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Village Development Plan) တို့ကို
မြို့နယ်အဆင့်ကစပြီး ကော်မတီများ ဖွဲ့စည်းရေးဆွဲ ဆောင်ရွက်စေခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်တစ်နယ်ရဲ့ အကျယ်အဝန်း၊ လူဦးရေ အချိုးအစားနဲ့ ပြည်သူတို့၏
နေမှုထိုင်မှုလိုအပ်ချက်၊ ပြည်သူတို့၏ စားသောက်မှု
လိုအပ်ချက်နှင့်အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်တို့ အတွက် လယ်ယာမြေများ၊
နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းများ ၊ သစ်တော
သဘာဝပတ်ဝန်းကျင် နဲ့ ပြည်သူတို့၏ သောက်သုံးရေ လိုအပ်ချက် ၊
လမ်းပန်းဆက်သွယ်ရေး အခြေအနေနှင့် ပြည်သူတို့၏ သွားလာရေး လိုအပ်ချက်၊
လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့
လိုအပ်ချက်ကိစ္စအဝဝကို ဖြည့်ဆည်းနိုင်ရန်အတွက်
မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု
စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ (Land Use Policy) နှင့်
မြေအသုံးချမှု စီမံခန့်ခွဲရေး(Land Use Management) တို့ကို စနစ်တကျ စီမံ
ဆောင်ရွက်ရန် လိုအပ်လာပါတယ်။
သစ်တောမြေနှင့်
မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်
လုပ်ကိုင်ရာမှ ၎င်းတို့ လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ ဖြစ်ပြီး အစိုးရ၏
စီမံခန့်ခွဲမှုမှာ အခက်အခဲရှိလာတဲ့ အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာ
များစွာကို ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမပေးနိုင်တဲ့အခြေအနေများ၊
မြေယာပြဿနာများကို နေရာအနှံအပြားမှာတွေ့ရှိရပါတယ်။
နှစ်တိုနှစ်ရှည်
စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏
ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမဝင်
ကျူးကျော်နေထိုင်လုပ်ကိုင်စားသောက်ခြင်းအစား မြို့ကွက် ရွာကွက်များ စနစ်တကျ
ထူထောင်နေရာ ချထားပေးခြင်း ၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများချထားစီမံ ပေးခြင်း
တို့ကို စုစည်းပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင်များ၊
ရင်းနှီးမြှုပ်နှံမှု စီးပွားရေးစိုက်ခင်း ကြီးများ ပြောင်းလဲထူထောင်ပေးနိုင်ရန်
ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်းစေလျက်
ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး
တိုးတက်မှု၊ လူနေမှု အဆင့်အတန်းမြင့်မားမှုတို့အတွက် မြေယာစနစ်တကျ
စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ် ပြုပြင် ပြောင်းလဲရေး (Land Reform) ကို
ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။
ဒါကြောင့်
နိုင်ငံတော်အနေနဲ့ မြေယာအသုံးချမှု မူဝါဒများ ရေးဆွဲပြီး ဥပဒေ၊
လုပ်ထုံးလုပ်နည်းများနဲ့အညီ မြေယာခွဲဝေအသုံးချမှု စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက်
မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု
စီမံကိန်းများအတွက် မြေယာခွဲဝေအသုံးချမှု စိစစ်ဆောင်ရွက်ရေး ကော်မတီ ကို
ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး/ပြည်နယ်
အစိုးရများအနေနဲ့ မိမိတို့ရဲ့ မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့်
စပ်လျဉ်း၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့်
စပ်လျဉ်း၍လည်းကောင်း၊ သတ္တု၊ ကျောက်မျက် ၊ စွမ်းအင် ၊ တွင်းထွက် ပစ္စည်းများ
ရှာဖွေထုတ်လုပ်မှု၊ စိုက်ခင်းကြီးများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့်
စီမံကိန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အဆိုပါ ကော်မတီသို့ မြေယာ ခွဲဝေ
အသုံးချရေး စိစစ်အတည်ပြုပေးနိုင်ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရမှာ
ဖြစ်ပါတယ်။ ယင်းကော်မတီမှ စိစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ၊
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၊
မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဌာနများသို့
ဖြန့်ဝေညှိနှိုင်း ဆက်စပ်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
မြေယာနဲ့ စပ်လျဉ်းတဲ့
ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ မြေဧရိယာ ခွဲဝေ
အသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံဖုံ ကွဲပြားပြီး လက်တွေ့မြေပြင်၌
စီမံခန့်ခွဲနိုင်ခြင်း မရှိသည့် အခြေအနေမှ
နိုင်ငံတကာနှင့်အညီ ၊ ခေတ်နှင့်အညီ လက်တွေ့ စီမံခန့်ခွဲနိုင်သည့် ဥပဒေ
လုပ်ထုံးလုပ်နည်းများ၊ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ညှိနှိုင်းရေးဆွဲ
အတည်ပြု ပြဋ္ဌာန်းဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှုကို
ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြို့ကွက်၊ ရွာကွက်၊
အိမ်ကွက်၊ စိုက်ကွက်နှင့် အခြားစီးပွားရေးလုပ်ကွက်များကိုလည်း တိကျမှန်ကန်စွာ
စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အရောင်းအ၀ယ် ပြုလုပ်မှုများကို
အခွန်အကောက် လုပ်ထုံးလုပ်နည်း များနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်း
များ တိကျမှန်ကန်အောင် ဆောင်ရွက်ပေးခြင်းများကိုလည်း အခြေခံ ခိုင်မာအောင်
ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ
တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/
ဒေသများအနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ
ညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးစုများနဲ့ ရွေ့ပြောင်း အလုပ်သမားများအတွက်
နယ်စပ်ဒေသ တွေမှာ နေရေးထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် အလုပ်အကိုင်
အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေရသူများ၊
မိမိဒေသများသို့ ပြန်လည်အခြေချ
နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်-
|
-
|
မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့်အညီ
စနစ်တကျ နေရာချထားပေးခြင်း၊
|
|
-
|
ပညာရေး၊
ကျန်းမာရေး၊ လူမှုစီးပွားရေး၊ အခြေအနေများ ပြည့်စုံအောင်ဖြည့်ဆည်းပေးခြင်း၊
|
|
-
|
စိုက်ပျိုးရေးလုပ်ငန်း၊
မွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်
အဆင့်မှ စီးပွားဖြစ် အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ် စိုက်ခင်းကြီးများ၊
စီးပွားဖြစ် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းကြီးများ၊ စက်ရုံစုကြီးများ၊ စနစ်တကျ
ထူထောင်ပေးခြင်း၊
|
|
-
|
ယင်းကုန်ထုတ်လုပ်ငန်းများမှ
ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက်ကား ကုန်စည်ဒိုင်ကြီးများ၊
ကုန်သွယ်ရေးဇုန်များအဖြစ် ဈေးကွက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးခြင်း၊
|
|
-
|
နယ်စပ်ကုန်သွယ်ရေးစခန်းများ
တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြင့် ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု
လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
|
သို့မှသာ မိသားစုနဲ့ခွဲခွာပြီး
အခက်အခဲကြားက ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ ပြည်သူများ အနေနဲ့
မိမိတို့ဒေသဖွံ့ဖြိုးလာတာနဲ့အမျှ ပြန်လည်လာရောက်လုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။
အလားတူ နိုင်ငံတကာမှာ
ရောက်ရှိနေပြီး အောင်မြင်နေကြတဲ့ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းကဏ္ဍ အလိုက်
စီမံကိန်းဆိုင်ရာကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့အတူ လာရောက်လက်တွဲ
ပူးပေါင်းဆောင်ရွက်ကြပါလို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်။
စတုတ္ထပိုင်းအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
လက်တလောလိုအပ်ချက်၊ ရေတိုလိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်များအတွက်
စီမံကိန်းရေးဆွဲဆောင်ရွက်မဲ့ ကိစ္စများနဲ့စပ်လျဉ်းပြီး ပြောကြားလိုပါတယ်။ ယခင်
အစိုးရအနေနဲ့ လျှပ်စစ်ကဏ္ဍဖွံဖြိုး တိုးတက်ရန် လိုအပ်ချက်ကို
အာရုံစိုက်ပြီးဆောင်ရွက်နိုင်ရန် အမှတ်(၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့
အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဆိုပြီး ဖွဲ့စည်းတာဝန်ယူ ဆောင်ရွက်စေခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှ ၂၀၁၀-၂၀၁၁ ခုနှစ်အထိ သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်းအပါအဝင်
နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ စုစုပေါင်းကျပ်သန်း (၂,၈၀၂,၈၉၇) နှင့် နိုင်ငံခြားချေးငွေဖြင့်
ဆောင်ရွက်သော ရေအားလျှပ်စစ်လုပ်ငန်းလေးခုအတွက် အမေရိကန်ဒေါ်လာ (၆.၇) ဘီလီယံကျော်
သုံးစွဲခဲ့ပြီး လျှပ်စစ်ဓါတ်အား တိုးတက်ထုတ်လုပ်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၈
ခုနှစ်တွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း (၂,၂၂၆)
ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စုစုပေါင်းကီလိုဝပ်
နာရီသန်းပေါင်း (၉,၇၁၁) အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သို့ရာတွင်
တိုးတက်လာသောလူဦးရေနှင့် လျှပ်စစ်ဓါတ်အား တိုးတက်သုံးစွဲလာမှု ကြောင့်
လျှပ်စစ်ဓါတ်အားမှာ လိုအပ်နေဆဲဖြစ်ပါတယ်။ မကြာမီကလဲ လျှပ်စစ်ဓါတ်အား
လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီးလိုအင်ဆန္ဒကို
ဖော်ထုတ်ပြသခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါကြောင့်
နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းပြည်ပနဲ့ဆက်သွယ်ပြီး လျှပ်စစ်ဓါတ်အား
ဖြည့်ဆည်းပေးမဲ့ လက်တလောအစီအစဉ်များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။
သို့ရာတွင် ရေတိုရေရှည်အတွက် ပြည်သူတို့ရဲ့ လိုအပ်ချက်နဲ့
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍကို ချိတ်ဆက်စနစ်တကျ
စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။ ဒါကြောင့် ဒီနေ့စီမံကိန်းကော်မရှင်မှာ
နိုင်ငံတော်ရဲ့ စွမ်းအင်ကိစ္စ အရပ်ရပ်အတွက် အမျိုးသားစွမ်းအင်
စီမံခန့်ခွဲမှုကော်မတီ (National Energy Management Committee)
ကိုဖွဲ့စည်းပြီး ရေတို၊ ရေရှည်အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း(National
Electricity Plan) ကို အမျိုးသားစွမ်းအင်မူဝါဒ (National Energy Policy)
နှင့်အညီ ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားလျှပ်စစ်စီမံကိန်း ရေးဆွဲ
ပြီးရင် ဆက်စပ်ဆောင်ရွက်သွားရမဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး စတဲ့
စွမ်းအင်ဆိုင်ရာစီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖေါ်သွားရမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့
မိမိနိုင်ငံရဲ့ သဘာဝသယံဇာတအရင်းအမြစ်ကို ကုန်ကြမ်းအတိုင်း ထုတ်လုပ် ရောင်းချမှု
မှ နိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်သာမက ဓါတ်မြေသြဇာလိုအပ်ချက်၊
ရေနံဓါတု ထုတ်ကုန်ပစ္စည်းလိုအပ်ချက်များအား ရေရှည်မှာ ပြည်သူလူထု ဗဟိုပြု
ဖွံ့ဖြိုးမှု (People-Centered Development) နှင့်အညီ ပြည်သူ့ကုန်စည် (Public
Goods) များကို ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ဦးစားပေးအဖြစ် ပြုပြင်
ပြောင်းလဲဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုကော်မတီအနေနဲ့ ရေတို၊ ရေရှည်အစီအမံများ
ရေးဆွဲဆောင်ရွက်ရာမှာ ပြည်ထောင်စုအစိုးရက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊
ဒေသအစိုးရများက ထုတ်လုပ်ဖြန့်ဖြူးမဲ့အပိုင်း၊ ပြည်တွင်းပြည်ပ
ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများဖြင့် ထုတ်လုပ် ဖြန့်ဖြူးမဲ့အပိုင်းများကို
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ရှေးယခင်အစိုးရက ရေအားလျှပ်စစ်တစ်ခုတည်းအပေါ် လျှပ်စစ်ထုတ်လုပ်မှု စရိတ်နှင့်
ဖြန့်ဖြူးမှုစရိတ်ကို အဓိကအခြေခံ၍ တွက်ချက်ခဲ့ရာမှ ယခုအခါ ပြည်သူတို့၏
လျှပ်စစ်ဓါတ်အား လိုအပ်ချက်အရ နေရာဒေသ၊ ရေမြေ၊ သဘာဝသယံဇာတအရင်းအမြစ် အခြေအနေအလိုက်
ပြည်သူတို့၏ လက်ခံ ဝယ်ယူသုံးစွဲနိုင်မည့် အခြေအနေပေါ် မူတည်ပြီး ရေအားလျှပ်စစ်သာမက
သဘာဝဓါတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေး၊ နေအား၊ လေအားနှင့် အခြားဇီဝနှင့်
စွန့်ပစ်ပစ္စည်းလောင်စာတို့မှ ထုတ်လုပ်နိုင်သမျှ ထုတ်လုပ်ပြီး ဖြန့်ဝေပေးရေး
ကြိုးပမ်းရန် လိုအပ်လာပြီဖြစ်ပါတယ်။
စက်မှုနိုင်ငံဖြစ်ရေးနဲ့
စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရည်မှန်းဆောင်ရွက်ရာမှာ အဓိက အလိုအပ်ဆုံး
ဖြစ်တဲ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ
အပြန်အလှန် ဆက်စပ်မှီခို နေတာကြောင့် (Energy Plan) နဲ့ (Industrial Development
Plan) တွေကို စနစ်တကျ ရေးဆွဲချမှတ်နိုင်မှ သာလျှင် နိုင်ငံနှင့် ပြည်သူလူထုရဲ့
လိုအပ်ချက်ဖြစ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို
တိုးတက်စီမံ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာအသုံးပြုတဲ့
သဘာဝအရင်းအမြစ် လောင်စာတန်ဖိုးနှင့် ထုတ်လုပ်မှုစရိတ်၊ ခရီးအကွာအဝေး အလိုက်
ဖြန့်ဖြူးမှုစရိတ်စက အပေါ်မူတည်၍ နိုင်ငံတကာစျေးနှုန်းများနှင့်အညီ
ရင်းနှီးမြှုပ်နှံသူနှင့် လျှပ်စစ်ဝယ်ယူ သုံးစွဲသူ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်
စျေးနှုန်းများညှိနှိုင်းပြီး စျေးနှုန်းမူဝါဒ (Pricing Policy)
ချမှတ်ဆောင်ရွက် သွားရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရအပိုင်းမှ နှစ်စဉ်
တိုးချဲ့ထုတ်လုပ်ဖြန့်ဖြူးရေးကြိုးပမ်းမည့် အစီအစဉ်များနှင့် ပုဂ္ဂလိကနှင့်
ဖက်စပ်ပူးပေါင်းထုတ်လုပ်ခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု
ပုံစံအမျိုးမျိုးကို အခြားနိုင်ငံများနည်းတူ ရေရှည်ဖြစ်နိုင်မည့်
အစီအမံများကို ပြောင်းလဲကျင့်သုံး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်
အခန်းကဏ္ဍ အချိုးအစားနှင့် ပုဂ္ဂလိကပိုင် အချိုးအစား ပြောင်းလဲလုပ်ဆောင်မဲ့
အစီအစဉ်များကို အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှု ကော်မတီနှင့် ပုဂ္ဂလိကပိုင်
ပြုလုပ်ရေးကော်မရှင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့
ပူးပေါင်းပြီးသက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/
ပြည်နယ်အစိုးရများက ညှိနှိုင်းဆောင်ရွက် သွားကြရန် ပြောကြား လိုပါတယ်။
နိဂုံးချုပ်အားဖြင့်-
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံတော်ရဲ့
ပကတိလက်ရှိ အခြေအနေအပေါ် မူတည်စဉ်းစားပြီး စီးပွားရေးမူဝါဒ (၄)ရပ် ချမှတ်၍
အမျိုးသားစီမံကိန်းကို ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပထမစီးပွားရေးမူဝါဒကတော့ ပြည်သူအများစု ပါဝင်လုပ်ကိုင်နေတဲ့ လယ်ယာစိုက်ပျိုးရေး
လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း အခြားနိုင်ငံများနဲ့
ရင်ပေါင်တန်းပြီး တိုးတက်ဖွံ့ဖြိုးအောင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို
ဦးတည်ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ
တိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှု လျှော့ချရေး
စီမံကိန်းလုပ်ငန်းစဉ်များနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
ပိုမိုတိုးတက်လာရေးဟာ အဓိကကျပါတယ်။ အစိုးရအနေနဲ့လည်း
ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အာရုံစိုက် ပြီး
လုပ်နိုင်အောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းပေးပြီး
ဖြစ်တဲ့အတွက် အာရုံစိုက် မြှင့်တင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ စက်မှုကဏ္ဍမှာ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ
ရရှိလာစေမဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးထူထောင်
လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
တောင်သူလယ်သမားများရဲ့ စိုက်စရိတ်ချေးငွေများ ယခုထက်ပိုမိုအဆင်ပြေအောင်
အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကပါ ပူးပေါင်းပြီး ငွေစုငွေချေးဘဏ်များ
ဖွင့်လှစ်ဆောင်ရွက်ရေးနဲ့ အသေးစားငွေချေးလုပ်ငန်း (Micro Finance ) များကို
ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးက တိုးတက်ဆောင်ရွက်သွားရေး၊ သီးနှံများ
ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု၊ ကုန်သွယ်မှုလုပ်ငန်းအဆင့်ဆင့်ကို
ပြန်လည်သုံးသပ်ပြီး တောင်သူလယ်သမားများ တွက်ခြေကိုက်၍ ဝင်ငွေတိုးတက်ရရှိရေး၊ Transactional
Cost များ လျှော့ချရေး၊ စိုက်ပျိုး နည်းပညာနှင့် စက်မှုလယ်ယာစနစ်
ပြောင်းလဲရေးတွေကို ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေနဲ့ အထူးအလေးထား ကြိုးပမ်း
သွားကြဖို့ ပြောကြားလိုပါတယ်။ ဆန်စပါးစျေး ကျဆင်းမှုအပေါ် အစိုးရက ပုဂ္ဂလိကနဲ့
ပူးပေါင်း၍ ဝယ်ယူပေးသည့် လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ဒီအခြေအနေတွေအပေါ်မှာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများအနေနဲ့ မြို့နယ်အလိုက်
ကွင်းဆင်းလေ့လာသုံးသပ်မှုများ၊ တောင်သူလယ်သမားများရဲ့ စိုက်ပျိုးရေး၊
မွေးမြူရေးလုပ်ငန်း တိုးတက်ရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး
ပြုပြင်ပြောင်းလဲ ဆောင်ရွက် ပေးသင့်တဲ့ နည်းလမ်းများရှာဖွေဆောင်ရွက်သွားကြဖို့
လိုအပ်ပါတယ်။
စီးပွားရေးမူဝါဒရဲ့
ဒုတိယအချက်ဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအချိုးကျ မျှတစွာ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ္ဍာငွေအရ/အသုံးနှင့် အခွန်အကောက်ဆိုင်ရာ
ကိစ္စရပ်များ၊ နိုင်ငံခြားအကူအညီအထောက်အပံ့များ၊ ဆင်းရဲမှုညွှန်းကိန်း
လိုအပ်ချက်များ အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား မျှတစွာ ခွဲဝေရရှိရေး၊
ဒေသဖွံ့ဖြိုး တိုးတက်မှုများအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ
တိုးချဲ့ဖိတ်ခေါ် ဆောင်ရွက်ရေး ကိစ္စရပ်များကို
ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်
ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနဲ့အညီ လေ့လာသုံးသပ်စီမံသွားကြဖို့
ပြောကြားလိုပါတယ်။ ဘဏ္ဍာငွေအရ-အသုံးနှင့် နိုင်ငံခြားအကူအညီအထောက်အပံ့များကို
ထိရောက်အကျိုးရှိစွာ အသုံးပြုရေးအတွက် မြို့နယ်အဆင့်အထိ
စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်ကြရန် လိုအပ် ပါတယ်။
စီးပွားရေးမူဝါဒ တတိယအချက်ဖြစ်တဲ့ပြည်သူတို့ရဲ့
လူမှုစီးပွားရေး ဘက်စုံတိုးတက်မှု အတွက် တိုင်းဒေသကြီး/ပြည်နယ်များအလိုက်
စီးပွားရေးညွှန်းကိန်း များကို အချိန်ကာလအလိုက် ထိထိရောက်ရောက် တိုးတက်လာအောင်
ဆောင်ရွက်သွားကြဖို့ ဖြစ်ပါတယ်။ မြို့နယ်အလိုက် (ဂျီဒီပီ) တိုးတက်ရုံသာမက လူတစ်ဦးကျ
ဝင်ငွေတိုးတက်ရေး၊ အိမ်ထောင်စုအလိုက် ပညာရေး၊ ကျန်းမာရေးနှင့်လူနေမှုအဆင့်အတန်း
(စား-ဝတ်-နေ-ရေး) တိုးတက်မှု ရှိရေးစတဲ့ ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးကို
ထိထိရောက်ရောက် တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ဖို့ မှာကြားလိုပါတယ်။
စီးပွားရေးမူဝါဒ စတုတ္ထအချက်ဖြစ်တဲ့
ကိန်းဂဏန်းစာရင်းအင်းများ အရည်အသွေးပြည့်ဝရေးနဲ့ တိကျမှန်ကန်ရေးအတွက်ကိုလည်း
မြေပြင်ကွင်းဆင်းပြီး တိတိကျကျကောက်ယူခြင်း Check, Recheck, Counter Check ဖြင့်
ကွက်ကောက်ပြန်လည် စစ်ဆေးခြင်း၊ ဖြစ်နိုင်စွမ်းလေ့လာခြင်း (Feasibility Study)
တို့ဖြင့် ခိုင်မာမှန်ကန်သည့် ကိန်းဂဏန်းစာရင်းအင်း၊ သတင်းအချက်အလက်များ ရရှိမှသာ
မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (Decision Making, Policy Making)
ကိုမှန်ကန်စွာပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတော်
အစိုးရအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်များနဲ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူလူထု
ဗဟိုပြုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုရဲ့ ဆန္ဒသဘောထား (Public Opinion)
တွေကို ဆွေးနွေးရယူခြင်းနည်းလမ်းနဲ့ အပြန်အလှန် ယုံကြည် လေးစားမှုဖြင့်
ပြည်သူလူထုတစ်ရပ်လုံးညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခြင်းဖြင့်
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများဟာ အရှိန်အဟုန်နဲ့
လျင်မြန်စွာပြောင်းလဲ တိုးတက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီကျင့်စဉ်မျိုးကို တစ်ဆင့်ပြီးတစ်ဆင့် အေးချမ်းတည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနေတဲ့
အချိန်မှာ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်
လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့အခါ မဖြစ်သင့်မဖြစ်ထိုက်တဲ့
ပြည်သူအများစုရဲ့ အသက်အိုးအိမ် လုံခြုံမှုထိခိုက်တဲ့ဖြစ်စဉ်အထိ
ရုတ်ခြည်းပြောင်းလဲသွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော၊
တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်သော၊
ကမ္ဘာ့အလယ်မှာသားစဉ်မြေးဆက် ရပ်တည်နိုင်အောင် စွမ်းဆောင်ရည် ရှိသော
လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့
ပူးပေါင်းပြီးညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲကာကွယ်
စောင့်ရှောက်သွားရမှာဖြစ်ပါတယ်။
တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆွေးနွေးပွဲများကျင်းပရေးနဲ့ စပ်လျဉ်းပြီး
အထူးပြုပြောကြားလိုတာ တစ်ခုရှိပါတယ်။ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဟာ
ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးရော နယ်မြေအလိုက် ဖွံ့ဖြိုးရေး အတွက်ပါ
များစွာအရေးပါပါတယ်။ ဒီနေ့ စီးပွားရေးပညာရှင်များရဲ့ အကြံဉာဏ်တွေ၊
စီးပွားရေးလုပ်ငန်းရှင်များက ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု
လုပ်ချင်တာတွေနဲ့ အခက်အခဲတွေ၊ ပြည်သူလူထုတင်ပြလိုတဲ့ အခက်အခဲများကို
ဆွေးနွေးပွဲတွေမှာနီးနီးကပ်ကပ် ရင်းနှီးပွင့်လင်းစွာ နည်းလမ်းရှာဖွေ
ဆွေးနွေးအဖြေရှာပေးနိုင်မယ် ဆိုရင်-
|
-
|
ဒေသဖွံ့ဖြိုးမှုနဲ့
လမ်းတံတားလိုအပ်ချက်တွေ၊ စီးပွားရေးနဲ့ လူမှုရေးလိုအပ်ချက်တွေကို ပြည်ထောင်စု
လွှတ်တော်အထိ အချိန်ယူတင်ပြမှုမျိုးအစား ဒေသအစိုးရနဲ့ ဒေသန္တရလွှတ်တော်
အတွင်းမှာ ဦးစားပေး ကဏ္ဍနဲ့ ဦးစားပေးနယ်မြေတွေကို ညှိနှိုင်းလျာထားပေးနိုင်မှာ
ဖြစ်တဲ့အတွက် များစွာအကျိုးကျေးဇူး ရှိခြင်း၊
|
|
-
|
|
|
-
|
အစိုးရဌာနများနဲ့
ပြည်သူများအကြား ပွင့်လင်းထင်သာမြင်သာ ရှိလာတာနဲ့အမျှ ကောင်းမွန်သော
အုပ်ချုပ်မှုနဲ့ သန့်ရှင်းသောအစိုးရ (Good Governance, Clean Government)
ဖြစ်စေနိုင်ခြင်း၊
|
|
-
|
စီးပွားရေးလုပ်ငန်းရှင်များ
ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပိုမိုတိုးတက် ပူးပေါင်း
ပါဝင်လာနိုင်ခြင်း၊
|
|
-
|
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများကို နည်းပညာ ပိုမိုဖြည့်ဆည်း
ပေးနိုင်ခြင်း၊
|
|
-
|
|
|
-
|
ပြည်သူလူထု၏
အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင်
ဖြေရှင်းနိုင်သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းဖြင့် ယနေ့ လမ်းမပေါ်ထွက်၍
ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ
ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပါတယ်။
|
ဒါ့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့
ပြည်သူတစ်ဦးချင်းရဲ့ စားဝတ်နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရမဲ့ တာဝန်ဟာ
အစိုးရတစ်ဖွဲ့လုံးအပေါ်မှာ တာဝန်ရှိတယ်ဆိုတာကို အလေးအနက်ခံယူပြီး
မည်သည့်လုပ်ငန်းကဏ္ဍကို ဆောင်ရွက်သည်ဖြစ်စေ အောက်ခြေအထိဆင်းပြီး အောင်မြင်သည်အထိ
ဆောင်ရွက် သွားကြပါလို့ မှာကြားရင်းနိဂုံးချုပ်ပါတယ်။
President Office
No comments:
Post a Comment