Wednesday, July 25, 2012

ဘုရင့်နောင်ခုံးကျော် တံတား ဆောက်လုပ်မည်ဖြစ်၍ ဘုရင့်နောင် လမ်းမကြီးကို ရှစ်လမ်းသွားနှင့် သမိုင်း ဘူတာရုံလမ်းကို ခြောက်လမ်းသွားအဖြစ် တိုးချဲ့မည်

Ever November | 7/25/2012 02:14:00 PM | Best Blogger Tips
ဘုရင့်နောင် လမ်းဆုံအနီး ဆောင်ရွက်နေသည့် လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်

ဘုရင့်နောင်လမ်းဆုံတွင် ခုံးကျော်တံတား ဆောက်လုပ်မည်ဖြစ်သောကြောင့် ဘုရင့်နောင်လမ်းမကြီးအား လက်ရှိ ခြောက်လမ်းသွားလမ်းမှ ရှစ်လမ်းသွားလမ်းအဖြစ် လည်းကောင်း၊ သမိုင်းဘူတာရုံ လမ်းကိုလည်း ခြောက်လမ်းသွားလမ်းအဖြစ် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
“ဘုရင့်နောင်မှာ ခုံးကျော်တံတား မဆောက်ခင် အခုလောလောဆယ် မှာ ဘုရင့်နောင်လမ်းမကြီးကို  ရှစ်လမ်းသွားလမ်းအဖြစ် တိုးချဲ့နေပါတယ်။ နောက်ပြီး သမိုင်းဘူတာရုံ လမ်းကိုလည်း ခြောက်လမ်းသွားလမ်း အဖြစ် တိုးချဲ့မှာဖြစ်ပါတယ်။ အဲဒီ အတွက်လည်း လုပ်ငန်း စတင်ဆောင်ရွက်နေပါပြီ”ဟု လည်း ဘုရင့်နောင် အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ဘုရင့်နောင်လမ်းအား တိုးချဲ့နေသည့်အတွက် ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့မှုများ ကြုံတွေ့နိုင်သည့် အတွက် ပြည်သူများအတွက် ပန်ကြားချက်ဆိုသည့် ဆိုင်းဘုတ်များထောင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အသိပေးထားကြောင်း သိရှိရသည်။
ထို့ပြင် လမ်းချဲ့ရန်အတွက် မလွတ်ကင်းသည့် ဓာတ်တိုင်များ ဖယ်ရှားခြင်း၊ သစ်ပင်များခုတ်ထွင် ရှင်းလင်းခြင်းများကို ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
“ဘုရင့်နောင်ခုံးကျော်တံတား ရဲ့ ဒီဇိုင်းပုံစံအရဆိုရင် ရှစ်လမ်းသွားလမ်းက မင်္ဂလာသန်းမြင့် ရှေ့ကနေ  ပွဲရုံဘက်က ယင်းမာ လမ်းမရောက်ခင် အထိလောက် ချဲ့မယ်လို့ သိရပါတယ်။ သမိုင်းဘူ တာရုံလမ်းမှာတော့ ဘုရင့်နောင် လမ်းဆုံကနေ ဘုရင့်နောင်တံတားအထိကို ချဲ့သွားမယ်လို့လည်း သိရပါတယ်”ဟုလည်း ဘုရင့်နောင်ရှိ စခန်းအကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းအား FMI  ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။
EMG

1 comment:

popmyitta said...

သမိုင်းဘူတာရုံလမ်းပေါ်သို့ ၁၂ ပေခန့်ပို၍ဆောက်လုပ်ထားသော အဆောက်အဦး
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်တခွင် လမ်းပိတ်ဆို့မှုများ လျော့နည်းစေရန်အတွက် လှည်းတန်းခုံးကျော်တံတား၊ ဘုရင့်နောင်ခုံးကျော်တံတားများကို တည်ဆောက် ဖြေရှင်းလျက်ရှိသည့်အတွက် များစွာ ၀မ်းမြောက်ဂုဏ်ယူကျေးဇူးတင်ရှိပါသည်။
သို့သော် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားအတွက် သမိုင်းဘူတာရုံလမ်းကို Survey စတင် ဆောင်ရွက်စဉ် (၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခန့်) ဘုရင့်နောင်လမ်းဆုံမှ အရှေ့ဘက် ၈ လမ်းထိပ်ထိ လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လခန့်တွင် ဒုတိယအကြိမ် Survey ဆောင်ရွက် သည့်အခါ အရှေ့ဘက် ၇ လမ်းထိပ်ထိလည်းကောင်း၊ Marking များကို လူနေရပ်ကွက်ဘက်တွင် ပလက်ဖောင်းအစပ်ထိ အမှတ် အသားများ ပြုလုပ်ခဲ့ပါသည်။ ယခင် စက်မှု(၁)ဝန်ကြီးဌာနမှ သားရေစက်ရုံခွဲ အား အောင်သပြေကုမ္ပဏီမှ ဝယ်ယူခဲ့ပြီး ရပ်ကွက်ဘက်သို့ ၇ လမ်းနှင့် ၈ လမ်းများနှင့်မျက်နှာချင်းဆိုင်တွင် အောက်ထပ်၌ စားသောက် ဆိုင်ခန်း၊ စတိုးဆိုင်ခန်း၊ အရောင်းဆိုင်ခန်းများနှင့် အပေါ်ထပ်တွင် ကာရာအိုကေခန်းများဖွင့်လှစ်ရန် သမိုင်းဘူတာရုံလမ်းပေါ်သို့ ရှေ့ထွက်ပြီးဆောက်လုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ လမ်းပေါ်သို့ထွက်နေသဖြင့် Composite ဆောင်ရွက်စဉ်က ဓါတ်ကြိုနှင့်ထိပြီး ဓါတ်လိုက်၍ ပြုတ်ကျခဲ့မှုများလည်း ရှိခဲ့ပါသည်။ ထိုသို့ ဒုတိယအကြိမ် Survey ဆောင်ရွက်စဉ် အဆိုပါသားရေစက်ရုံခွဲဘက်အခြမ်းသို့ ၁၂ ပေနောက်ဆုတ်ရန် အနီရောင်ဆေးများဖြင့် အုတ်နံရံ၌ ရေးသားခဲ့ပါသည်။
ထိုသို့ စည်းကမ်းမဲ့ဆောက်လုပ်ထားခြင်းအား မြို့တော်စည်ပင်သာယာမှ မည်သူခွင့်ပြုသည်ကို စဉ်းစားစရာ ရှိနေပါသည်။ ထိုအဆောက်အဦးပိုင်ရှင်များမှာ အောက်ထပ်များအား စဘော်ယူငှားရမ်းထားပြီး၊ အပေါ်ထပ်အား ဆိုင်းငံ့ထားသည်ကိုလည်းတွေ့ရှိရပါသည်။
၎င်းတို့မှ အောက်ထပ်ရှိ လူကြီးမင်းဖုန်းဆိုင်၊ ABC စတိုးဆိုင်၊ KSS ဒန်ပေါက်ဆိုင် အပါအ၀င် ငှားရမ်းထားသော ဆိုင်များမှ ဆိုင်ပိုင်ရှင်များအား အသနားခံစာစုပေါင်းရေးရန်နှင့် စည်ပင်သို့ တင်ပြရန် တစ်ရက်တွင် ဓါတ်ပုံများရိုက်၍ ဆောင်ရွက်ခဲ့သည်ကိုလည်းတွေ့ရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ပြီး များမကြာမီ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ် စနေ၊ တနင်္ဂနွေညများတွင် အဆိုပါ ခုံးကျော်တံတားဆောက်လုပ်ရေး အဖွဲ့မှ Final Survey ဆောင်ရွက်ပြန်ပါသည်။ ထိုသို့ဆောင်ရွက် သည့်အခါ ၎င်းတို့၏ သားရေစက်ရုံခွဲ (အဟောင်း)ဘက်အခြမ်းမှာ ပလက်ဖောင်းအစပ်ထိသာပါပြီး ရပ်ကွက်ဘက် အခြမ်းတွင် ပလက်ဖောင်အပြည့် နှင့်အချို့အိမ်များအတွင်း (၂)ပေခန့်ထိ အမှတ်အသားများ ပြုလုပ် သွားသည်ကို အံ့သြစွာ တွေ့ရှိခဲ့ရပါသည်။
စက်ရုံဘက်ခြမ်းရှိလူနေအိမ်များ၏ မျက်နှာစာ အစသည် ကားလမ်းနှင့် ပေ ၃၀ ခန့်ခွာ၍ တည်ဆောက်ခွင့်ပြုထားပါလျက် အဆိုပါစက်ရုံကို ကားလမ်းပေါ်အထိ မည်သူ ဆောက်လုပ်ခွင့်ပြုခဲ့သည် ကိုလည်းကောင်း၊ ပိုင်ရှင်ဖြစ်သော အောင်သပြေ ကော်ဇောရောင်းဝယ်ရေးကုမ္ပဏီသည် စည်ပင်သို့ ၎င်းပိုင် အဆောင်အဦ မဖျက်ဆီးရအောင် စည်ပင်သို့ မည်မျှထပ်မံ ပူဇော်ခဲ့သနည်းဆိုသည်ကို စဉ်းစားစရာ ဖြစ်နေပါသည်။ အများပြည်သူများနှင့် အဆိုပါ အခွင့်ထူးခံလူတန်းစားများ၊ အစိုးရအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်နေသူများသည် မည်သည့် ဥပဒေကိုမျှ မမှုဘဲ ထင်သလို လုပ်ရာ ရောက်နေပါသဖြင့် တံတားစတင်မတည်ဆောက်မီ ပြည့်စုံစွာ လေ့လာပြီး ကူညီပေးနိုင်ပါရန် အကူအညီ တောင်းအပ်ပါသည်။
သမိုင်းသား

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1