Friday, August 17, 2012

တဒင်္ဂ သူ့ရုပ်လွှာ

Ever November | 8/17/2012 04:34:00 PM | Best Blogger Tips

ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းနဲ့ ကျနော် တွေ့ဆုံခဲ့ဖူးချိန်ဟာ တကယ့်ကို တဒင်္ဂလေးမှ တခဏတာ အခိုက်အတန့် ကာလလေး တခုပါ။
၂၀၀၅ ခုနှစ် မေ (၂၂) ရက်နေ့မှာ အမှတ် (၃) ဗျူဟာစစ်ရေယာဉ်စု (ရဗစ-၃) ကို အရာရှိ/စစ်သသည်အင်အား ၄၄၀ (အရာရှိ-၄၀၊ အခြားအဆင့်-၄၀၀) နဲ့ ကျောက်ဖြူမြို့အနီးမှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။ ရဗစ (၃) ဖွဲ့စည်းပြီး မကြာမီ ရက်ပိုင်းအတွင်းမှာ စစ်ဦးစီးအရာရှိချုပ် (ရေ) ရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ် (ဓရခ) ခရီးစဉ် ပေါ်ပေါက်လာပါတယ်။
ခရီးစဉ်အတွင်း ရဗစ (၃) မှ အရာရှိ/စစ်သည်တွေ အရာရှိချုပ် (ရေ) ရဲ့ သြဝါဒခံယူပွဲတက်ရပါတယ်။ သြဝါဒခံယူပွဲ ပြု လုပ်တဲ့နေရာက ဓရခ ရှေ့ ရေလယ်ဘွိုင်တခုမှာရှိတဲ့ စစ်ရေယာဉ်-ရန်တိုင်းအောင် ပေါ်မှာ။ အဲဒီဘွိုင်မှာ စစ်ရေယာဉ်-ရန်တိုင်းအောင်ကို အလယ်ထားပြီး စစ်ရေယာဉ်-ဓူဝ (၄၇၃) နဲ့ စစ်ရေယာဉ်-ဇေဌ (၄၇၄) တို့ တဖက် တချက်စီ ခြံရံကာ ချည်နှောင်ထားပါတယ်။
စစ်ရေယာဉ်-ရန်တိုင်းအောင် ရဲ့စစ်ရေယာဉ်မှူးက ရေ/၁၃၄၆ ယာယီဒုဗိုလ်မှူးကြီး မင်းဇော်၊ စစ်ရေယာဉ်-ဓူဝ မှာ ရေ/ ၁၃၇၈ ယာယီ ဒုဗိုလ်မှူးကြီး ကိုကိုကျော်၊ စစ်ရေယာဉ်-ဇေဌ မှာ ရေ/၃၄၄၇ ယာယီ ဒုဗိုလ်မှူးကြီး ထိန်ဝင်း အသီးသီး စစ် ရေယာဉ်မှူးတွေ ဖြစ်ကြပါတယ်။
သြဝါဒခံယူပွဲကို ရဗစ (၃) ဗျူဟာမှူး ရေ/၁၂၇၆ ယာယီ ဗိုလ်မှူးကြီး ဇော်ဦး အပါအဝင် အရာရှိ/စစ်သည် တရာကျော် တက်ရောက်ပါတယ်။
စစ်ရေယာဉ်ပေါ် ရောက်လာချိန်မှာ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (အဲဒီအချိန်က ဗိုလ်ချုပ်) ဝတ်ဆင်ထားတာက စစ်စိမ်း ရောင် တောဆောင်းဦးထုပ် ဆောင်းထားပြီး ဦးထုပ်တံဆိပ်၊ ကော်လာတံဆိပ်နဲ့ အဆင့်တံဆိပ်တွေကို စစ်ဆင်ရေးနယ် မြေမှာအတိုင်း ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
စစ်ရေယာဉ်ပေါ်မှာ ပြုလုပ်တာဆိုတော့ နေရာထိုင်ခင်း အခက်အခဲကလည်းရှိ ပရိဘောဂတွေလည်း မပြည့်မစုံမို့ ဖြစ်သ လို အကျဉ်းရုံးလုပ်ရတာပါ။
အရာရှိချုပ်(ရေ) စကားပြောရာမှာ ပရိသတ်ကို အာရုံစိုက်တယ်လည်းမဟုတ်၊ ပရိသတ်ထဲက လူတဦး တယောက်ကို စေ့ စေ့ကြည့်တယ်လည်း မဆိုသာ၊ တစုံတခုကို အလေးအနက်စဉ်းစားဟန်နဲ့ ဦးခေါင်းကို အနည်းငယ် စောင်းငဲ့ထားပြီး တန်း စီရပ်နေတဲ့လူတန်းရှေ့ ရေယာဉ်ကုန်းပတ်ကွက်လပ်မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း စကားကိုဖြည်းဖြည်း မှန် မှန်နဲ့ တလုံးချင်း ပီပီသသ ပြောဆိုပါတယ်။ တချက်တချက်မှာ ပရိသတ်အားလုံးကို လွှမ်းခြုံကာ မျက်လုံးဝေ့ကြည့်တတ် ပါတယ်။
သူ့ပြောဆိုလှုပ်ရှားဟန်ကို ကြည့်ရတာ နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေးရဲ့ သရုပ်ဆောင်ကွက်တွေ ရှုစားနေရ သလိုလို။ မေးရိုးကားကား၊ လည်ပင်းတုတ်ခိုင်ခိုင် ရုပ်သွင်မျက်နှာထားရှိပေမဲ့ မင်းသားကြီး ဦးမြတ်လေးနဲ့ မျက်နှာကျပုံ ခြင်း တူတယ်လို့ မပြောနိုင်၊ မျက်လုံးမျက်ဖန်နဲ့ နှုတ်ခမ်းအကျအနတွေကတော့ ဟာသသရုပ်ဆောင် ကိုမေတ္တာနဲ့ ခပ် ဆင်ဆင်။
ခုတလော ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းဟာ အနုပညာဗီဇ ရှိသူတဦးဖြစ်ပြီး အကယ်ဒမီ (ဦး) ဝင်းဦး သီဆိုတဲ့ “တိမ်လွှာမို့မို့ လွင်” သီချင်းကို ပိုင်နိုင်စွာ သီဆိုနိုင်ကြောင်း ရေးဖွဲ့ကြတာတွေ့ရလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့ သူ့ရုပ်သွင်ဟန်ပန်ကို ပြေး မြင်ယောင်မိတာပါ။
သူပြောသွားတဲ့ စကားတွေထဲမှာ ရဗစ (၃) တိုးချဲ့ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ဟာ မြန်မာ့ရေပိုင်နက် အနောက်ဖက်ခြမ်းကို ခိုင်ခိုင်မာမာ အကာအကွယ်ပြုနိုင်ဖို့ ဖြစ်တဲ့အကြောင်း၊ နောက်ပြီး မကြာမီကာလမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည် ဆောက်ဖို့ စီမံချက်လည်းရှိထားပြီး ဖြစ်ကြောင်း၊ ရဲဘော်တို့အနေနဲ့ ဒီဒေသမှာ လာရောက်တာဝန်ထမ်းထမ်းဆောင်ရတာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတယ်ဆိုပြီး စိတ်ညစ်နေဖို့ မလိုကြောင်း ကျောက်ဖြူ-ရန်ကုန် အဝေးပြေးကားလမ်းမကြီး တည်ဆောက်လျက်ရှိပြီး မကြာမီ ပြီးစီးတော့မှာဖြစ်ကြောင်း ပြောခဲ့တာတွေကို မှတ်မိနေပါသေးတယ်။
အဲဒီအချိန်ထိ ရဗစ (၃) ရုံးတည်ဆောက်ဖို့ မြေနေရာသတ်မှတ်ချက် အတည်မဖြစ်သေးပါ။ ရေယာဉ်အင်အားဝင် အရာရှိ/ စစ်သည်တွေက ရေယာဉ်မှာနေထိုင်ပြီး ရုံးပေါ်အင်အားဝင်တွေက ရငစ ရုံးမှာ ကပ်ရပ်နေထိုင်ရဆဲမို့ နေရေးထိုင်ရေး အ ခြေမကျသေးတဲ့အချိန် ဖြစ်ပါတယ်။
သူနဲ့ကျနော် အနီးကပ်ဆုံတွေ့ဖူးတာ ဒီလောက်ပါပဲ။
ရေတပ်ကာကွယ်ရေးဦးစီးချုပ်တွေထဲမှာ နည်းနည်းထူးခြားမှု ရှိသူတွေထဲ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း လည်း ပါဝင်ပါတယ်။
ကျနော်တို့ရေတပ်မှာ “ကာနယ်ကြီး”လို့ လူသိများတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး ရာထူးဟာ အလှုပ်အရမ်းများ တတ်တဲ့အတွက် အဲဒီတာဝန်ကို ထမ်းဆောင်ရသူတွေအဖို့ ရင်ဖိုလှိုက်မောစရာဖြစ်နေတတ်ပါတယ်။ DSA အပတ်စဉ် (၁) သင်တန်းဆင်း ဗိုလ်မှူးကြီး ဘိုရှိန်းဟာ စစ်ဦးစီးဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်နေစဉ်မှာ ရုတ်တရက် ကွယ်လွန်ခဲ့တာပါ။ နောက် ၁၉၈၆ နှစ်ဆန်းမှာ ဗိုလ်မှူးကြီး လတ်ရွှေ ဟာလည်း ရုတ်တရက် ကွယ်လွန်ခဲ့ရပြန်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ အ တွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး တို့အဖွဲ့ လေယာဉ်ပျက်ကျစဉ် ပါသွားခဲ့တဲ့ ဗိုလ်မှူးကြီး ကျော်တင်လှ ဟာ စစ်ဦးစီး ဗိုလ်မှူးကြီး(ရေ) ဖြစ်ပါတယ်။
ကျနော်တို့ သိမီသလောက် အရင်က ရေတပ်မှာ စစ်ဦးစီးဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်သူတွေ ရာထူးတိုးတဲ့အခါ ဌာန ချုပ်မှူးတာဝန်ကို ဆက်လက်ထမ်းဆောင်ကြရပါတယ်။ ဌာနချုပ်မှူးတွေထဲက သင့်တော်သူတဦးကို စစ်ဦးစီးအရာရှိချုပ် (ရေ) ရွေးချယ်ခန့်အပ်လေ့ရှိပါတယ်။ အဲဒီကမှ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်တာပါ။
ဒါပေမဲ့ ဒုဗိုလ်ချုပ်ကြီး ကြည်မင်း လက်ထက်ကစပြီး အဲဒီအစဉ်အလာအတိုင်း အတိတကျ မဖြစ်တော့ပါဘူး။ ဗိုလ်ချုပ် ကြည်မင်း ဟာ ရေတပ်ပင်မဆက်သွယ်ရေးတပ်မှူးကနေ ကက(ရေ) လက်/ဆက်G1 နောက် စစ်ဦးစီးဗိုလ်မှူးကြီး(ရေ)၊ စစ်ဦးစီးအရာရှိချုပ် (ရေ)၊ ကာကွယ်ရေးဦးချုပ် (ရေ) စသဖြင့် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရင်း တောက်လျှောက် ရာထူး တိုးမြင့်လာခဲ့တာ။
ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း လည်း ထို့အတူနီးပါးပါပဲ။ အမှတ် (၁) ရေတပ်ထောက်လှမ်းရေး တပ်မှူးတာဝန် နောက်ပိုင်း ကျွန်းစခန်းမှူး (ပုလဲကျွန်း လို့ထင်ပါတယ်။ အဲဒီကျွန်းစခန်းမှူး ၂ ခါပြန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်)၊ ကက(ရေ) G1။ အဲဒီ ကမှ တနင်္သာရီရေတပ်စခန်းဌာနချုပ် (တရခ) ဒုဌာနချုပ်မှူး တာဝန် ခေတ္တထမ်းဆောင်ခဲ့ပြီး စစ်ဦးစီး ဗိုလ်မှူးကြီး (ရေ)၊ စစ်ဦးစီးအရာရှိချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဖြစ်လာသူ။
ကျောင်းဆရာ မိသားစုမှာ မွေးဖွားခဲ့ပြီး စည်းကမ်းထိန်းသိမ်းမှုကောင်းတဲ့ အစ်မတွေရဲ့ သွင်သင်မှုအောက်မှာ ကြီးပြင်း လူ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ငယ်စဉ်က ပညာရေးထက်မြက်သလို အားကစားလည်း ထူးချွန်တယ်လို့ သိရပါ တယ်။
သူမွေးဖွားရာဇာတိ ဇီးကုန်းမြို့လေးဟာ ခေတ်အဆက်ဆက် တိုင်းပြည်ချစ်စိတ် ကြီးမားသူ၊ နိုင်ငံရေးအသိ နိုးကြားထက် သန်သူတွေ မွေးဖွားရာမြေဖြစ်တာမို့ သမိုင်းအစဉ်အလာမခေတဲ့ မြို့လေးတမြို့ပါ။ ဖက်ဆစ် တော်လှန်ရေး သူရဲကောင်း ဗိုလ်စက်ရောင် နေထိုင်ရာ မြို့လည်းဖြစ်ပါတယ်။
ခုဆိုရင် ဦးဉာဏ်ထွန်းဟာ အင်အားသောင်းဂဏန်းသာရှိတဲ့ ရေတပ်အကြီးအမှူး အဖြစ်ကနေ သန်းငါးဆယ် သောပြည် သူတွေကို ကိုယ်စားပြုတာဝန်ခံရမယ့် နိုင်ငံ့ခေါင်းဆောင်တဦး ဖြစ်လာပါပြီ။
“ဦးဉာဏ်ထွန်း ဘယ်လိုလူလဲ” ဆိုတဲ့ ပဟေဠိတပုဒ်ကိုတော့ သူဆက်လက်လုပ်ဆောင်မယ့် လုပ်ရပ်တွေက သက်သေခံ အဖြေထုတ်သွားပါလိမ့်မယ်။
လေးစားစွာဖြင့် …
နေမင်းသူ
၁၇-၈-၂၀၁၂
naytthit.net

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1