Friday, September 21, 2012

ဒေါ်စုနဲ့ ဒီစီတဝိုက် မြန်မာမိသားစု တွေ့ဆုံ

Ever November | 9/21/2012 09:42:00 AM | Best Blogger Tips
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီစီတဝိုက်က မြန်မာမိသားစုများ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၀၊ ၂၀၁၂။) ဓာတ်ပုံ/သိန်းထိုက်ဦး (ဗွီအိုအေ-မြန်မာဌာန)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝါရှင်တန်ဒီစီ မြို့တော် တဝိုက်က မြန်မာ မိသားစုတွေဟာ ဝါရှင်တန် ဒီစီမှာ ရှိတဲ့ အမေရိကန်တက္ကသိုလ်မှာ အမေရိကန်စံတော်ချိန် ၉ နာရီ ကနေ ၁၀ နာရီခွဲအထိ မိနစ် ၉၀ ကြာလောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း ကိုတော့ တွေ့ဆုံပွဲကို ကိုယ်တိုင် သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးသိန်းထိုက်ဦးကို မခင်ဖြူထွေးက အသံလွှင့်ခန်းကနေ တိုက်ရိုက် မေးမြန်းတင်ပြထားပါတယ်။

မေး။ ။ ဦးသိန်းထိုက်ဦးရေ့- ဒီပွဲရဲ့ အခြေအနေလေး အရင်ဆုံး ပြောပြပေးပါလားရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ခင်ဗျ။ ပွဲကတော့ ဝါရှင်တန် ဒီစီတဝိုက်မှာရှိတဲ့ မြန်မာမိသားစုတွေ တော်တော်လေး စိတ်လှုပ်ရှားရှားနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ပွဲလို့ ပြောရမှာပါခင်ဗျ။ ဝါရှင်တန်တဝိုက် ကသာ မဟုတ်ဘူးခင်ဗျ။ နယူးယောက်တို့၊ ကျန်တဲ့ပြည်နယ် အတော်များများက လာကြတယ်။ မြန် မာတွေအပြင် နိုင်ငံခြားသားတွေလည်း လာပါတယ်ခင်ဗျ။ အမေရိကန်ယူနီဗာစီတီ ဆိုတာကတော့ မခင်ဖြူထွေးတို့ သိတဲ့အတိုင်းပဲ-လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် က မြန်မာ့ဒီမိုကရေစီရေးအတွက် တကူးတက လုပ်ပေးဖို့ ဝါရှင်တန်ဒီစီတဝိုက်က ကျောင်းသားတွေ ကို သူ့ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် မိုက်ကယ်လ် အဲရစ္စ်ကတဆင့် မှာကြားခဲ့ဖူးတဲ့နေရာ ပါ။ ကျောင်းသားတွေနဲ့လည်း မစိမ်းပါဘူး။

သူ့ရဲ့ Use Your Liberty to Promote Ours' ဆိုပြီးတော့ အားလုံး မြန်မာပြည် ဒီမိုကရေစီရေး အတွက် စွမ်းဆောင်ပေးဖို့ မှာကြာခဲ့တယ်။ မြန်မာလိုပြောတာ အများစုဆိုပေမဲ့ နိုင်ငံခြား သား ကျောင်းသားလည်း တော်တော်များပါတယ်။ အထူးသဖြင့် ပျော်နေတာကတော့ မြန်မာ မိသားစုတွေပါ။ အထူးသဖြင့် သူတို့ တွေ့ဆုံတဲ့အခါမှာ မေရီလန်းပြည်နယ်က ကိုထွန်းထွန်း တို့၊ ဒေါက်တာတင်မိုးသူတို့၊ နောက် နယူးယောက်က ကြွလာတဲ့ ဆရာတော် ဦးပညာတေဇတို့ သူတို့က အခုလို ပြောကြပါတယ်ခင်ဗျ။

ကိုထွန်းထွန်း။ ။ “ဒီပွဲဖြစ်ဖို့ကို ကျနော်တို့ နှစ်လလောက် ကြိုပြီးတော့ ပြင်ဆင်ကြ တယ်။ နောက်ပြီးတော့ ဒီနိုင်ငံတင် မဟုတ်ဘူး။ တခြား - ဒီနေ့ဆို ကနေဒါက ကျနော်တို့ သူငယ် ချင်းတွေ လာတယ်ဗျာ။ မြောက်ကယ်ရိုလိုင်းနား၊ တောင် ကယ်ရို လိုင်းနားကလာတယ်။ ဗာဂျီးနီး ယားက လာတယ်။ ဖလော်ရီဒါက ဆင်းလာကြတယ်။ ဖို့ဝိန်းက ဆင်းလာတဲ့သူတွေလည်း ရှိတယ်။ ဒီပွဲကို ကျနော်တို့ စောင့်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီဗျ။ ဟုတ်တယ်မို့လား။ အင်မတန်ကို ဝမ်းသာရတယ်၊ ဂုဏ်ယူရတယ်၊ ကျနော်တို့ ခေါင်းဆောင်ကို ကျနော်တို့ တွေ့ရတယ် ဆိုရင်ကို ကျနော်တို့က ကျေနပ်နေတဲ့လူတွေပါ။”

ဒေါ်တင်မိုးသူ။ ။ “ကျမတို့က ဗမာပြည်ကနေပြီးတော့ ဒေါ်စုနဲ့ကွဲနေတာ ၂၄ နှစ်လောက် ရှိပြီ ဆိုတော့ ဒေါ်စုလာတာကို အရမ်းဝမ်းသာပါတယ်။ အထူးသဖြင့် ဒီနိုင်ငံမှာ မွေးဖွားတဲ့ကလေးတွေ အတွက်ကော၊ ဒီနိုင်ငံမှာ ကြီးပြင်းလာတဲ့ ကလေးတွေ အတွက်ကော ဒေါ်စုက ဂုဏ်ယူ စရာ ခေါင်းဆောင်တယောက် ဖြစ်တဲ့အတွက် ကျမတို့ထက်စာရင် ကျမတို့ ကလေးတွေအတွက် ပိုပြီးတော့ ကျမတို့က ဝမ်းသာပါတယ်။”

ဦးပညာတေဇ။ ။ “မြန်မာပြည်သူတွေဟာ ကိုယ့်နိုင်ငံက သတင်းတွေကို ကြားနေတာတွေတော့ ရှိ တာပေါ့။ သို့သော် နိုင်ငံ့ ခေါင်းဆောင် တယောက်နဲ့ လက်ရှိအစိုးရအတွင်းမှာ ဝင်ရောက်ပြီးတော့ လွှတ်တော်အမတ်တွေထဲမှာ ဝင်ပြီးပါနေတဲ့ ဒေါ်စု လာခြင်းအားဖြင့် တိုက်ရိုက်ပေါ့နော်- ဒေါ်စုပြောတဲ့ အင်ဖော်မေးရှင်းတွေ၊ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ရနိုင် တယ်ပေါ့နော်။ နောက်ပြီးတော့ မြန်မာပြည်သူတွေဟာ ဒေါ်စုကို ဘယ်လောက် ထိအောင် ထောက်ခံ တယ်၊ ဘယ်လောက်ထိအောင် လေးစားတယ်ဆိုတာကိုလည်းပဲ ကမ္ဘာက ပြည်သူတွေ သိရှိနိုင်လိမ့် မယ်လို့ ဦးဇင်းတို့က ထင်ပါတယ်။”

ဒါကတော့ မြန်မာမိသားစုတွေ ပြောပြသွားချက်တွေပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာမိသားစုတွေရဲ့ မေးမြန်း ချက်တွေကို ပြန်ပြီးတော့ ဖြေကြားပါတယ်။ အဓိက-ကတော့ သူက မြန်မာတွေ တယောက်နဲ့ တယောက် ညီညီ ညွတ်ညွတ် ပေါ့လေ-နေကြဖို့၊ ဒီနိုင်ငံရဲ့ ဥပဒေကို လေးစားဖို့၊ ကိုယ့်တိုင်းပြည်ကို မမေ့ဖို့၊ အဲဒီအထဲမှာ မြန်မာနိုင်ငံကို ပြန်လာပြီးတော့ မြန်မာပြည်အတွက် ကူညီဆောင်ရွက်လို တဲ့ နိုင်ငံသားတွေအနေနဲ့ ကူညီဆောင်ရွက်မယ်ဆိုရင် တိုင်းရင်းသားဒေသတွေက ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင် အဓိက ကူညီပေးဖို့လည်း ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“အားလုံးသိတဲ့အတိုင်းပဲ၊ ပဋိပက္ခတွေဆိုတာလည်း ငြိမ်းသွားသေးတာ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကျမတို့ရဲ့တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေးလိုအပ်ချက်တွေလည်း အများကြီး ရှိနေပါ တယ်။ မြန်မာတနိုင်ငံလုံးမှာ ဖွံ့ဖြိုးရေးလိုအပ်ချက်တွေ ရှိနေ ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေ သတွေ တချို့ရဲ့ လိုအပ်ချက်တွေဟာ တခြားဒေသတွေထက် ပိုပြီးတော့ များတယ် ဆိုတာကိုလည်း ကျမတို့ သတိပြုမိဖို့ လိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီမှာရောက်နေတဲ့ အချိန်မှာ ကိုယ်ရနိုင်တဲ့ အခွင့် အရေးတွေနဲ့ တိုင်းရင်းသားညီညွတ်မှုဖြစ်ဖို့အတွက်ကို ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်နိုင်ငံက ထွက်လာတဲ့အခါကျလို့ရှိရင် ဒီမှာ ရောက်မှ တို့က ဘာတိုင်းရင်းသား၊ တို့က ဗမာ၊ တို့က ကချင်၊ တို့က ကရင်ဆိုပြီးတော့ ခွဲခြားပြီးတော့ မမြင်ဘဲနဲ့ တို့တွေ အားလုံးဟာ တနိုင်ငံတည်း ကနေ ထွက်လာတဲ့သူတွေပဲ၊ ထွက်လာကြတဲ့ အကြောင်းအရာက အမျိုးမျိုး တခုနဲ့ တခု တူတာ မဟုတ်ပါဘူး။”

မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်လာမယ် ဆိုလို့ရှိရင် လွတ်လပ်မှု၊ လုံခြုံမှုနဲ့ တရားမျှတမှုတွေ ရှိအောင် အဓိက အရေးကြီးတယ်၊ ဒီလိုမျိုး ရှိလာဖို့အတွက် အခြေအနေတွေကို သူတို့အနေနဲ့ ကြိုးစားနေတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မေးခွန်းတွေကတော့ တော်တော်များတယ်ခင်ဗျ။ မေးတဲ့သူတွေကလည်း မေးတယ်။ နောက်ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ကလည်း စိတ်ရှည်ရှည်နဲ့ ဖြေပါတယ်။ လွှတ်တော်ထဲမှာ တက်နေရတဲ့ အခက်အခဲတွေ၊ လက်ရှိတိုင်းရင်းသားဒေသ အခြေအနေ၊ နောက်ပြီးတော့ လွှတ်တော်ထဲမှာ နောက်ဆုံး ပြောသွား တာ ဆိုလို့ရှိရင် အစိုးရအရာရှိတွေက သူတို့ ပိုင်ဆိုင်မှုတွေ ကို ကြေညာဖို့ကိစ္စ၊ ဒီကိစ္စ မအောင်မြင် ခဲ့တာတွေနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရမှာ တာဝန်ယူပြီ ဆိုလို့ရှိရင် ကိုယ်ရေးကိုယ်တာတွေကို ထုတ်ဖော်ရမယ်၊ ကိုယ်ရေးကိုယ်တာတွေကို စွန့်လွှတ် အနစ်နာ ခံရမယ် ဆိုတာတွေကို အဓိက ပြောသွားခဲ့ပါတယ်ခင်ဗျ။ 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1