ဝီလျံကို လိုချင်လျှင် စာချုပ်ပါ သတ်မှတ်ဈေး အတိုင်း ယူရို (၃၅)သန်း ပေးမှ ရမည်ဟု ချယ်လ်ဆီးနှင့် တော့တင်ဟမ် ဟော့စပါး အသင်းများအား ရှက်တာဒိုးနက်ခ် အသင်းနည်းပြက သတိပေး ပြောဆိုလိုက်သည်။
ယူကရိန်း ချန်ပီယံ အသင်း၏ နည်းပြက ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ဝီလျံကို စာချုပ်ပါ ဈေးနှုန်းအတိုင်း ကမ်းလှမ်းသူထံသာ မိမိတို့ ရောင်းချမည်ဟု အတိအလင်း ပြောကြားသွားသည်။ ဝီလျံသည် ချန်ပီယံလိဂ်တွင် ရှက်တာနှင့် အတူ ခြေစွမ်းပေါ်လွင်စွာ ပြသနေပြီး စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် (၃-၂)ဖြင့် အရေးနိမ့်ခဲ့စဉ်က ချယ်လ်ဆီးဘက်သို့ (၂)ဂိုးသွင်းယူခဲ့သည်။ ၎င်းကို လန်ဒန်ပြိုင်ဘက် နှစ်သင်းလုံးက နွေရာသီကတည်းက အပြိုင်အဆိုင် ကြိုးစား ချိတ်ဆက်နေခဲ့ကြပြီး ဖြစ်သည်။
သို့သော်လည်း နှစ်သင်းလုံးသည် ရှက်တာ၏ ခေါ်ဈေးအတိုင်း ပေးချေလိုခြင်း
မရှိသည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ချေ။ ရှက်တာနည်းပြ မာစီရာ
လူဆက်စကူက အသက်(၂၄)နှစ်ရှိ ကစားသမားနှင့် ပတ်သက်ပြီး "သူ့ကို
အင်တာမီလန်ကလည်း လိုချင်နေတယ်။ အင်တာဥက္ကဋ္ဌ မက်ဆီမို မိုရက်တီက
ကျွန်တော်တို့ဆီမှာ ဝီလျံ့အကြောင်း လှမ်းစုံစမ်းပါတယ်။ သူ့ကို အင်တာက
တကယ်လိုချင်ပြီး ဆိုရင်လည်း ယူရို(၃၅)သန်း ပေးရမယ်ပဲ ကျွန်တော်ပြောမှာပါ။
ဒါဟာ အင်တာတင် မကဘူး။ ဘယ်အသင်းနဲ့မဆို အကျုံးဝင်ပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက "ချယ်လ်ဆီးဟာ ယူရို (၃၁)နဲ့ အော်စကာကို နွေရာသီတုန်းက ခေါ်ခဲ့ပါတယ်။
ဝီလျံနဲ့ အော်စကာကြား ကွာခြားချက်က ဝီလျံဟာ ပိုပြီး ရင့်ကျက်ပြည့်စုံနေသလို
ချန်ပီယံလိဂ် အတွေ့အကြုံကောင်း တော်တော်များများ ပိုင်ဆိုင်ထားပြီးပါပြီ။
ချယ်လ်ဆီးဟာ ဝီလျံကို နွေရာသီတုန်းက ယူရို သန်း(၂၀)လောက်နဲ့ ခေါ်ယူနိုင်ဖို့
ကမ်းလှမ်းပေမယ့် ကျွန်တော်တို့ ပယ်ချခဲ့ပါတယ်။ သူတို့ဟာ အီဒင်ဟာဇက်ကို
ယူရို သန်း(၃၀) ပေးပြီး ခေါ်သွားပါတယ်။ ကျွန်တော်တို့ကလည်း ဝီလျံကို
အလောတကြီး ရောင်းစရာ ဘာအကြောင်းမှ မရှိဘူးလေ"ဟု ဆက်လက် ပြောဆိုသွားသည်။
soccer myanmar
No comments:
Post a Comment