Saturday, December 1, 2012

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ

Ever November | 12/01/2012 08:21:00 PM | Best Blogger Tips
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တရုတ်ကုမ္ပဏီတွေ ထွက်သွားရေး သံဃာနဲ့ ပြည်သူတချို့
 ချီတက် ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၂)။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းမှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံက ထွက်သွားရေး တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ကို ရာနဲ့ချီတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေ အခု ကျမတို့ အသံလွှင့်နေချိန်မှာ ချီတက် ဆန္ဒပြနေကြပါတယ်။ အာဏာပိုင်တွေရဲ့ ကန့်ကွက်မှုတွေ ရှိပေမဲ့လည်း ဆက်လက် ချီတက်နေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့မနက်ပိုင်းက မုံရွာမှာ ကြေးနီတောင် စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြတောင်းဆိုကြတဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေဘက် က မျက်ရည်ယိုဗုံး၊ မီးလောင်းဗုံးတွေ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နောက်ပိုင်း၊ ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မှာ ဒုတိယမြောက်နေ့ အဖြစ် ဒီကနေ့ သံဃာအပါး ၅၀ လောက်နဲ့ လူအင်အား ၂၀၀ ကျော်ကနေ ဆက်လက် ဆန္ဒပြခဲ့နေကြတာပါ။ ဒီကနေ့ ဒုတိယမြောက်နေ့မှာတော့ တရုတ်သံရုံးရှေ့ကို အဓိက ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အစောပိုင်း ဆက်သွယ် မေးမြန်းချက်အရ သံရုံးကို မရောက်သေးဘဲ ချီတက် လမ်းလျှောက်နေဆဲ ဖြစ်တဲ့အကြောင်း ကိုယ်တိုင်လိုက်ပါ သတင်းယူနေတဲ့ ပြည်တွင်းသတင်းထောက်တဦး က အခုလို ပြောပြခဲ့ပါတယ်။

“အခြေအနေကတော့ ခုချိန်ထိ ကျနော်တို့ ဆရာတော်တွေက အပါး ၅၀ လောက်ရှိမယ်။ ပရိသတ်နဲ့ဆိုရင် အားလုံး လူ ၃၀၀ လောက် ရှိလိမ့်မယ်။ အဖွဲ့အစည်းကတော့ လောလောဆယ် ဗကသ တို့ ပါတယ်လို့ပြောတယ်။ နောက်ပြီးတော့ လူငယ်တွေလည်း ခေါင်းစည်းတွေနဲ့ ပါလာတာတော့ တွေ့တယ်ဗျ။ လိမ္မော်ရောင် ခေါင်းစည်းတွေ စည်းထားတာ တွေ့တယ်။ ကျနော်တို့ ကြည့်မြင်တိုင် လမ်းမကြီးကို ရောက်နေပါပြီ။ ကျနော်တို့ မြေနီကုန်းကနေ စပြီးတော့ ထွက်လာတာပါခင်ဗျာ။ အဓိက ကတော့ တရုတ်သံရုံးကို သွားမယ်လို့ ပြောပါတယ်။”

တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြသူတွေအနေနဲ့ အဓိက အချက် ၂ ခုကို တောင်းဆိုခဲ့ကြတယ် လို့လည်း အဲ့ဒီသတင်းထောက်က ဆက်ပြောပြပါတယ်။

“အဓိက ကတော့ လက်ပံတောင်းတောင်မှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြတာပါ။ ရှေ့ကနေပြီးတော့ သံဃာနှစ်ပါးကနေပြီးတော့ ကျနော်တို့ လက်ပံတောင်းတောင်မှာ ဖြစ်ပျက်ခဲ့တဲ့ ပိုစတာတွေ ကိုင်ပြီးတော့ ဆန္ဒပြပါတယ်။ အဓိက ကတော့ လက်ရှိ လက်ပံတောင်းတောင်မှာ ရှိနေတဲ့ ၀မ်ပေါင် တရုတ် ကုမ္ပဏီတွေ မြန်မာပြည်က အမြန်ဆုံး ထွက်ရေးနဲ့ နောက်တခါ အခုလိုမျိုး ဓာတုလက်နက်တွေ သုံးပြီး ဖောက်ခွဲတဲ့ကိစ္စတွေကို လုံးဝ လက်သင့်မခံဘူး၊ ရှုတ်ချတဲ့အကြောင်း၊ အာဏာပိုင်တွေ ဘက်ကနေ တာဝန်ယူဖြေရှင်းပေးရမယ် ဆိုတာ ပါတယ်ခင်ဗျ။”

လောလောဆယ်မှာ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာ မရှိသေးပေမဲ့ ဆက်မလုပ်ဖို့တော့ ဟန့်တားမှုတွေ လုပ်ခဲ့တယ်လို့ အဲ့ဒီ သတင်းထောက်က ဆက်ပြောပြပါတယ်။

“တစ်ယောက် နှစ်ယောက်တော့ လာတားတာ ရှိတယ်။ ဒါပေမဲ့ လောလောဆယ်တော့ သူတို့ မတားပါဘူး။ လွှတ်ပေးထားတဲ့သဘော ရှိတယ်။ နောက် အာဏာပိုင်တွေ က နောက်က တောက်လျှောက် လိုက်နေတဲ့အခါကျတော့။ လောလောဆယ် သံရုံးရှေ့မှာတော့ လုံခြုံရေး တော်တော် ထူထူထပ်ထပ် ချထားတယ်လို့တော့ ဆိုတယ်။ ကျနော်တို့ သံရုံးကိုတော့ မရောက်သေးဘူးခင်ဗျ။”

ဒါကတော့ ဒီကနေ့ ရန်ကုန် တရုတ်သံရုံးရှေ့ကို ချီတက် ဆန္ဒပြနေကြတဲ့ အကြောင်းပါ။ မနေ့ကတော့ သံဃာနဲ့ လူအင်အား ၄၀  လောက်ဟာ ဆူးလေဘုရား ရင်ပြင်တပတ် ပတ်ပြီး လမ်း ၅၀ ထိပ်က မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ ရုံးးချုပ်ရှေ့ကို ချီတက်ခဲ့ပါသေးတယ်။ လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲမှာ အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုကြောင့် မီးလောင်ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပြီး ဦးပိုင်ကုမ္ပဏီ အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1