Sunday, February 3, 2013

အပြန်အလှန် ထိန်းကျောင်းပေးမှု Check & Balance အလုပ်ခံရမည့် အဖွဲ့အစည်းများက လိုလားမှု မရှိသေးသောကြောင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အခက်အခဲရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

Ever November | 2/03/2013 04:36:00 PM | Best Blogger Tips
           ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း မီဒီယာများ၏ မေးခွန်းများကို ဖြေကြားနေစဉ် (ဓာတ်ပုံ - ငြိမ်းဇော်လင်း)
လွှတ်တော်ကော်မတီများ၏ Check & Balance အလုပ်ခံရမည့် အဖွဲ့အစည်းများ အနေဖြင့် လိုလားမှု မရှိသေးသောကြောင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အခက်အခဲ
ရှိနေသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီလ ၃၁ ရက်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ် ရင့်သန်လာရန် အဖွဲ့အစည်းများ အနေဖြင့် မည်သည့် လိုအပ်ချက်များ ရှိပါသလဲဟူသော မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် အဓိက လိုအပ်ချက်မှာ စိတ်ရှည်သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ တစ်ဖက်ကိုတစ်ဖက် နားလည်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသာမက ပြည်သူများကပါ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ကိုင်ကြရန် လိုကြောင်း  .   .   .
သူရဦးရွှေမန်းက "မြန်မာနိုင်ငံမှာ ပါလီမန်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေက ဒီမိုကရေစီ ရင့်ကျက်တဲ့ နိုင်ငံတွေလိုမဟုတ်ဘဲ လောလောဆယ် လုပ်ကိုင်ခွင့်နည်းတဲ့သဘော ရှိတယ်။ Check & Balance လုပ်ဖို့က ဒီကော်မတီတွေမှာ အဓိက တာဝန်ရှိတဲ့အတွက် Check & Balance အလုပ်ခံမယ့် အဖွဲ့အစည်းတွေ အနေနဲ့ ဒီလိုအလုပ်ခံရမှာကို နည်းနည်းလေး လိုလားတဲ့သူ မရှိသေးတဲ့အတွက် ဒီပေါ်မှာတော့ အခက်အခဲလေးတွေ ရှိတယ်" ဟု ပြောကြားခဲ့သည်။
ဒီမိုကရေစီ စနစ်တွင် အဓိကလိုအပ်ချက်မှာ စိတ်ရှည်သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ တစ်ဖက်ကိုတစ်ဖက် နားလည်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များသာမက ပြည်သူများကပါ ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ကိုင်ကြရန် လိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
လွှတ်တော်ကိုလည်း ပြည်သူများ၊ သတင်းမီဒီယာများ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များက စစ်ဆေးနိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့အကျိုးကို မလုပ်ဘဲ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာများကိုသာ လုပ်နေပါက ပြည်သူများအနေဖြင့် ကိုယ်စားလှယ်အဖြစ် မတန်ဘူးဟု ယူဆပါက စစ်ဆေးထိန်းညှိနိုင်သည့် အခွင့်အရေးရှိကြောင်း၊ လွှတ်တော်တစ်ရပ်လုံး အနေဖြင့် ဆောင်ရွက်မှုသည် ဥပဒေနှင့် မညီဘူးဆိုပါကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပြနိုင်ပြီး လိုအပ်ပါက အဆိုတင်သွင်းနိုင်ကြောင်းလည်း အခြားမေးခွန်းများကို ဖြေကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ကိုရီးယားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်က ၎င်းတို့နိုင်ငံ၏ လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် သုံးရာနှင့် လွှတ်တော်ရုံးဝန်ထမ်း သုံးထောင်ရှိသည်ဟု ပြောကြောင်း၊ ရုံးအဖွဲ့များတွင် ပညာရှင်များ ရှိကြောင်း၊ အမေရိကန်နိုင်ငံ လွှတ်တော်တွင် ဘတ်ဂျက်ပညာရှင်၊ စီမံကိန်းပညာရှင်များ ရုံးအဖွဲ့တွင် ပါဝင်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်မူ စီမံကိန်း၊ ဘတ်ဂျက်များကို ကိုယ်စားလှယ်များကိုယ်တိုင် ရေးဆွဲနေရကြောင်း၊ ဘဏ္ဍာရေးအ ခြေအနေပေါ် မူတည်ကာ လွှတ်တော်ရုံးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်း သွားမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လွှတ်တော်၏ တာဝန်သည် ဥပဒေပြုရေး ဖြစ်သည့်အတွက် ဥပဒေပြုရေးကိစ္စတွင် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်သာ အဓိကဖြစ်ကြောင်း၊ ဥပဒေ ပညာရှင်များအနေဖြင့် ၀င်ရောက်အကြံပြုခြင်းသာ ပြုလုပ်နိုင်ပြီး ဥပဒေပြုသည့် ကိစ္စများတွင် ပါဝင်ဆောင်ရွက်လိုပါက ပြည်သူ့ဆန္ဒကို ကိုယ်စားပြုနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်အောင် အရင်ကြိုးစားရမည်ဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ 
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1