Wednesday, March 6, 2013

ဖွဲ့စည်းညီညွှတ်မှုကို ပျက်စီးစေရန် ပြုမှုပြောဆိုသူများရှိလာသည့် ဒီချုပ်ညီလာခံ

Ever November | 3/06/2013 11:24:00 AM | Best Blogger Tips
အန်အယ်ဒီအဖွဲ့ချုပ် တစ်နိုင်ငံလုံးဆိုင်ရာ ညီလာခံပြုလုပ်ရန် ၃ ရက်အလိုတွင် ဗဟိုညီလာခံ ကိုယ်စား လှယ်(၄)ဦးအား ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း ဒီချုပ်ပါတီမှ သတင်းထုတ်ပြန်သည်။
 
ဖွဲ့စည်းညီညွှတ်မှုကို ပျက်စီးစေရန်ပြုမှုပြောဆိုလှုပ်ရှားဆောင်ရွက်နေကြောင်း ခိုင်လုံသော သတင်းရရှိမှုကြောင့် ဗဟိုညီလာခံကိုယ်စားလှယ်(၄)ဦးအား ညီလာခံကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း  ဒီချုပ်ပါတီ ဗဟို ညီလာခံကျင်းပရေးကော်မရှင်က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
 
ရပ်စဲခံလိုက်ရသည့် ဗဟိုညီလာခံကိုယ်စားလှယ်များမှာ လသာမှ ဦးခင်မောင်ဝင်း၊ အင်းစိန်မြို့နယ်မှ ဦးခင်မောင်ရှိန်၊ ရွှေပြည်သာမြို့နယ်မှ ဦးသန့်စင်နှင့် စစ်ကိုင်တိုင်း ကောလင်းမြို့နယ်မှ ဒေါ်မိမိကြီးတို့ဖြစ်ပြီး မတ်လ(၅)ရက်နေ့ မှ စတင်ရပ်စဲလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
 
 ဒီချုပ်ပါတီမှ ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွက် ဗဟိုအလုပ်အမှု ဆောင်(၇)ဦးအား ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ် သတ်မှတ်ပြီးဖြစ်ကြောင်း ညီလာခံကျင်းပရေး ဗဟိုကော်မရှင်၏ မတ်လ ၄ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရှိရသည်
 
 အဆိုပါ ညီလာခံကျင်းပရေးဗဟိုကော်မရှင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မေ၀င်းမြင့် ၊ မွန်ပြည်နယ်  ဗဟို ညီလာခံကိုယ်စားလှယ်အဖြစ် ဦးဥာဏ်ဝင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ် ဦးဟံသာမြင့် ၊ မန္တလေးတိုင်းဒေသကြီးဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးအုန်းကြိုင် ၊ ဧရာဝတီတိုင်း ဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးဝင်းမြင့် နှင့် ရှမ်းပြည်နယ် ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးထွန်းထွန်းဟိန်တို့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
 
 အဆိုပါ ဗဟိုညီလာခံကိုယ်စားလှယ်(၇)ဦးတို့သည် တိုင်းနှင့်ပြည်နယ်မှ တက်ရောက်လာမည့် ဗဟိုညီလာခံကိုယ်စားလှယ်များဖြစ်ကြောင်း သိရှိရသည်။
 
 တိုင်းနှင့်ပြည်နယ်(၁၄)ခုမှ တက်ရောက်မည့် ဗဟိုညီလာခံကိုယ်စားလှယ်များသည် (၉၀၀)ဦးရေခန့်ရှိပြီး အဆိုပါ ကိုယ်စားလှယ်များသည် မတ်လ (၉)ရက်နေ့တွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တက်ရောက်ကာ ဗဟိုကော်မတီ (CC) နှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီ (CEC) များကို ရွေးချယ် ပေးမည်ဖြစ်ကြောင်း ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦး ထံမှ သိရှိရသည်။
 
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ သိသာထင်ရှားစွာ ပေါ်ထွက်လာခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်   မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံကြီးကို မတ်လ ၈ ရက်မှ ၁၀ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း   ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် ကြေညာခဲ့သည်။
 
ဒီညီလာခံကြီးဟာ ၁၉၈၈ ခုနှစ် ပါတီစတည်ထောင်တဲ့အချိန်ကနေ ဒီမိုကရေစီလမ်းကြောင်းတစ်လျှောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပတဲ့ ပထမဦးဆုံးမြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးဖြစ်ကြောင်း သိရှိရသည်။
 
၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် ခိုင်မာသည့် သံန္နိဌာန်ဖြင့် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရာတွင် အတိုက်အခံ ပါတီ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ရှင်းလင်းတိကျစွာ သတ်မှတ်ပြဌာန်းရန် ယင်းညီလာခံ အား ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ရန်စီစဉ်ခဲ့ပြီးမှ ယခုကဲ့သို့ မတ်လတွင်ကျင်းပရန် အစီအစဉ် ပြောင်းရွှေ့ ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
 
တစ်ချိန်က တရားမ၀င်ပါတီအဖြစ်ပိတ်ပင်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွန်ခဲ့သည့်နှစ်က ပထမဦးဆုံးအကြိမ်အဖြစ် လွှတ်တော်အတွင်းသို့ဝင်ရောက်လာနိုင်သကဲ့သို့ ၂၀၁၃ ခုနှစ် ဧပြီလတွင်ကျင်းပခဲ့သည့် သမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲတွင်  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကိုယ်စားလှယ် ၄၃ ဦး အနိုင်ရခဲ့ပြီး နောက် ဥပဒေပြုလွှတ်တော်အတွင်းသို့ ကိုယ်စားလှယ် ၄၂ဦး ရောက်ရှိခဲ့သည်။
 
လူထုထောက်ခံမှု အမြောက်အမြားရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်နှစ်နှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။
 
အနှစ်ငါးဆယ် နီးပါးကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကာလနောက်ပိုင်း  ပေါ်ထွန်းလာသည့် အဆိုပါရွေးကောက်ပွဲမှာ မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းအတွက် အစမ်းသပ်ခံ ရွေးကောက်ပွဲတစ်ခုဖြစ်သည်ဟု လေ့လာသူများကဆိုသည်။
 
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်သမ္မတလောင်းအဖြစ် ၀င်ရောက်ရွေးချယ် ခံပိုင်ခွင့် မရှိသည်ကို တွေ့ရမည်ဖြစ်သည်။
 
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသားကို လက်ထပ်ခဲ့ပြီး သားနှစ်ယောက် လုံးမှာလည်း နိုင်ငံခြားသားများဖြစ်နေကြသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မကြာမီကျင်းပမည့် ပါတီညီလာခံတွင်ပါတီဗဟိုအလုပ်အမှုဆောင်များအား ရွေးချယ်သွား မ ည်ဖြစ်ပြီး အဆိုပါဗဟိုအလုပ်အမှုဆောင်များက ပါတီဥက္ကဌသစ်အား ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
သို့သော် ဒေါ်အောင်ဆန်းစုကြည်ပါတီအကြီးအကဲအဖြစ် ပြန်လည် ရွေးကောက်ခံရရန် မျှော်လင့်ထားခြင်းရှိမရှိကိုမူ အဖွဲ့ချုပ်အတွင်း အငြင်းပွားဖွယ်ရာဖြစ်နေပြီး ပါတီ၏ မူဝါဒနှင့်ပတ်သက်ပြီး ပါတီအတွင်းအငြင်းပွားမှုများ ရှိနေကြောင်း ပါတီဝင်များထံမှ သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အသက်အရွယ်ကြီးရင့်လာသည့် ခေါင်းဆောင်များမှာ  မျိုးဆက်သစ်တို့၏ တိုးပွား မြင့်မားလာသည့် ပြင်းပြသောမျော်လင့်ချက်များနှင့် ရင်ဆိုင်နေရပြီး ပါတီမှာလည်း အနာဂတ်ကာလ တီထွင် ဆန်းသစ်မှု စိန်ခေါ်ချက်များနှင့် ရင်ဆိုင်နေရသည်ဟု ပါတီဝင်များက ဆိုသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးမဲ အများဆုံးရရှိသောပါတီအဖြစ် အနိုင်ရရှိခဲ့သော်လည်း နိုင်ငံတော်အာဏာကိုမရရှိခဲ့သည့် ပါတီဖြစ်သည်။
ဗိုဟိန် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1