Wednesday, March 6, 2013

အိမ်ကွင်းတွင် အရေးနိမ့်ပြီး မန်ယူအသင်း ချန်ပီယံလိဂ်မှာ ထွက်ခွာ

Ever November | 3/06/2013 10:58:00 AM | Best Blogger Tips

ဒိုင်၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက် တစ်ခုနှင့်အတူ မန်ချက်စတာ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်မှပင် ထွက်ခွာခဲ့ရသည်။
မန်ယူအသင်းသည် ယခုပွဲစဉ်တွင် ဒန်နီဝဲလ်ဘက်၊ လူးဝစ်နာနီ၊ ရော်ဘင်ဗန်ပါစီ၊ မိုက်ကယ်ကာရစ်၊ တွမ်ကလီဗာလေ၊ ရိုင်ယန်ဂစ်၊ ရီယိုဖာဒီနန်၊ နီမန်ယာဗီဒစ်၊ ပက်ထရစ် အီဗရာ၊ ရာဖေးလ် ဒါဆေးလ်ဗားတို့ကို ပွဲထုတ် အသုံးပြုခဲ့သည်။ ရီးယဲလ်အသင်းတွင်မူ ဂွန်ဇာလို ဟီဂူအင်း၊ အိန်ဂျယ်လ် ဒီမာရီယာ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ရှာဘီအလွန်ဆို၊ မီဆွတ်အိုဇေးလ်၊ ဆမ်မီခီဒီရာ၊ ဆာဂျီယို ရာမို့စ်၊ ရာဖာရယ်လ် ဗာရာနီ၊ ဖေဘီယို ကွန်ထရာအို၊ အယ်လ်ဗာရို အာဘီလိုအာတို့ ပွဲထွက်လာကာ အိမ်ရှင် အသင်းကို တုံ့ပြန် ကစားခဲ့သည်။
နောက်တစ်ဆင့်တက်ရေး အရေးပါသည့် ပွဲကောင်း ဖြစ်သည်နှင့်အညီ ယခုပွဲကို အနိုင်ရရန် နှစ်သင်းလုံး အားထုတ် ကစားသွားပြီး ပွဲကောင်းတစ်ခု ဖြစ်လာသည်။ ပွဲအစပိုင်း (၁၀)မိနစ်ကျော်တွင် ဗန်ပါစီနှင့် ဂစ်တို့၏ အားထုတ်မှုများကို ရီးယဲလ်ခံစစ်မှူး ဗာရာနီနှင့် ရာမို့စ်တို့က တားဆီးနိုင်ခဲ့သည်။ မိနစ်(၂၀)တွင် ထောင့်ကန်ဘောကို ဗီဒစ် ခေါင်းတိုက် ဂိုးသွင်းရာ တိုင်ထိထွက်သွားပြီး ဝဲလ်ဘက်က ဆက်တိုက် ဂိုးသွင်းသော်လည်း ဂိုးသမား ဒီယေဂိုလိုပက်ဇ် ကာကွယ်သွားသည်။ (၂၅)မိနစ်တွင် ရော်နယ်လ်ဒို ရီးယဲလ်အတွက် ဂိုးသွင်းရန် အားထုတ်မှုကို ဗီဒစ် ပိတ်ဆို့သွားသည်။ (၃၁)မိနစ်တွင် ဒီမာရီယာ ပေးပို့သော ဘောလုံးကို ဟီဂူအင်း ဂိုးသွင်းယူရန် ကြိုးစားခဲ့သော်လည်း မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာ ကာကွယ်သွားသည်။ (၃၃)မိနစ်တွင် ရီးယဲလ် ဂိုးသွင်းခဲ့သော်လည်း ဟီဂူရင်း၏ အဆုံးသတ်မှု မတိုင်မီ ရာမို့စ်၏ ကစားပုံ ကြမ်းတမ်းခဲ့ခြင်းကြောင့် ဂိုးအဖြစ် သတ်မှတ်ခြင်း မခံရပေ။ (၃၄)မိနစ်တွင် ဗန်ပါစီ၏ အားပါသော ကန်ချက်ကို လိုပက်ဇ်က ပုတ်ထုတ်သွားခဲ့ပြီး ဝဲလ်ဘက်၏ ထပ်ဆင့် ပိတ်သွင်းမှုကိုလည်း ၎င်းကပင် လျင်လျင်မြန်မြန် ကာကွယ်သွားသည်။ ထို့နောက်တွင် မန်ယူတိုက်စစ်ဆင်မှုကို ရာမို့စ်က ဧရိယာထဲတွင် ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သည့်တိုင် ဒိုင်က ပင်နယ်တီပေးရန် ငြင်းဆိုခဲ့သည်။
ဒုတိယပိုင်းတွင် ပွဲပြန်စပြီး (၂)မိနစ်အတွင်း မန်ယူအသင်း ဦးဆောင်ဂိုး ရရှိသည်။ ရီးယဲလ် ဧရိယာထဲမှ လျှံထွက်လာသော ဘောလုံးကို ဘယ်ခြမ်းမှ နာနီ ဖြတ်ပို့ရာမှ ရာမို့စ်က ကိုယ့်ဂိုးကိုယ် သွင်းယူမိသွားသည်။ (၅၇)မိနစ်တွင် ယခုပွဲ၏ အငြင်းပွားမှု အများဆုံး ဖြစ်စေနိုင်သည့် ကိစ္စကို ကွင်းလယ်ဒိုင်က ပြုမူခဲ့သည်။ လေထဲမှ ကျလာသည့် ဘောလုံးကို တားယူရန် ကြိုးစားသည့် နာနီ၏ အားထုတ်မှုတွင် အာဘီလိုအာက ဝင်တိုးခဲ့သော်လည်း ဒိုင်ကမူ နာနီက အာဘီလိုအာကို ကြမ်းတမ်းစွာ ကစားကြောင်း ဆုံးဖြတ်ကာ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်လိုက်သည်။ လူအင်အား အသာစီး ရသွားသည့်နောက် ရီးယဲလ်သည် တိုက်စစ်ကို အရှိန်မြှင့် ကစားလာသည်။ (၆၆)မိနစ်တွင် လူစားဝင် ကစားသမား လူကာ မိုဒရစ်က ဂိုးဧရိယာ အပြင်ဘက်မှ လှပတိကျသော အဝေးကန်ချက်ဖြင့် ကန်သွင်းကာ ရီးယဲလ်တို့ ချေပဂိုး ရရှိခဲ့သည်။ (၂)မိနစ် အကြာတွင် ဟီဂူရင်း ညာခြမ်းမှ အနိမ့်ဖြတ်ပို့သည်ကို ရော်နယ်လ်ဒို ဝင်ပိတ်ကာ ရီးယဲလ်တို့ ပွဲကို ပြန်လည် ဦးဆောင်သည်။ ထို့နောက်ပိုင်းတွင် အက်ရှ်လေယန်း၊ ဝိန်းရွန်နီတို့ကို ထည့်သွင်းကာ မန်ယူအသင်း တိုက်စစ်အရှိန် ပြန်လည် မြှင့်တင်ခဲ့သော်လည်း ဗန်ပါစီနှင့် ဝဲလ်ဘက်တို့၏ အားထုတ်မှုများ ကံခေနေခဲ့သည်။ (၈၂)မိနစ်တွင် ယန်းဖြတ်ပို့သော ဘောလုံးကို ဂစ်က ခေါင်းတိုက်ခဲ့သော်လည်း လိုပက်ဇ် လက်စွမ်းပြ ကာကွယ်သွားပြန်သည်။ ထို့နောက် ရွန်နီ အပိုင်အခွင့်အရေး တစ်ရပ်ကို လွဲချော်ခဲ့ပြန်သည်။ မိနစ်(၉၀)တွင် ဗီဒစ်က ဗန်ပါစီ၏ ထောင့်ကန်ဘောကို အကောင်းဆုံး ခေါင်းတိုက် သွင်းယူသော်လည်း လိုပက်ဇ်က အံ့ဩဖွယ်ရာ လက်စွမ်းပြ တားဆီးသွားပြန်သည်။ နောက်ပိုင်းတွင်မူ ရီးယဲလ်အသင်းက အနိုင်ရလဒ်ကို ပိတ်ဆို့ ထိန်းကစားရင်း နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားခဲ့သည်။
Ref: Eurosport
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1