Monday, January 30, 2012

လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့စီးပွားရေး ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ သုံးသပ်

November | 1/30/2012 11:29:00 PM | Best Blogger Tips
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရှိခဲ့သော မြန်မာ့စီးပွားရေး  သည်လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ခြောက်ရာခိုင်နှုန်း တိုးတက်ကာ အနာဂတ်အာရှဒေသ၏ စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်သည်ဟု အိုင်အမ်အက်ဖ် (အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့)မှ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ခေါင်းဆောင် Meral Karasulu က ဇန်န၀ါရီလ ၂၅ ရက် နေ့တွင် သုံးသပ်ပြောကြားခဲ့ပါသည်။

“မြန်မာ့စီးပွားရေးအနေနဲ့ ကာလရှည် ကျဆင်းနေတဲ့ အခြေအနေ ကနေ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှာ ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးလာမယ့် ဘဏ္ဍာရေးနှစ်မှာ ခြောက်ရာခိုင်နှုန်း တိုးတက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်နိုင်ခြေ အလွန် မြင့်မားနေပြီး အာရှဒေသမှာ နောက်ထပ် စီးပွားရေး မျက်နှာစာသစ် နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်”ဟု ၁၉၉၉ ခုနှစ် နောက်ပိုင်းထုတ်ပြန်သည့် မြန်မာ့ စီးပွာရေးဆိုင်ရာ စစ်တမ်းတွင် Meral Karasulu က ပြောကြားပါသည်။

လက်ရှိ မြန်မာအစိုးရအနေဖြင့် နိုင်ငံ၏ စီပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံသားတို့၏ လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ပြီး သမိုင်းမှတ်တိုင် ထင်ကျန်နိုင်သည့် အခွင့်အလမ်းကို ရရှိနေပြီဖြစ်ကြောင်း၊ အခြေအနေများအရ ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာ အမြင့်မားဆုံး ရှိနေပြီး သယံဇာတရင်းမြစ်များ၊ လူငယ်လုပ်သားများနှင့် စီးပွားရေး အင်အားကြီးနိုင်ငံအချို့ နီးစပ်သည့် အနေအထားများကို လျော်ညီအောင်ဆောင်ရွက်နိုင်ပါက အာရှဒေသ၏ အရေးပါသော နောက်ထပ်စီးပွားရေး မျက်နှာစာသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း ထည့်သွင်းသုံးသပ်ခဲ့ပါသည်။

အိုင်အမ်အက်ဖ်အဖွဲ့အနေဖြင့် နိုင်ငံ၏ စီးပွားရေးတည်ငြိမ်စေရန် အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများကို တစ်ခုတည်း ဖြစ်စေရန် ပေါင်းစည်းရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သုံးသပ်ထားပြီး မက်ခရိုစီးပွာရေး ပတ်ဝန်းကျင် တည်ငြိမ်စေရန်အတွက်လည်း စီမံခန့်ခွဲမှုကို ပြုပြင်ပြောင်းလဲသွားရန်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး မူဝါဒများကိုလည်း ကောင်းမွန်အောင် ပြင်ဆင်ပေးရန် တိုက်တွန်းထားပါသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မက်ခရိုစီးပွာရေး ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိသော်လည်း စိန်ခေါ်မှုများ ရှိနေသေးကြောင်း၊ ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံများ၏ ၀ယ်လိုအား လျော့နည်းနေခြင်းကြောင့် မြန်မာနိုင်ငံမှ ကုန်ကြမ်းများ တင်ပို့နိုင်မှုကျဆင်းနိုင်ခြင်း၊ လုပ်သားများ အလုပ်အကိုင်ရရှိမှု နည်းပါးသောကြောင့် အလုပ်လက်မဲ့ဦးရေ များပြားနိုင်ခြင်း နှင့် ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်စွမ်းအား နည်းနေခြင်းကဲ့သို့ အချက်များကို သတိပြုရမည်ဖြစ်ကြောင်း ထည့်သွင်း သုံးသပ်ထားပါသည်။

Meral Karasulu  က “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကောင်းတာတွေ ပြောရရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တားဆီးမှုတွေ လျှော့ချလာတာတွေ့ရတယ်။ ငွေလဲနှုန်းနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေကို လျှော့လာတယ်။ ဘဏ်တွေရဲ့ချေးငှားနိုင်စွမ်း တိုးတက်လာတယ်။ အတိုးနှုန်းလည်း ကျလာတယ်။ ဒါပေမယ့် ငွေဖောင်းပွမှုနှုန်းထက် မနည်းအောင်တော့ သတိပြုဆောင်ရွက်ဖို့ လိုတယ်။ အတိုးနှုန်း လျော့တဲ့အတွက် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု များလာတာ တွေ့ရတယ်။ လုပ်ငန်းလုပ်ရာမှာ ကုန်ကျစရိတ် လျော့စေလို့ ကောင်းတယ်။ ဘဏ္ဍာရေးပိုင်းမှာလည်း အစိုးရအနေနဲ့ ပိုပြီးသတိရှိလာတယ်။ ကျစ်ကျစ်လစ်လစ် လုပ်လာတယ်လို့ ယူဆပါတယ်။ ဘတ်ဂျက်ရေးဆွဲရာမှာ ဦးစားပေးသင့်တာ ဦးစားပေးဖို့လိုတယ်။ အများပြည်သူ သိအောင် ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်”ဟု ပြောကြားပါသည်။

အိုင်အမ်အက်ဖ် အနေဖြင့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးမူဝါဒကို မှန်ကန်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် တိုက်တွန်းထားပြီး ဘဏ္ဍာရေးမူဝါဒကို ရေရှည်ဖွံ့ဖြိုးစေရန် ဦးတည်ဆောင်ရွက်သွားရန် တိုက်တွန်းထားကြောင်း သိရပါသည်။ အိုင်အမ်အက်ဖ် အနေဖြင့် မြန်မာနိုင်ငံကို ဇန်န၀ါရီလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ လာရောက်ခဲ့ပြီး ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးစစ်တမ်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1