ဇေကမ္ဘာကုမ္ပဏီမှ ၂၀၁၀ပြည့်နှစ်၌ ကရုဏာကြေးတစ်ဧက ကျပ်သုံးသိန်းစီပေး၍
သိမ်းယူထားသော မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာမှ လယ်မြေ ၈၁၅ ဧကကို
တစ်ဧကလျှင် ကျပ်သိန်း ၅၀
စီပေးအပ်မည်ဖြစ်ကြောင်း လယ်သမားများထံသို့ မတ် လ ၁
ရက်နေ့ ကမ်းလှမ်းခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါ ကမ်းလှမ်းချက်ကို
ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်က မတူကွဲပြားခြင်းနှင့်
ငြိမ်းချမ်းရေးပါတီ၊ ဥက္ကဋ္ဌ ဦးနေမျိုးဝေမှတစ်ဆင့် လယ်သမားများထံသို့
ပြောကြားခြင်းဖြစ်ကြောင်း ရွှေနံ့သာကျေးရွာမှ လယ်သူမကြီး ဒေါ်တင်စိန်က
ဆိုသည်။
'' ဒီနေ့ ညနေ ၄ နာရီလောက်မှာ ဦးနေမျိုးဝေက အဒေါ့်ဆီ ဖုန်းဆက်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီက အဒေါ်တို့လယ်ကွက်တွေကို တစ်ဧက သိန်း ၅၀ စီပေးမယ်တဲ့။ အဲ့ဒါ
ဘယ်လိုသဘောရလဲလို့ မေးပါတယ်။ လောလောဆယ်တော့ အဒေါ်တို့ဘက်က ဘာမှ
မဆုံးဖြတ်ရသေးဘူး။ ဒီထဲမှာ ပါတဲ့ လယ်သမားတွေအားလုံး တိုင်ပင်ရဦးမှာပါ'' ဟု
ဒေါ်တင်စိန်က မတ်လ ၁ ရက်နေ့၌ ပြောပြခဲ့သည်။
မတ်လ ၂ ရက်နေ့၌မူ လယ်သမားများအားလုံး၏ စုဝေးတိုင်ပင်ချက်များအရ
လယ်သမားအချို့က မိမိလယ်၌ ပြန်လည်လုပ်ကိုင်ခွင့်ကိုသာ လိုချင်ကြောင်းနှင့်
လယ်သမားအချို့ကမူ လက်ရှိအချိန် ယင်းလယ်မြေများပေါ်၌ ကုမ္ပဏီမှ
ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းမီးတိုင်သွယ်တန်းခြင်း၊
နှင့်ရေမြောင်းဖောက်ခြင်းတို့ ဆောင်ရွက်ထားမှုများရှိသောကြောင့် ကုမ္ပဏီ၏
ကုန်ကျခဲ့သည့်စရိတ်များကိုငဲ့ကွက်ကာ ယင်းကမ်းလှမ်းချက်ကို ညိနှိုင်းလိုသည့်
ဆန္ဒရှိနေကြောင်း၊ သို့သော် ကုမ္ပဏီဘက်မှ ကမ်းလှမ်းချက်အတု
အယောင်ဖြစ်မည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရှိရသည်။
ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၌
နှစ်စဉ်စိုက်ပျိုးနေသည့် လယ်မြေ ၈၁၅ ဧကကို ၂၀၁၀ပြည့်နှစ်တွင်
သိမ်းယူခဲ့ပြီးနောက် ဇေကမ္ဘာစက်မှုဇုန်အပိုင်း(၄)ကို အကောင်အထည်ဖော်
ဆောင်ရွက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၄၀၀၊
၅၀၀ ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။Ref; EMG
No comments:
Post a Comment