Saturday, April 7, 2012

 မြစ်ဆုံစီမံကိန်းတွင် လုံခြုံရေးတပ်ဖွဲ့တစ်ချို့သာ ကျန်ရှိတော့ပြီး စက်ယန္တရားများကိုလည်း ရွှေ့ထုတ်၊ ပြန်သယ်ခြင်းများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရကြောင်းနှင့် စီမံကိန်းဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းပြောကြား

Ever November | 4/07/2012 08:25:00 PM | Best Blogger Tips
ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် လုံခြုံရေးတပ်ဖွဲ့ တစ်ချို့သာကျန်ရှိတော့ပြီး စက်ယန္တရားပစ္စည်းများကိုလည်း ရွှေ့ထုတ်ခြင်း၊ ပြန်သယ်ခြင်းများပြုလုပ်သွားရန် စီစဉ်နေသည်ဟု
သိရကြောင်းနှင့် စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိပါကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်းမှ ပြောကြားခဲ့ပါသည်။

အဆိုပါအချက်ကို ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel တွင်ပြုလုပ်ခဲ့သော ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့၏ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှု သတင်းစာရှင်း လင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦး ဇော်မင်းမှ Sky Net ရုပ်သံမှ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် Sky Net ရုပ်သံမှ ဒေါက်တာတင်အောင်ရွှေမှ မြစ်ဆုံစီမံကိန်းအား သမ္မတကြီးမှ ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာထားသော်လည်း ပြည်လည်လုပ်ဆောင်နေသည်ဟု သတင်းများထွက်နေခြင်းနှင့် ပတ်သက်၍ တကယ်ဟုတ်၊ မဟုတ် ပြောကြားပေးပါရန် မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းမှ " မြစ်ဆုံနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတကြီးက လွှတ်တော်မှာ သ၀ဏ်လွှာပို့ပြီးတော့ မြစ်ဆုံစီမံ ကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာခဲ့ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော်သမ္မတ ဆုံးဖြတ်ထားတဲ့ကိစ္စ၊ လွှတ်တော်မှာ အတည် ပြုကြေညာထားတဲ့ကိစ္စဖြစ်ပါတယ်။ အစိုးရအဖွဲ့အကြီးအကဲ နိုင်ငံတော် သမ္မတနဲ့ လွှတ်တော်တို့က ဆုံးဖြတ်ထားတဲ့ကိစ္စ၊ အတည်ပြုထားတဲ့ကိစ္စကို ၀န်ကြီးဌာနက ဆက်လုပ်စရာ ဘာမှမရှိပါဘူး။ လုပ်နေတာလည်း မရှိပါဘူး။ လုံးဝရပ်ဆိုင်းထားပါတယ်။ သို့သော်လည်း  စီမံကိန်းက စတင်လုပ်ဆောင်တဲ့အချိန်က သုံးလေးနှစ်လောက်ရှိခဲ့ တဲ့ အခါကျတော့ သုံးခဲ့တဲ့ စက်ယန္တရားတွေ၊ ယာဉ်တွေ၊ စက်ကိရိယာတွေ၊ အချို့သော တည်ဆောက်ရေး ပစ္စည်းတွေ၊ ဥပမာအားဖြင့် သံချောင်းလိုဟာမျိုးတွေပေါ့။ နောက် စမ်းသပ်စစ်ဆေးရတဲ့ Laboratory ပစ္စည်း၊ ပစ္စယမျိုးတွေ စသဖြင့် ချက်ချင်းရွှေ့ထုတ်လို့ မရတဲ့ပစ္စည်းတွေ ကျန်ပါတယ်။ အဲဒါတွေကို မပျောက်ပျက်အောင် စောင့်ရှောက်ပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့အချို့တော့ ကျန်ပါတယ်။  စက်ယန္တရားပစ္စည်းတွေကိုလည်း ရွှေ့ထုတ်ဖို့၊ ပြန်သယ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။ စီမံကိန်း ဆက်လက်လုပ်ဆောင်နေမှု လုံးဝမရှိကြောင်း တင်ပြအပ်ပါတယ်" ဟု ပြန်လည်ဖြေကြားသွားခဲ့ပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1