Thursday, May 10, 2012

ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းသည်ဆိုသည်မှာ မှန်ကန်

Ever November | 5/10/2012 05:50:00 PM | Best Blogger Tips
ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းထားသည်မှာ မှန်ကန်ကြောင်း ၄င်း၏မိသားစုနှင့် နီးစပ်သည့် ပုဂ္ဂိုလ်မှတစ်ဆင့် Eleven Media Group မှ စုံစမ်းသိရှိရပါသည်။ 

ရဟန်းဘောင်သို့ ခေတ္တ မ၀င်ရောက်မီ မေလ (၃)ရက်နေ့တွင် တာဝန်မှ အနားယူခွင့်တောင်းသည့်စာအား နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါရက်မတိုင်မီက စင်ကာပူနိုင်ငံတွင် သွားရောက်ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ယခုကဲ့သို့ တာဝန်မှ အနားယူခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေကြောင့် မိမိ သဘောဆန္ဒအလျှောက်သာ တာဝန်မှ အနားယူခွင့်တောင်းသည်မှာ မှန်ကန်ကြောင်း သိရပြီး အဆိုပါ အနားယူခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံခြင်း ရှိ၊ မရှိကိုမူ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါသတင်းအား အတည်ပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးထံ Eleven Media Group မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းခြင်းနှင့် ပတ်သက်၍ မသိရှိကြောင်းနှင့် အတည်ပြုပေးရန် ငြင်းဆိုခဲ့ပြီး အခြားသတင်းရင်းမြစ်များမှ ဆက်လက်စုံစမ်းရန်သာ ပြန်လည်ဖြေကြားခဲ့ပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်ခြင်းနှင့် ဆက်စပ်နေကြောင်း ထွက်ပေါ်နေသည့် သတင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကျန်းမာရေးကြောင့်၊ ၄င်း၏ သဘောဆန္ဒအလျောက်သာ ဖြစ်ကြောင်း ဒုတိယသမ္မတ (၁) နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရှိရပါသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ အနိုင်ရကာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဒုတိယသမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေပါ ပုဒ်မ (၇၂)တွင် “နိုင်ငံတော်သမ္မတ(သို့မဟုတ်)ဒုတိယသမ္မတတစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်းမကုန်ဆုံးမီ ဆန္ဒအလျှောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။” ဟု ဖေါ်ပြပါရှိပါသည်။ ထို့ကြောင့် ထွက်ပေါ်နေသော သတင်များအရ အမှန်တစ်ကယ် နုတ်ထွက်ခဲ့ပါက ဒုတိယသမ္မတ (၁) နေရာတွင် အစားထိုး ၀င်ရောက်လာနိုင်ဖွယ် ရှိသူများကိုလည်း ထင်ကြေးပေး မှန်းဆနေကြရာ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ  ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးတို့ပါဝင်ကြောင်း သိရှိရပါသည်။ အတည်မပြုနိုင်သော သတင်းများအရ ဒုတိယ သမ္မတ (၁)  နုတ်ထွက်စာတင်သွင်းခြင်းနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေးမှုများ၊ အထူးအစည်းအဝေး ပြုလုပ်မှုများ ရှိကြောင်းလည်း သိရသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၂)မှဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှုး (၁)အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၄င်းသည် ဆုံးဖြတ်ချက်ခိုင်မာသူဖြစ်ပြီး ဆုံးဖြတ်ချက်ချပြီးပါက ပြန်ပြင်လေ့ မရှိကြောင်း နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ထပ်မံသိရှိရသော သတင်းများအရ ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးအား ရာထူးမှ အနားယူခြင်းမပြုဘဲ တာဝန်ပြန်လည် ထမ်းဆောင်ရန် တိုက်တွန်းမှုများရှိနေကြောင်း သိရှိရသည်။

ဒုတိယသမ္မတ (၁) အနားယူခြင်း သတင်းများကို ပြည်တွင်းသတင်းဂျာနယ်များတွင် ဖေါ်ပြခြင်းမပြုရန် စာပေစိစစ်ရေးမှ ပိတ်ပင်ထားခဲ့ခြင်း၊ ဖေါ်ပြခဲ့သည့် ဂျာနယ်အချို့ကို သတိပေးခဲ့ခြင်းနှင့် ပတ်သက်၍ မီဒီယာဥပဒေ ရေးဆွဲမှုတွင် အဓိက ပါဝင်သူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာန ညွှန်ကြားရေးမှုးချုပ် ဦးရဲထွဋ်ကို DVB မှ မေးမြန်းခဲ့ရာ ပိတ်ပင်ထားသည်မှာ မှန်ကန်ကြောင်းနှင့် ထိုသတင်းများမှာ ကောလာဟလကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်သည့်အတွက် ခွင့်မပြုခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

"အနားယူခွင့် တောင်းတယ်ဆိုတဲ့ သတင်းက မှန်ပါတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကိုသာ တိတိကျကျမသိရသေးတာပါ။ သတင်းအတည်ပြုပေးမယ့်သူ မရှိသေးတာပါ။  ဒီလိုအနေအထားမျိုးမှာ သတင်းထုတ်ပြန်မှုတွေအတွက် တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ချုပ် ဦးရဲထွဋ်အနေနဲ့ ကောလာဟလလို့  ပြောလိုက်တာကတော့ မဖြစ်သင့်ပါဘူး။ ဒီထက်ပိုပြီး တိတိကျကျ ပြောသင့်ပါတယ်။  Press Freedom Day တုန်းကတောင် ပြန်ကြားရေးဒုဝန်ကြီးက လွတ်လပ်စွာ သတင်းရေးသားခွင့် သာမက သတင်းအချက်အလက် ရယူတဲ့နေရာမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးဖို့ လုပ်နေတယ်လို့ ပြောသွားတယ်။ နောက်ပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ကို  ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင့်သုံးနိုင်ဖို့ လိုအပ်တဲ့ ပုံနှိပ်မီဒီယာဆိုင်ရာ ဥပဒေကြမ်းကို ရေးနေတယ်လို့လည်း ပြောသွားတယ်။ မီဒီယာ ဥပဒေရေးဆွဲမှုမှာ ဦးရဲထွဋ်လည်း ပါတာပါပဲ။ တစ်ကယ်တော့ သတင်းတွေကို ထိန်ချန်တာ ဖုံးကွယ်ထားတာတွေဟာ သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတာနဲ့ အတူတူပါပဲ” ဟု Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1