Tuesday, May 8, 2012

ဒေါ်အောင်ဆန်းစုကြည် ကို ဒု-သမ္မတ ခန့်အပ်လိုပါက အခြေခံဥပဒေပြင်မှဖြစ်မည်

Ever November | 5/08/2012 08:16:00 PM | Best Blogger Tips
ယခုရက်ပိုင်းအတွင်း ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်မည်ဆိုသည့်  သတင်းများထွက်ပေါ်လျှက်ရှိရာ အကယ်၍ ၎င်းနေရာတွင်  ဒေါ်အောင်ဆန်းစုကြည်အား ခန့်အပ်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီးမှ သာလျှင် ခန့်အပ်ခွင့်ရှိမည်ဟု လွှတ်တ်ာကိုယ်စားလှယ်များက ပြောဆိုသည်။
"အခုထွက်နေတဲ့ သတင်းပေါ်မှာ အခြေခံပြီး လူတိုင်းကစိတ်ဝင်စားနေတာက ကျွန်တ်ာတို့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒု-သမ္မတ နေရာ တင်မယ်ပေါ့ အကယ်လို့ တင်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်မှပဲရမယ် အခြေခံဥပဒေနဲ့ ငြိနေတာတွေရှိတယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ၀ိုင်ပီအိုင်သို့ ပြောသည်။

အလားတူ ဥပဒေပညာရှင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း " ဒေါ်စု တင်မယ်ဆိုရင် ဒု-သမ္မတက စစ်ရေးအမြင်ရှိရမယ် ဆိုတာပါနေတယ် နောက် သူ့သားတွေခင်ပွန်းတွေနဲ့ ပတ်သက်ပြီးဖွဲ့စည်းပုံမှာ ငြိနေတာတွေရှိတယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင် ဘယ်လိုမှတင်လို့မရဘူး "ဟုဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၃) ပုဒ်မ (၅၉)(စ)အရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ များ၏ အ ရည်အချင်းများတွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးသားသမီး တစ်ဦးဦးသော်လည်းကောင်း ၊ထိုတရား ၀င်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ်ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း ၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟုပါရှိသည်။

နှုတ်ထွက်မည်ဟု လတ်တလော သတင်းများထွက်ပေါ်နေသော ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် အမျိုးသားလွှတ်တော်နှင့် ပြည့်သူ့လွှတ်တော် နှစ်ရပ်အတွင်းရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည် စာရင်း တင်သွင်းသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်သွင်း ထားသူ ဖြစ်သည်။
ထို့ကြောင့် ၎င်းနှုတ်ထွက်ပါက ယင်းတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကသာ ဒု-သမ္မတကို ပြန်လည် ရွေးချယ်တင်သွင်းရမည်ဖြစ်သည်။

"တပ်မတော်သားကိုယ်စားလှယ်တွေက စစ်တပ်က လာတဲ့သူတယောက်ယောက် ကိုပဲဖြစ်ဖြစ် ၊ဒေါ်စုကို ကိုပဲဖြစ်ဖြစ် သူတို့ရွေးချယ်ချင်ရင် ရွေးလို့ရပါတယ် ဒါပေမယ့် ဒေါ်စုကိုရွေးချယ် တင်မြောက်မယ်ဆိုရင် သူ့ခင်ပွန်းသူ့သား တွေနဲ့ပတ်သတ်ပြီး ဖွဲ့စည်းပုံနဲ့ငြိနေတဲ့အတွက် နာမည်စာရင်း တင်ပြတဲ့နေရာမှာပဲကို ပြုတ်ကျသွားနိုင်ပါတယ် "ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။

ဒု-သမ္မတမှာဒု-သမ္မတ (၁) နှင့်(၂) နှစ်ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒု-သမ္မတ (၁) အနာယူသွားပါက ဒု-သမ္မတ(၂) မှာ (၁) ဖြစ်လာပြီး နောင်ရွေးချယ်မည့် ဒုသမ္မတမှာ (၂) ဖြစ်လာမည်ဟု ၎င်းကဆိုသည်။ လက်ရှိဒု-သမ္မတများမှာ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ (၁)ဖြစ်၍ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှာ (၂)ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၇၂) အရ နိုင်ငံတော်သမ္မတသို့မဟုတ်  ဒုတိယသမ္မတစ်ဦးဦးသည် မိမိ၏ ရာထူးသက်တမ်း မကုန်ဆုံးမီ မိမိဆန္ဒ အရနှုတ်ထွက်လျင် နှုတ်ထွက်ခွင့်ပြုရမည်ဟု ပါရှိသည်။
အကယ်၍ ဒု-သမ္မတ နှုတ်ထွက်ခဲ့မည်ဆိုလျှင် ပုဒ်မ (၇၂)(စ) အရ ဒုတိယ သမ္မတ ရာထူးနေရာလစ်လပ်လျင် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယသမ္မတကို ရွေးချယ် တင်မြောက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယ သမ္မတ တစ်ဦးရွေးချယ်တင်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီး အမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဟုပါရှိသည်။

ပုဒ်မ (၇၂)(ဆ) အရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော် အကြီးအမှူးသည် နိုင်ငံတော်သမ္မတဧ။်အကြောင်းကြားစာရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ က ဒုတိယသမ္မတ တစ်ဦး ကို ရွေးချယ်တင်မြောက်ရေး အတွက်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်ဟုပါရှိသည်။

ကျန်းမာရေးအကြောင်းကြောင့် ဒု-သမ္မတ(၁) နှုတ်ထွက်မည်ဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှ စ၍ ဗီအိုအေမြန်မာပိုင်း သတင်းဋ္ဌာနနှင့် ရိုက်တာသတင်းဋ္ဌာနတို့မှ ရေးသားဖေါ်ပြလျှက်ရှိသော်လည်း ယနေ့ထိ တရားဝင် ကြေညာချက် တစုံတရာ ထွက်ပေါ်မလာသေးပေ။

ဒုသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦးမှာနအဖ အစိုးရလက်ထက်က အတွင်းရေးမှူး (၁) တာဝန်ယူခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အခြားသော တပ်မတော်အရာရှိကြီးများနှင့်အတူ တပ်မတော်မှ အနားယူခဲ့သည်။

၎င်းနောက် ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး အစိုးရအဖွဲ့တွင် ဒုတိယ သမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၎င်းသည်  ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူ၊ တရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများနှင့် အဆက်အသွယ်ရှိသူအဖြစ် သိရှိထားကြပြီး မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းများကို စီမံခန့်ခွဲလျှက်ရှိသူ ဖြစ်သည်။      
 Yangon Press International

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1