Thursday, June 28, 2012

အစိုးရငြိမ်းအဖွဲ့ PNLO နှင့် အပစ်ရပ်မည်၊ မယ်တော်ဆေးခန်း ကူညီမည်

Ever November | 6/28/2012 04:12:00 PM | Best Blogger Tips
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းအတွက် ဝန်ကြီး ဦးအောင်မင်းက အလှူငွေ ဘတ် တသိန်းခွဲအား ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင် အား လွှဲပြောင်းပေးအပ်နေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တွေ့ဆုံမှုများကို ဆက်လက်ပြုလုပ်နေရာ ဇွန်လ ၂၇ ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆးခန်းသို့ ဒုတိယအကြိမ် သွားရောက်ပြီး အလှူငွေများ ပေးအပ်ကာ ဘန်ကောက်မြို့တွင်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တွေ့ဆုံဆွေးနွေးခဲ့သည်။

PNLO နှင့် ဦးအောင်မင်းတို့ တွေ့ဆုံစဉ် အပစ်အခတ် ရပ်စဲရေးကို မူအားဖြင့် သဘောတူလိုက်သည်ဟု PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ကျနော်တို့ တပ်နယ်မြေ အခြေအနေကိစ္စက ဆက်ညှိဖို့ လိုတာကလွဲလို့ ယေဘုယျ အချက် ခြောက်ချက်က မူအားဖြင့် သဘောတူထားတဲ့သဘောရှိတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ပထမအကြိမ် ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သည့် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်ရေး၊ လူထုစည်းရုံးရေးလုပ်ခွင့်၊ NGO နှင့် ဆက်ဆံခွင့်၊ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ မီဒီယာများကို သင့်တော်သလို သတင်းထုတ်ပြန်ခွင့်ပေးရေး အပါအဝင် အချက် ခြောက်ချက်ကို ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုတွင် မူအားဖြင့် သဘောတူလိုက်ခြင်း ဖြစ်သည်။

ဆက်ဆံရေးရုံးများကို မွန်ပြည်နယ်၊ သထုံမြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖွင့်လှစ်ရန် သဘောတူခဲ့သော်လည်း တောင်ကြီးခရိုင်ဆီဆိုင်မြို့နယ်အရှေ့ဘက်၊ဟိုမိန်းမြို့နယ်ခွဲ တောင်ဘက်၊ မောက်
မယ်မြို့နယ် တောင်ဘက်ဒေသများတွင် တပ်နယ်မြေ သတ်မှတ်ရေးကိစ္စနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်းရန်ရှိသည်ဟု ဆိုသည်။

ဘန်ကောက် ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် PNLO ဘက်မှ အထွေထွေ အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းနှင့် ဦးခွန်ဥက္ကာတို့ ပါဝင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဦးအောင်မင်း ဦးဆောင်သော အဖွဲ့သည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း သွားရောက်လေ့လာခဲ့ပြီး အလှူငွေ ဘတ် တသိန်းခွဲကို ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင် အား ပေးအပ်ခဲ့သည်။

ထို့ပြင် ဝန်ကြီးဦးအောင်မင်းနှင့် ဝန်ကြီး ခင်ရီတို့က မယ်တော်ဆးခန်းမှ ကလေးလူနာဆောင်ရှိ ကုတင် တလုံးလျှင် ဘတ်ငွေ တထောင်စီ ပေးအပ်ခဲ့သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

“ပြည်ပမှာနေပြီးတော့ ဆောင်ရွက်နေတဲ့ အပေါ်မှာ ဝန်ကြီးဦးအောင်မင်းက ကူညီတာ ဖြစ်တယ်။ ဒေါက်တာ စင်သီယာမောင်က သူ့အခက်အခဲတွေ ပြောတယ်။ အလှူရှင်တွေ ကြပ်တည်းလာတာတွေကို ဝန်ကြီးကို တင်ပြတာ
တွေ့ရတယ်။ ပြည်ပမှာ နေပြီး ၂၃ နှစ်လုံး ကျန်းမာရေး၊ လူမှုရေးတွေ လုပ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ဒီအစိုးရလက်ထက် တတ်နိုင် သလောက်ကူညီဆောင်ရွက်မယ်ဆိုတာ ပြောပါတယ်” ဟု မဇ္စျိမကို ပြောသည်။  

ထို့ပြင် ဝန်ကြီးဦအောင်မင်းက မြန်မာနိုင်ငံကို အကူအညီပေးရေးအဖွဲ့ ခြောက်နိုင်ငံ ကိုလည်း ချက်ချင်းကူညီပေးရန် တိုက်တွန်းမည်ဟု ဒေါက်တာစင်သီယာမောင်အား ကတိပေးသွားပြီး မြန်မာပြည်ဘက်ခြမ်းတွင် ဆေးရုံတရုံ
ဆောက်ပေးရန် အကြံပြုသည်ဟု ဆိုသည်။  

ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေး ၃,ဝဝဝ ခန့်အား
ကျွေးမွေး ထောက်ပံ့ပေးနေပြီး တနှစ်တွင် လူနာ ၃,ဝဝဝ ခန့်အား မျက်စိ အခမဲ့ ကုသပေးနေရသည်ဟု သိရသည်။ မယ်တော် ဆေးခန်းအား ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ် စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် လူနာ ၁၂ဝ,ဝဝဝ ကျော် ရှိသည်။

ထို့ပြင် ဦးအောင်မင်းတို့ အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ် ပူးပေါင်းဆောင်အဖွဲ့ TBBC မှ တာဝန်ရှိသူများနှင့်လည်း
တွေ့ဆုံခဲ့ရာ စစ်ပြေးဒုက္ခသည်များနှင့် IDP အရေးပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဒုက္ခသည်များ ပြန်လာနိုင်ရေး ဆက်လက်
ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တစိတ်တဒေသအဖြစ် မူအားဖြင့် ဦးအောင်မင်းက သဘောတူကြောင်း ဦးညိုအုန်းမြင့်က ပြောပြသည်။

ဝန်ကြီး နှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် လူမှု တရားမျှတရေး အဖွဲ့ ဒါရိုက်တာ ဒေါက်တာ
သောင်းထွန်းနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိသည်။

ဇွန်လ ၂၈ ရက်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)နှင့် ရခိုင်လွတ်မြောက်ရေး ပါတီတို့နှင့် ဆက်လက် တွေ့ဆုံ ဦးမည် ဖြစ်သည်။
မဇ္စျိမ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1