Saturday, July 7, 2012

 7 July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရုံး၌ ပြုလုပ်

Ever November | 7/07/2012 07:36:00 PM | Best Blogger Tips
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်မှ ပြောကြားစဉ်

July နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ယနေ့နံနက် ၉ နာရီက ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
 ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ
အခမ်းအနားတွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ဥက္ကဌ ကိုကျော်ကိုကို၊ ၁၉၆၂ ကျောင်းသား ခေါင်းဆောင် ဦးလှရွှေ၊ ဦးဝင်းတင်(သဘာပတိ အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့မှ 7 July ဖြစ်ပေါ်လာရခြင်း အကြောင်းများနှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အဦ ဖောက်ခွဲ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ သမိုင်းကြောင်းများနှင့် ဆုံးရှုံးမှုများအား ပြောကြားခဲ့သည်။
ထို့အပြင် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ ယမန်နေ့ညက သက်ဆိုင်ရာ အာဏာပိုင်များမှ ခေါ်ယူသွားခြင်း ခံရသော ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့နှင့် ပတ်သက်၍ ခေါ်ယူသွားခြင်းကို ကန့်ကွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ မိဘများနှင့်အတူ ခေါ်ယူသွားခံရသူများ၏ ဓါတ်ပုံများကို ကိုင်ဆောင်ကာ ၎င်းတို့အား အမြန်ဆုံး လွှတ်ပေးရန်နှင့်လစ်လပ်သွားသောတာဝန်များကိုဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့
သည်။
 ဗကသဥက္ကဌ ကိုကျော်ကိုကို
ကျွန်တော်တို့ ဘာကြောင့် သမိုင်းသင်ရသလဲဆိုတော့ အမှန်တရားကို သိဖို့ လိုလို့၊ ဂုဏ်ယူစရာ ရှိရင် ဂုဏ်ယူရမယ်။ သင်ခန်းစာယူစရာ ရှိရင် ယူရအောင် သင်ကြားရတာပါ။ အဲဒီတော့ 7 July ဟာ သမိုင်းမှာ မေ့ပျောက်လို့ မရကောင်းဘူး။ သင်ခန်းစာ ယူစရာ နေ့တစ်နေု့ဖြစ်တယ်ဆိုတာ အားလုံး နားလည်ပြီး ဖြစ်ပါတယ်။ ကျောင်းသားသမိုင်းဟာ လွတ်လပ်ရေး ကြိုးပမ်းတဲ့ ခေတ်ကတည်းက တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို ကျောင်းသားတွေ ဦးဆောင်ခဲ့ပါတယ်။ 
သေချာစဉ်းစားကြည့်ပါ။ ကျောင်းသား သမဂ္ဂဆိုတဲ့ အဆောက်အဦနဲ့ ကျောင်းသားလှုပ်ရှားမှုဟာ မိခင်လိုပဲ သားကောင်း သမီးကောင်းများစွာကို ကျောင်းသား သမဂ္ဂက မွေးဖွားပေးခဲ့ပါတယ်။ အဲဒီမိခင်ကောင်းကို လုပ်ကြံသတ်ဖြတ်လိုက်ရုံနဲ့ သူ့မျိုးဆက်ဟာ မျိုးမကန်းနိုင်ပါဘူး။
ထိန်းသိမ်းခံရသော ကျောင်းသားမိဘ တစ်ဦးနှင့်အတူ
ကျောင်းသား သမဂ္ဂ အဆောက်အဦတွေ ကျောင်းသားတွေကို လုပ်ကြံဖျက်ဆီးခဲ့ပေမဲ့ အဲဒီကျောင်းသားတွေဟာ အဆက်ဆက် လက်ဆင့်ကမ်းလာကြတယ်။ အဲဒီ မျိုးဆက်တွေကလည်း မျက်ရည်တွေကြားမှာ ကျည်ဆံတွေကြားမှာ ဆက်ပြီးတော့ ရှင်သန်လာခဲ့တယ်။ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအထိ လက်ကမ်းလာကြတယ်။ မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ သူတွေဟာလည်း အဲဒီ မျိုးဆက်တွေပါပဲ။ အဲဒီမိခင်ကောင်းက မွေးခဲ့တဲ့ မျိုးဆက်တွေပါ။ ဒါကြောင့် အဲဒီ မိခင်ကောင်းကို လုပ်ကြံလို့ ရနိုင်ပေမဲ့ သူ့ရဲ့ မျိုးဆက်တွေကိုတော့ မျိုးကန်းသွားအောင် ဘယ်တော့မှ မလုပ်နိုင်ပါဘူး။ အဲဒီ အစဉ်အလာကို ကျွန်တော်တို့ ဆက်ပြီး ထိန်းသိမ်းရမယ်။ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာကောင်းကို ပြန်ပြီးတော့ ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ တစ်ချိန်က အရှေ့တောင်အာရှ ဒေသတစ်ခွင်က ကျောင်းသားတွေ သွားရည်ယိုခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်က အောက်စဖို့ဒ်တက္ကသိုလ်လို၊အမေရိကန်ကဟားဗတ်တက္ကသိုလ်လို ကျောင်းသားတိုင်းတက်
ချင်ခဲ့တဲ့ ရန်ကုန်တကက္ကသိုလ်ဟာ ဒီနေ့ အဆင့်အတန်း ဘယ်လောက် နိမ့်ကျနေပြီဆိုတာ အားလုံး သိပါတယ်။
 ကိုကိုကြီး (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
ကျောင်းသား သမဂ္ဂအဆောက်အဦကို ပြန်လည် အသက်သွင်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အဲဒီတက္ကသိုလ်ရဲ့ မျိုးဆက်တိုင်း ကျွန်တော်တို့နဲ့ လာပြီး လက်တွဲစေချင်ပါတယ်။ ဆက်ပြီးတော့ ကျယ်ပြန်တဲ့ အင်အားတွေ ဖွဲ့ပြီးတော့ ရန်ကုန်တက္ကသိုလ် ပြန်ပြီးတော့ ဖွံ့ဖြိုးရေး၊ ပြီးတော့ တကသ အဆောက်အဦ ပြန်လည် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး ကြိုးစားကြရပါမယ်။ ဘယ်လို အင်အားတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိပါစေ ကျွန်တော်တို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ အားထုတ်ရပါမယ်။
ဦးလှရွှေ (၆၂ ကျောင်းသားခေါင်းဆောင်)
တက္ကသိုလ် သမဂ္ဂ အဆောက်အဦဆိုတာ သမိုင်းရဲ့ သင်္ကေတ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပထမ လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင်တွေဟာ ဒီသမဂ္ဂကနေ ထွက်ပေါ်လာတာ။ 
လက်ရှိ ဒီမိုကရေစီ စနစ်ဟာ လူထုအတွက် ဘာမှ အာမခံချက် မရှိဘူး။ လွတ်လပ်မှု ဆိုတာ ကျွန်တော်တို့ စိတ်ထဲမှာ ကြောင့်ကြမှုတွေ ကင်းနေမှ လွတ်လပ်မှုလို့ ခေါ်လို့ရတယ်။ ညကဆိုရင် ကျောင်းသားလေးတွေကို ဖမ်းနေတယ် ကြားတော့ ကျွန်တော် မနက် သုံးနာရီအထိ အိပ်လို့ မပျော်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အထုတ်ပြင်ပြီး စောင့်နေရတယ်။ လူထုအပေါ် ရန်မလိုကြပါနဲ့။ သမိုင်းဝင် သမဂ္ဂအဆောက်အဦကြီး အပေါ်မှာ ရန်မလိုကြပါနဲ့။
ကျော်ကိုကို (ဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ)
ကျွန်တော်တို့ ဒီနေ့ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက် သုံးချက် ရှိပါတယ်။ ပထမအချက်ကတော့ 7 July ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းကို ဗကသ အဖွဲ့ချုပ်ရဲ့ ရှုမြင်သုံးသပ်မှုနဲ့ သရုပ်ခွဲဆန်းစစ်ဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒီ 7 July ရဲ့ အဖြစ်ဆိုးကို သင်ခန်းစာယူပြီးတော့ နောင်အခါမှာ ဒီလို အဖြစ်ဆိုးမျိုး ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပေါ်မလာစေဖို့ ၀ိုင်းဝန်းကြိုးပမ်းပြီး စဉ်းစားကြစေဖို့ ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ကျွန်တော်တို့က ဒီအဖြစ်မှန်ကို ဖုံးကွယ်ထားလို့ မရဘူး။ ဒီအဖြစ်မှန်ကို ဖော်ထုတ်ခြင်း အားဖြင့် ဒီ 7 July မှာ ပါဝင်တဲ့ ကျောင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ ခွပ်ဒေါင်းတိုက်ပွဲရဲ့ အနှစ်သာရကနေပြီးတော့ ရှေ့ဆက်ပြီးတော့ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ချေဖျက်သွားနိုင်မယ့် နည်းလမ်းတွေ ရှာဖို့ ဖြစ်ပါတယ်။
ပထမအချက် 7 July ဖြစ်ပွားရတဲ့ အကြောင်းအရင်းမှာ အဆင့် သုံးဆင့်ရှိတယ်လို့ သုံးသပ်ပါတယ်။ နံပါတ်တစ်က တက်လာတဲ့ စစ်အစိုးရက ကျောင်းသားတွေကို မတရားတဲ့ စည်းကမ်းတွေ ထုတ်တယ်။ ဒုတိယအချက်အနေနဲ့က ကျောင်းသားတွေ လှုပ်ရှားမှုထဲ ပါဝင်လာတဲ့အခါ တစ်ပြိုင်နက်တည်း သတ်ဖြတ်ဖို့ သတ်ကွင်း ပြင်ထားတယ်။ ပစ်ခတ်တာက ဒုတိယအဆင့် ဖြိုခွဲတာ။ တတိယ အဆင့်အနေနဲ့က ကျောင်းသားတွေကို ရာနဲ့ချီအောင် သတ်ဖြတ်ပြီးတာ အားမရဘဲ နိုင်ငံရေး ရန်ငြိုးမပြေတဲ့ အာဏာရှင်တွေက ကျောင်းသားသမဂ္ဂအဆောက်အဦ ကြီးကို ဖြိုခွဲလိုက်ခြင်းဟာ တတိယအဆင့်ပါ။ ဒါကြောင့် ဖိနှိပ်မှုကို အဆင့်သုံးဆင့် အနေနဲ့ တွေ့မြင်ရပါတယ်။ 
ကျွန်တော်တို့ ဗကသရဲ့ သုံးသပ်မှုအရ ဆိုလို့ရှိရင် 7 July အရေးအခင်းမှာ စစ်အာဏာရှင် အစိုးရက ရည်ရွယ်ချက်နှစ်ခုနဲ့ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ပထမ ရည်ရွယ်ချက်က သွေးစိမ်းရှင်ရှင်နဲ့ သတ်ဖြတ်ပွဲကြီးကို ကျင်းပလိုက်ခြင်း အားဖြင့် ကျောင်းသားတွေနဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းက စစ်အာဏာရှင် စနစ်အောက်မှာ အညံ့ခံလာဖို့ ရည်ရွယ်ပါတယ်။ ဒုတိယ အချက်အနေနဲ့ ကျောင်းသားသမဂ္ဂကို ကျောင်းသားထုနဲ့ ကင်းကွာသွားအောင် ရည်ရွယ်ပါတယ်။ အဲတာတွေကြောင့် ဒီလူသတ်ပွဲကြီးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 
ဒါကြောင့်မို့လို့ ၁၉၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာရှင်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့  မတရား ဖိနှိပ်မှုတွေကို ကျောင်းသားထုက ခေါင်းငုံ့မခံ တော်လှန်ခဲ့ကြတယ်။  တင်းကြပ်ခံပြီး ပြန်လည် လွတ်မြောက်လာတဲ့ ကျောင်းသားတွေဟာ ဆိုရင် တောတောင်  လျိုမြောင်တွေကြားမှာ ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံပြီးတော့ တိုက်ပွဲဝင်ကြတယ်။ ကျန်ရှိတဲ့ ကျောင်းသားတွေကလည်း တက္ကသိုလ်ဝန်းကျင်မှာ ကလောင်လက်နက်ကို ကိုင်စွဲပြီးတော့ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြတယ်။ 
ဒီ 7 July အရေးတော်ပုံဆိုတာ စစ်အာဏာရှင်စနစ်ရဲ့ ပရိယာယ်နှစ်သွယ်ကို ကြိုးပြတ်အောင် တိုက်ခိုက်ခဲ့တယ်။ စစ်အာဏာရှင်တွေက လိမ်ညာလှည့်ဖြားတဲ့ ပရိယာယ်တွေ သုံးသလို ရက်စက်ကြမ်းကြုတ်တဲ့ ပရိယာယ်တွေကိုလည်း သုံးပါတယ်။ ဒီ ပရိယာယ်နှစ်ခုလုံးကို ကျောင်းသားထုက အသက်တွေ အဆုံးခံ၊ ဘ၀တွေ အဆုံးခံပြီး တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ဒီနေ့အထိ ထင်ရှားနေပါတယ်။ လက်ရှိ ဗကသ အဖွဲ့ဝင်တွေက အဲတာတွေကို နမူနာယူရမယ်။ ခွပ်ဒေါင်းစိတ်ဓာတ်ကို မွေးမြူရမယ်။ ခွပ်ဒေါင်း စိတ်ဓာတ်ဆိုတာ ဒီနေ့ တက္ကသိုလ်ဝန်းကျင် အထိ လွင့်ပျံနေဆဲ ဖြစ်တယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။ 
ဒုတိယအဆင့်အနေနဲ့ ကျွန်တော်တို့ ရရှိတဲ့ သင်ခန်းစာတွေကို ဆက်လက် စွဲကိုင်ပြီးတော့ နည်းလမ်းမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ ခွပ်ဒေါင်းအလံကို မလဲအောင်လို့ ကျွန်တော်တို့ ကာကွယ်ပြီးတော့ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်။ အချိန်အရဆိုရင် နှစ် ၅၀ ဆိုတာ အတော်ကြာခဲ့ပြီ။ ဒါပေမယ့် စစ်အာဏာရှင်တွေ ဖန်တီးခဲ့တဲ့ လူသတ်ပွဲကြီးကို ဒီကနေ့ လက်ရှိအချိန်မှာ ဘာကြောင့် ဖုံးကွယ်ဖို့ ကြိုးစားနေသလဲဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်သင့်တယ်။ အမှန်က အဖြစ်မှန် တရားကို ကျွန်တော်တို့ ဖော်ထုတ်ရမယ်။ အဖြစ်မှန်တရား မရှိဘဲနဲ့ သမိုင်းမရှိဘဲနဲ့ ကျွန်တော်တို့ ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာ ဒီမိုကရေစီ ရေးကို ဘယ်လို ဆောင်ရွက် သွားမလဲဆိုတာ စဉ်းစားရမယ်။ ဒါဟာ ကျွန်တော်တို့ သမိုင်းမှာ ဖြစ်ပျက်ခဲ့တာကို အားလုံးသိအောင် တင်ပြနေတာပဲ ဖြစ်ပါတယ်။ အဲလို တင်ပြပိုင်ခွင့်ကို မပေးချင်လို့ တားလား၊ ဆီးလား လုပ်တာဟာ အစိုးရတစ်ရပ်အနေနဲ့ အင်မတန်မှ ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ 
ကျွန်တော်တို့က ရှေ့မှာ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေရဲ့ တာဝန်တွေကို ဆက်လက် ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ကျွန်တော်တို့ ဒီနေရာကနေ တောင်းဆိုပါတယ်။
ဦးဝင်းတင် (သဘာပတိ အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)
ဒီ 7 July ပွဲကိုလုပ်တယ်ဆိုတာ ပြည်သူလူထုကရော၊ ကျောင်းသားထုကရော ဒီကိစ္စကို ဘယ်တုန်းကမှ မမေ့ဘူးဆိုတာ သက်သေပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရေးတော်ပုံကြီးတွေ တိုက်ပွဲကြီးတွေကို ကျော်ဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ အဲတာတွေကို မမေ့ပါဘူး။ မေ့လည်း မမေ့လိုခဲ့ဘူး။ 7 July ဟာ ၁၉၆၂ ကနေ စခဲ့ပြီး ဒီနှစ်ပေါင်း ၅၀ အထိ ဘယ်တော့မှ မမေ့ပျောက်နိုင်ပါဘူး။ ဒီ 7 July ကြီးက အစပြုပြီးတော့ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး အထိ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။ ဒီတိုက်ပွဲတွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ စိတ်တွေကို ဆက်ပြီးတော့ ကိုင်စွဲ သွားရမယ်။ 
၁၉၆၂ အရေးတော်ပုံကြီး ပေါ်ပေါက်လာတာကလည်း စစ်အာဏာရှင် စနစ်ကြီးကြောင့် မလို့ပါပဲ။ ဒီလို ကျောင်းသားထုရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ စိတ်ဓာတ်ကို ဒီနေ့ ပြန်လည်မွေးမြူဖို့အတွက် ကျောင်းသား သမဂ္ဂအဆောက်အဦကို ပြန်လည် တည်ဆောက်ရမယ်။ သမဂ္ဂအဆောက်အဦနဲ့အတူ ဗကသ အဖွဲ့အစည်း တည်ထောင်ခြင်းဟာလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို မတွန်းလှန်နိုင်သေးသရွေ့ ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်ဟာ ဘယ်တော့မှ ပြီးမြောက်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းရမယ်။
အလားတူပဲ စစ်အာဏာရှင်စနစ်ကို ဘယ်လိုအန္တရာယ်မျိုးတွေ ရှိသည် ဖြစ်စေ အပြီးအပြတ် ချေမှုန်းနိုင်အောင်လို့ ဆန့်ကျင်တိုက်ပွဲ ၀င်ကြရမှာမယ်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1