Sunday, July 1, 2012

ဆက်သွယ်ရေး ကဏ္ဍတွင် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ဆောင်လိုသူများအား တင်ဒါခေါ်ယူမည်

Ever November | 7/01/2012 08:39:00 PM | Best Blogger Tips
မြန်မာ့ဆက်သွယ်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အများဆုံး ပြုလုပ်နေသည့်
ကုမ္ပဏီနှစ်ခု၏ ပြခန်းကို အိုင်စီတီပြပွဲ တစ်ခုတွင် တွေ့ရစဉ်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Reform Plan) အရ ဆက်သွယ်ရေး ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ယှဉ်ပြိုင်ဝန်ဆောင်မှုပေးရန် အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ၀န်ဆောင်မှုပေးလိုသူများအား တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဇွန်လ၂၆ ရက်နေ့က စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Reform Plan) အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက မိမိတို့၏ဆက်သွယ်ရေး ကဏ္ဍသည် ပြုပြင်ပြောင်းလဲမှုကို မလွဲမသွေ ပြုလုပ်ရမည့် ကဏ္ဍဖြစ်ကြောင်း၊ ဌာနဗဟိုပြု ဆက်သွယ်ရေး ၀န်ဆောင်မှုပုံစံမှ ပြည်သူ့ဗဟိုပြု ဆက်သွယ်ရေး ၀န်ဆောင်မှု ဆောင်ရွက်ခြင်းပုံစံသို့ ပြောင်းလဲရမည် ဖြစ်ကြောင်း၊ လက်ရှိ အနေအထားများ အရဈေးနှုန်း ချိုသာ၍ အရည်အသွေး ကောင်းမွန်သော စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုကောင်းများကို လိုအပ်နေကြကြောင်း၊ Reform Plan အတွက် မိမိတို့ပါဝင်ရမည့် အပိုင်းကဏ္ဍများကို ယခုမှစ၍ စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး စိတ်တူကိုယ်တူ တည်ဆောက် သွားကြရန်လိုအပ်ကြောင်း  စသဖြင့် ပြောကြားခဲ့ကြောင်းကို နိုင်ငံတော်ပိုင် သတင်းစာများ၌ ဖော်ပြထားသည်။
အဆိုပါ Reform Plan လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် မူဝါဒများကို ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက် နေ့တို့၌ ကျင်းပခဲ့သည့် စီမံကိန်း ကော်မရှင် အစည်းအဝေး၌ တင်ပြခဲ့ခြင်းကို ခွင့်ပြုခဲ့ပြီးသည့်အတွက်  မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ၀န်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Reform Plan)အရ ဆက်သွယ်ရေး ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ယှဉ်ပြိုင်ဝန်ဆောင်မှုပေးခြင်းကို ပြည်တွင်း၊ ပြည်ပနှင့်နိုင်ငံ တကာတင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဒါရွေးချယ်ရာတွင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေးနှင့်ကျွမ်းကျင် အဖွဲ့အစည်း များ၊ လူမှုစီးပွားဖွံ့ဖြိုးရေးအကြံပေး ကောင်စီတို့နှင့် ပူးပေါင်းညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
ထိုသို့ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုအား ဆက်သွယ်ရေးကဏ္ဍမှ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းနှင့် အိုင်တီလုပ်ငန်းများတွင်လည်း ပြည်တွင်း၊ ပြည်ပပုဂ္ဂလိက ကုမ္ပဏီများနှင့်အကျိုးရှိစွာပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ နှင့်လုပ်ငန်းများကို ရှာဖွေကာ ဆွေးနွေးညှိနှိုင်း၍ ဥပဒေနှင့်အညီ ခွင့်ပြု ပေးရန်အစီအစဉ်ရှိကြောင်းနှင့် လက် ရှိအခြေအနေများနှင့် လိုက်လျောညီ ထွေဖြစ်စေမည့်ဆက်သွယ်ရေးဥပဒေ အား ရှေ့နေချုပ်ရုံးမှတစ်ဆင့် လွှတ်တော်သို့တင်ပြပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်ထားကြောင်းကိုလည်း  ဇွန်လ ၁ ရက်နေ့တွင် ပြည်ထောင်စု ၀န်ကြီးဦးသိန်းထွန်းကပင်ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ၏ဆက်သွယ်ရေး ကဏ္ဍအား ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံရန် လာရောက်ကမ်းလှမ်းမှု အများအပြားရှိရာ ၎င်းကမ်းလှမ်းချက်များထဲတွင် ပြည်ပနိုင်ငံကြီးများ မှ လာရောက်ကမ်းလှမ်းမှု ပိုမိုများပြားကြောင်း သိရသည်။
“Second Operator လုပ်ဖို့ လျှောက်ထားတာတွေ ရာနဲ့ချီပြီး ရှိပါတယ်။ ပြည်ပကဆို ၁၀၀ရာနှုန်း ရင်းနှီးမြှုပ်နှံချင်တာတောင် ရှိတယ်။ အဲဒီအဆိုပြုချက်တွေ အားလုံးကို လက်ခံထားပါတယ်။ အဲဒီထဲကမှ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဦးစားပေးသွားမှာပါ”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေး မှူး ဦးဣဒ္ဓိလှက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့ ပြည်တွင်းမီဒီ ယာများနှင့်တွေ့ဆုံ ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ အဓိက၀န်ဆောင်မှု ပေးလျက်ရှိသည့် လုပ်ငန်းများမှာ စာတိုက် လုပ်ငန်း၊ ကြေးနန်းလုပ်ငန်း၊ တယ်လီဖုန်းလုပ်ငန်းများနှင့် အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းများဖြစ်ပြီး ပြည်တွင်းအမြန်ချောပို့ လုပ်ငန်းအား မှတ်ပုံတင်စနစ်ဖြင့် လုပ်ဆောင်ခွင့်ကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်း သုံးခုသို့ဇွန်လဆန်းပိုင်း၌လုပ်ဆောင် ခွင့်ပေးခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ် တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပမည့် နေရာများတွင် Wireless Broadband Internet Access (Wi-Fi) စနစ် ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်း Project ပြုလုပ်ရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များအား မေလ အတွင်း၌ အိတ်ဖွင့်တင်ဒါခေါ်ယူ ထားကြောင်းလည်း သိရှိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍအား အစိုးရမှ ချုပ်ကိုင်ထားခြင်းထက် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းသည် အပြိုင်အဆိုင် ရှိလာနိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိလာနိုင်မည် ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေမှုများ ရှိနေသော်လည်း လက်ရှိတွင်မူ မြန်မာ့ဆက်သွယ်ရေး နှင့် ရတနာပုံ တယ်လီပို့တို့ကသာ အဓိကချုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1