Wednesday, November 21, 2012

အုပ်စုတက်ရေး ခက်ခဲသွားသည့် ချယ်လ်ဆီးနှင့် ချန်ပီယံလိဂ် ပွဲစဉ်များ

Ever November | 11/21/2012 03:30:00 PM | Best Blogger Tips

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၅)၊ ပထမနေ့ ယှဉ်ပြိုင် ကစားပြီးနောက် လက်ရှိ ချန်ပီယံ ချယ်လ်ဆီး အတွက် အုပ်စု လွတ်မြောက်ရေး အကျပ်တည်းဆုံး အခြေအနေသို့ ဆိုက်ရောက်သွားပြီ ဖြစ်သည်။
ဂျူဗင်းတပ်စ် ၃ - ၀ ချယ်လ်ဆီး
အီတလီ ချန်ပီယံ ဂျူဗင်းတပ်စ် အသင်း၏ ဂိုးပြတ်အနိုင်ယူမှုကို ခံခဲ့ရသည့်နောက် ချယ်လ်ဆီးသည် နောက်တစ်ဆင့်တက်ရေးအတွက် အုပ်စုလက်ကျန် ပွဲစဉ်တွင် အခြားအသင်းများ ရလဒ်ကို စောင့်မျှော် ရင်ခုန်ရတော့မည် ဖြစ်သည်။ ဂျူဗင်းတပ်စ်တွင် ဖေဘီယို ကွာဂလီရယ်လာ၊ မာကိုဗူဆီနစ်၊ ကွာဒို အဆာမိုအာ၊ အင်ဒရီယာ ပီယာလို၊ အာသာ ဗီဒဲလ်၊ အန်ဒရီရာ ဘာဇာဂလီ အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။ ချယ်လ်ဆီးတွင်မူ ဟွမ်မာတာ၊ အော်စကာ၊ ရာမီရက်စ်၊ အီဒင်ဟာဇက်၊ ဂျွန်အိုဘီမီခေးလ်၊ ဒေးဗစ်လုဇ်၊ ဆီဇာ အက်ဇ်ပီကွိုင်တာ အစရှိသည့် ကစားသမားများ ပါဝင်လာပြီး ခံစစ်မှူး (၅)ဦးနှင့် တိုက်စစ်သမားစစ်စစ် ဖျောက်ကစားသော ပုံစံကို အသုံးပြုကာ ပွဲထွက်လာခဲ့သည်။
ပွဲချိန် (၃၈)မိနစ်တွင် ကွင်းလယ်ဖန်တီးရှင် ပီယာလို ပေးပို့သော ဘောလုံးကို ကွာဂရီရယ်လာက အမှားအယွင်း မရှိ ကန်သွင်းကာ အိမ်ရှင်တို့ ပွဲကို စတင်ဦးဆောင်ခဲ့သည်။ ဂျူဗင်းတပ်စ်သည် ပွဲချိန်အတော်များများ ဂိုးသွင်းခွင့်များ ဖန်တီးကာ ချယ်လ်ဆီးကို တိုက်စစ် ဆင်ခဲ့ပြီး ဒုတိယပိုင်း (၆၂)မိနစ်တွင် ဒုတိယဂိုး ရယူနိုင်ခဲ့သည်။ အဆာမိုအာ ဖန်တီးပေးလိုက်သည်ကို ကွင်းလယ်လူ ဗီဒဲလ်က ခပ်ပြင်းပြင်း ကန်သွင်းရာ ယင်းကို ပီတာဆက်ခ်ျ မတားဆီးနိုင်ခဲ့ချေ။ ဂျူဗင်းတပ်စ်အတွက် အပိတ်ဂိုးကိုမူ လူစားဝင် တိုက်စစ်မှူး ဆီဘက်စတီယန် ဂျီအိုဗန်ကိုက ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွင် သွင်းယူပြီး အိမ်ရှင်တို့ ဂိုးပြတ် အောင်ပွဲခံနိုင်ခဲ့သည်။

ဂါလာတာဆာရေး ၁ - ၀ မန်ချက်စတာ ယူနိုက်တက်
အုပ်စုပထမ နေရာဖြင့် သေချာပေါက် နောက်တစ်ဆင့်တက်ပြီး ဖြစ်နေသော မန်ယူသည် တူရကီမြေတွင် ယခုပွဲကို မှတ်တမ်းအဖြစ်သာ ကစားပြီး အရန်နှင့် လူငယ် အများစုကို ပွဲထုတ်ခဲ့သည်။ ဂါလာတာဆာရေးတွင် ဘူရက်ခ်ရီမက်ဇ်၊ ဂျိုဟန်အယ်လ်မန်ဒါ၊ နော်ဒင်း အမ်ရာဘတ်၊ ဆယ်လ်ကာ့ခ် အီနန်၊ ဟာမစ် အယ်လ်တင်တော့ပ်၊ အီမန်နျူရယ်လ် အီဘိုယေး အစရှိသည့် ကစားသမားများ ပွဲထွက်လာသည်။ မန်ယူတွင်မူ ဟာဗီးယား ဟာနန်ဒက်ဇ်၊ ဒန်နီဝဲလ်ဘက်၊ နစ်ခ်ပါဝဲလ်၊ တွမ်ကလီဗာလေ၊ ဖီးလ်ဂျုံးစ်၊ ဒါရင်ဖလက်ချာ၊ အလက်ဇန္ဒား ဘတ္တနာတို့ ပါဝင်လာကြသည်။

မန်ယူသည် ယခုပွဲရလဒ် လုံးဝ အရေးမပါသဖြင့် ကစားသမားများ ထိခိုက်မှု နည်းပါးရေးကို ရှေးရှုကာ ကစားအားကို ချပြီး ခံစစ်ကို ပိုမိုအားပြု ကစားခဲ့သည်။ အမှတ်လိုနေသော အိမ်ရှင်အသင်းမှာမူ တက်ကြွကျယ်လောင်စွာ အားပေးနေသော ပရိသတ်များ၏ ရှေ့မှောက်တွင် အင်္ဂလန်ထိပ်တန်း ကလပ်ကို ဖိအားပေး တိုက်စစ်ဆင်ရန် ကြိုးစားသွားသည်။ မန်ယူ တိုက်စစ်မှူး ဟာနန်ဒက်ဇ် ခြေစွမ်းပြပြီး ဂါလာတာဆာရေး နောက်တန်းကို ဖိအားပေးနိုင်ခဲ့သော်လည်း ဂိုးရအောင် မသွင်းယူနိုင်ခဲ့ချေ။ ယခုပွဲတွင် ဂါလာတာဆာရေးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၅၃)မိနစ်တွင် ရီမက်ဇ်က အီနန်ကန်တင်ပေးသော ထောင့်ကန်ဘောအား ခေါင်းတိုက် သွင်းယူပြီး ဂါလာတာဆာရေးတို့ အနိုင်ရရှိခဲ့သည်။

စပါးတပ် မော်စကို ၀ - ၃ ဘာစီလိုနာ
ဘာစီလိုနာ အသင်းသည် ရုရှားမြေတွင် ပြိုင်ဘက်အား ဂိုးပြတ် အနိုင်ယူခဲ့သည့်နောက် ရှုံးထွက်အဆင့် တက်ရောက်ရေး စာမေးပွဲ အောင်မြင်ခဲ့ပြီ ဖြစ်သည်။ စပါးတပ် အသင်းတွင် အီမန်နျူရယ်လ် အီမင်ကီ၊ အေရီ၊ ဟိုဆေး မန်နျူရယ်လ် ဂျူအာဒို၊ ဒီမီထရီ ကွမ်ဘာရော့ဗ်၊ မာရက်ခ်ဆူချီ အစရှိသော ကစားသမားများ ပါဝင်ခဲ့သည်။ ဘာစီလိုနာတွင်မူ အန်းဒရက်စ် အင်နီယေစတာ၊ လီယွန်နယ်လ် မက်ဆီ၊ ပက်ဒရို ရိုဒရီဂွတ်ဇ်၊ ဟာဗီ ဟာနန်ဒက်ဇ်၊ ယော်ဒီအယ်လ်ဘာ၊ ဟာဗီးယား မာရှေယာနို၊ ဂျရတ်ပီကေး၊ ဒန်နီအဲလ်ဗက်စ် အစရှိသည့် ကစားသမားများ ပွဲထွက်လာသည်။

ဘာစီလိုနာ အတွက် အဖွင့်ဂိုးကို ပွဲချိန် (၁၆)မိနစ်တွင် နောက်ခံလူ အဲလ်ဗက်စ်က သွင်းယူခဲ့သည်။ ဂိုးဧရိယာထဲတွင် မက်ဆီက ဘရာဇီးလ်သား၏ ပြေးလမ်းထဲ ဘောလုံးချပေးလိုက်သည့်နောက် အဲလ်ဗက်စ်က အမှားအယွင်းမရှိ သွင်းယူသွားသည်။ ပွဲချိန် (၂၇)မိနစ်တွင်မူ အင်နီယေစတာ ပေးပို့သော ဘောလုံးကို မက်ဆီက ဒုတိယဂိုး သွင်းယူသည်။ ဘာစီလိုနာအတွက် နောက်ဆုံးဂိုးကိုလည်း မက်ဆီပင် ရယူပေးခဲ့သည်။ ပွဲချိန် (၃၉)မိနစ်တွင် ပက်ဒရို၏ အားထုတ်မှုမှတစ်ဆင့် မက်ဆီက ဂိုးသမားကို လှည့်စားပြီး တတိယဂိုး သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တော့ဘဲ ဘာစီလိုနာကပင် (၃-၀)ဖြင့် အနိုင်ရသွားသည်။

အခြားပွဲစဉ် ရလဒ်များ

နော့စ်ဂျေးလန် ၂ - ၅ ရှက်တာဒိုးနက်ခ်
BATEဘိုရီဆော့ဗ် ၀ - ၂ လိုင်လီ
ဗလန်စီယာ ၁ - ၁ ဘိုင်ယန်မြူးနစ်
ဘင်ဖီကာ ၂ - ၁ ဆဲလ်တစ်
ကလုဂ်ျ ၃ - ၁ ဘရာဂါ
Ref: Eurosport
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1