Monday, January 28, 2013
ကမ္ဘာမြေ၏ အကောင်းဆုံးပုံရိပ်များ ရရှိရန် ဂျပန်နိုင်ငံက ရေဒါဂြိုဟ်တုလွှတ်တင်
Ever November | 1/28/2013 05:19:00 PM |
နိုင်ငံတကာသတင်း
ဂျပန်နိုင်ငံက ရေဒါပါရှိသော ဆက်သွယ်ရေးဂြိုဟ်တု တစ်လုံးကို ဇန်နဝါရီ ၂၇ ရက်က လွှတ်တင် လိုက်ကြောင်း၊ ယင်းဂြိုဟ်တုကို H-2A ဒုံးပျံဖြင့် သယ်ဆောင်သွားခြင်း ဖြစ်ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်သည်။ အဆိုပါဂြိုဟ်တုကို ဂျပန်အာကာသရေးရာ အေဂျင်စီနှင့်မီဆူ ဘီရှီအကြီးစား စက်မှုလုပ်ငန်းတို့က ပူးတွဲ ဆောင်ရွက်လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ယင်းဂြိုဟ်တုကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စု တာနေဂါရှီးမား ကျွန်းပေါ်ရှိ တာနေဂါရှီးမား အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ ဇန်နဝါရီ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းဂြိုဟ်တုသည် သတင်း ဆက်သွယ်ရေး၊ မြေပြင်ရှိ အကောင်းဆုံးပုံရိပ်များ ရရှိရေးတို့အတွက် စွမ်းဆောင်ရည်မြင့်မားသည့် နည်းစနစ်များ ထည့်သွင်း တည်ဆောက်ထားခြင်းဖြစ်သည်။ မြေပြင်စခန်းသို့ နေ့ညမရွေး အကောင်းဆုံး ပုံရိပ်များနှင့် သတင်းအချက်အလက်များ ပေးပို့နိုင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် လောလောဆယ်တွင် ရေဒါဂြိုဟ်တုတစ်လုံးနှင့် အခြားဂြိုဟ်တုသုံးလုံးကို လွှတ်တင်ထားသည်။ ယင်းဂြိုဟ်တုများသည် ဂြိုဟ်တုတစ်လုံးနှင့် တစ်လုံး ကွန်ရက်သဖွယ် လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် အာကာသရေးရာ လုပ်ငန်းများ တိုးတက်ဖွံ့ ဖြိုးစေရန် ကြိုးစားလျက်ရှိရာ လမျက်နှာပြင်သို့ လေ့လာရေး အာကာသယာဉ် လွှတ်တင်ရန်လည်း စီစဉ်လျက်ရှိသည်။ ထို့အတူ ဂျပန်အာကာသ အေဂျင်စီအတွက် အာကာသရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာငွေများ တိုးမြှင့် ခွင့်ပြုရန် စီစဉ်လျက်ရှိသည်။
(ဆင်ဟွာ)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment