Monday, January 28, 2013

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်

Ever November | 1/28/2013 04:32:00 PM | Best Blogger Tips
ဇန်နဝါရီ ၂၅ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဟာဝိုင်ရီမြို့ရှိ East-West Center တွင် မိန့်ခွန်းပြောကြားနေစဉ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။ 
ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဟာဝိုင်အီပြည်နယ် အခြေစိုက် East-West center အဖွဲ့အစည်းက လက်ခံကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပရိသတ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြန်လည် ဆွေးနွေးခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖြည့်စွက်စရာတွေ အတော်များများရှိတဲ့အထဲက ၂ ချက်ကို ထောက်ပြ ဆွေးနွေးသွားခဲ့ပြီး၊ အဲဒီအထဲမှာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့ အဟန့်အတားဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တဲ့အပြင်  “တိုင်းရင်းသားအားလုံးရဲ့ မျှော်မှန်းချက်တွေကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာမှသာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်လို့” ပြောခဲ့ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံတော် သမ္မတဖြစ်ပိုင်ခွင့်ကို ကန့်သတ်ပြဌာန်းထားတဲ့ အချက်ဟာ လူပုဂ္ဂိုလ် တစ်ယောက်ကို ဦးတည်ရေးဆွဲပြဌာန်းထားတာဖြစ်တဲ့အတွက် မသင့်လျှော်ကြောင်းနဲ့ ပြင်ဆင်ဖို့ လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
အခြေခံ ဥပဒေမှာပါတာက  မိသားစုဝင်ထဲမှာ အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးဟာ နိုင်ငံခြားသား အဖြစ်ခံယူထားရင် သမ္မတဖြစ်ခွင့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။
ဒါ့အပြင် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်အမတ် ၇၅% ကျော်ရဲ့ ထောက်ခံမဲ ရရှိမှသာ ပြင်ဆင်နိုင်မှာ ဖြစ်တဲ့အပြင် လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် တွေက ၂၅% အသီးသီးရယူထားတာကြောင့် ပြင်ဆင်ဖို့ ခက်ခဲကြောင်း ဒါပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာလည်း နိုင်ငံကောင်းကျိုးကို မြင်ချင်တဲ့ ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1