ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်တာဝန်အဖြစ်မှ ရပ်စဲခံရသည့် အကြောင်းအရင်းမှာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ
ဆရာတော် ဦးပါမောက္ခအား ဆန္ဒမပြရန် လက်မှတ်ရေးထိုးခိုင်းခြင်းကို
ငြင်းဆန်ခဲ့သည့် အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဦးပါမောက္ခက
မိန့်ကြားသည်။
“၁၀လပိုင်း
၃ရက်နေ့က ကမာရွတ်မြို့နယ် ရဲစခန်းကိုသွားပြီးတော့ တရုတ်သံရုံးရှေ့ကို
ဆန္ဒထုတ်ဖော်ဖို့သွားတဲ့အခါမှာ စခန်းမှူးက ဆန္ဒပြခွင့်မပေးခဲ့ပါဘူး။
အဲ့ဒီနေ့မှာပဲ ည(၁၀)နာရီခွဲ လောက်မှာ နိုင်ငံတော်သံဃာ့မဟာနာယကမှ
ဆန္ဒမထုတ်ဖော်ရန် လက်မှတ် ထိုးခိုင်းခဲ့တယ်။ ဒါပေမဲ့ ဘုန်းကြီးလက်မှတ်
မထိုးပေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ အခုကြုံတွေ့နေရတဲ့ ပြဿနာတွေကို အားလုံးလဲ
သိရှိပြီး ဖြစ်မှာပါ။ အဲ့ဒါကို မကျေနပ်လို့ အခုလို ဘုန်းကြီးကို တာဝန်ကနေ
ရပ်စဲလိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။” ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်သည်။
မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခအနေဖြင့် မြန်မာနိုင်ငံတွင် OIC ရုံးများဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒ ထုတ်ဖော်လို၍ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“OIC
ရုံးဖွင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အမျိုးဘာသာသာသနာက အနာဂတ်အတွက်
အရေးကြီးတယ် ဘာသာရေးချဲ့ထွင်မှုတွေ နိုင်ငံရေး ချဲ့ထွင်မှုတွေ
ဖြစ်ပေါ်လာပါမယ်။ အဲ့ဒါတွေကြောင့် ဘုန်းကြီး ဆန္ဒပြကန့်ကွက်ရခြင်းဖြစ်ပါတယ်။” ဟု ဆရာတော် ဦးပါမောက္ခက မိန့်သည်။
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား ဇန်န၀ါရီလ (၁၈)ရက်နေ့၌
မြို့နယ်သံဃနာယကအကျိုးတော်ဆောင်အဖွဲ့ တာဝန်မှ ရပ်စဲရေးအတွက် ဆင့်ခေါ် ကာ
အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ
ဆရာတော်ဦးပါမောက္ခအား တာဝန်မှ ထုတ်ပယ်ခြင်းခံရသော် လည်း ဒကာ၊ ဒကာမ၏
စိတ်နှလုံးတွင် အဆိုပါဆရာတော်အား ယုံကြည်အထားပါက ၄င်းသည်
အမြဲတမ်းသံဃနာယကဖြစ်နိုင်ကြောင်း ဒယ်အိုးဆရာတော် ဦးဥုးသုမင်္ဂလက
မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌
မိန့်ကြားခဲ့သည်။
“သံဃမဟာနာယကအဖွဲ့က
ထုတ်ပယ်လိုက်တယ် ဆိုငြားသော်လည်း ကိုးကွယ်ယုံကြည်နေကြတဲ့ ဒကာ ၊
ဒကာမများရဲ့ အားထားခြင်းကို ခံယူနေရရင် ဒီပုဂ္ဂိုလ်သည် ငါတို့ရဲ့ အမြဲတမ်း
နာယကပါဘဲ။” ဟု ဒယ်အိုးဆရာတော် ဦးဥူးသုမင်္ဂလက မိန့်သည်။
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းအား ပြန်လည်ပြုလုပ်မည်ဆိုပါက မီးလောင်ဗုံးခံခဲ့ရသည့်
သံဃာများနှင့် ဒေသခံပြည်သူများထပ်မံ၍ လမ်းပေါ်ချီတက်ကာ
ဆန္ဒပြတောင်းဆိုခြင်းများ ဖြစ်ပေါ်လာ ဦးမည်ဖြစ်သည်ဟု
လက်ပံတောင်းတောင်အရေးတွင် ပါဝင်ဆန္ဒပြခဲ့သူ ကိုဝေဠုက ဆိုသည်။
နိုင်ငံတော်သံဃမဟာနာယကအနေဖြင့်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင် ဆန္ဒပြခဲ့သည့်
ဆရာတော်ဦးပါမောက္ခအား မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် တာဝန်မှ
ရပ်စဲခြင်းဖြင့် အရေးယူသကဲ့သို့ သပိတ်စခန်းတွင် မီးလောင်ဗုံးဖြင့်
အကြမ်းဖက်ဖြိုခွင်းခဲ့သူများအား ယခုအချိန်ထိ
အရေးယူခြင်းမရှိသေးသည့်အပေါ်တွင် ဖြေရှင်းချက်ပေးလိုကြောင်း နှင့် ၂၀၀၇
စက်တင်ဘာတွင် သံဃာများအား သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို အရေးယူဖြေရှင်းပေးခြင်း
မရှိသေးသည့် အကြောင်းအရင်းကို သိရှိလိုကြောင်း သပိတ်စခန်းတွင်
အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူ တစ်ဦး ဖြစ်သည့် ဆရာတော်ဦးသုက မိန့်သည်။
အဆိုပါ
သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ (၂၇)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်တွင်
မကွေး ကျောင်းတိုက်၌ ပြုလုပ်ခဲ့ပြီး ဒယ်အိုးဆရာတော် ဦးဥူးသုမင်္ဂလ ၊
ရွှေည၀ါဆရာတော် ၊ ၈၈မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ ၊ ရခိုင်အမျိုးသားရေး
တက်ကြွလှုပ်ရှားသူအချို့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ
တက်ရောက်ခဲ့ပြီး နေ့လည် (၃)နာရီဝန်းကျင်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
No comments:
Post a Comment