Monday, January 28, 2013

နှစ်နှစ်ဆယ်ကြာဆန္ဒများကို ထုတ်ဖော်ခဲ့သည့် ဝေဇယန္တာဆန္ဒထုတ်ဖော်ပွဲ

Ever November | 1/28/2013 05:17:00 PM | Best Blogger Tips
အနှစ်(၂၀)ကျော်ကြာသိမ်းဆည်းခံခဲ့ရသော လယ်ယာမြေပြန်လည်ရရှိရေးအတွက် လှိုင်သာယာမြို့နယ် ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မှ အစရှိသည့် မြို့နယ်များမှ ဒေသခံများ အနေဖြင့် ဇန်န၀ါရီလ (၂၇)ရက်နေ့ နံနက်(၉)နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 
ကျွန်တော်တို့အဓိကက တောင်းဆိုတာက ကျွန်တော်တို့ပိုင်တဲ့ မိကျောင်းကန် (၁)၊(၂)၊(၃)က မြေတွေကို ကျွန်တော်တို့ကို ပြန်ပေးဖို့ပါ၊  တရားဝင်ဆန္ဒပြခွင့်ပေးဖို့ သင်္ဃန်းကျွန်းမြို့နယ်ကို စာတင်ခဲ့ပေမယ့် လက်မခံဘဲ လမ်းခင်းနေလို့ဆိုပြီး ငြင်းပယ်ခဲ့တယ် “ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မှ ဦးစိန်သန်းက ပြောသည်။
 
အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် သင်္ဃန်းကျွန်းမြို့နယ်မှ တာဝန်ရှိသူများထံ တရားဝင်စာတင်ခဲ့ သော်လည်း ငြင်းပယ်ခံ ခဲ့ရကြောင်းသိရသည်။
 
ဆန္ဒပြတောင်းဆိုသူများသည် (၃၀၀)၀န်းကျင်ခန့်ရှိပြီး ၄င်းတို့အချို့တွင် ဘိုးဘွားပိုင် မြေပြန်လည် ရရှိရေး ၊ အစိုးရမှ ဥပဒေမဲ့ သိမ်းယူ ထားသော မိကျောင်းကန်(၁)၊(၂)၊(၃)မှ မြေများမူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရေးနှင့် လူ့အခွင့်အရေးတန်းတူပေးရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဝေဇယန္တာလမ်းနှင့် ပြည်တော်သာလမ်းထောင့်မှ အသင်းတိုက်မှတ်တိုင်အထိ လမ်းလျှောက်ဆန္ဒ ပြခဲ့ခြင်းဖြစ်ပြီး   မြစာရံအေးစေတီတော်တွင်လည်း ဆုတောင်းပွဲပြုလုပ်ခဲ့သည်။
 
၁၉၉၁ခုနှစ်တွင် အစိုးရတပ်များသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန်(၁)၊(၂)၊(၃) မြေနေရာကို တပ်မြေဟုဆိုကာ ၄င်းနေရာ တွင် နေထိုင်ခဲ့ကြသော ပြည်သူများကို လျော်ကြေးတစ်စုံတစ်ရာမျှ မပေး ပဲ  ဖယ်ခိုင်းစေခဲ့သည်ဟု ဆန္ဒပြတောင်းဆိုသူ ဦးစိန်သန်းက ဆိုသည်။
 
ကျွန်တော်တို့ကို ဘာလျော်ကြေးမှမပေးပါဘူး ၊ ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းက နေထိုင်လာခဲ့တဲ့ နေရာကို သူတို့တပ်မြေပါဆိုပြီး အပိုင်သိမ်းသွားပါတယ် ပြီးတော့ တခြားမြို့နယ်တွေ ကို ပြောင်းခိုင်းပါတယ် ဟု ဦးစိန်သန်းက ပြောသည်။
 
အနှစ်(၂၀)ကျော်ကြာမှ မိကျောင်းကန် (၁)၊(၂)၊(၃) မြေနေရာအား ပြန်လည်ပေးရန် ဆန္ဒပြ တောင်းဆို ရခြင်းမှာ ယခင်အစိုးရ လက်ထက်တွင် ရိုက်နှက်ကြိမ်းမောင်းခြင်းများရှိနေခြင်းကြောင့် ဆန္ဒပြတောင်း ဆိုခြင်း တစ်စုံတစ်ရာမျှ မပြုလုပ်ရဲခြင်းကြောင့်ဖြစ်ပြီး ယခုသည် ပွင့်လင်းမြင်သာမှုရှိသည့် သမ္မတ ဦးသိန်းစိန်အုပ်ချုပ်နေသည့်ခေတ်ဖြစ်ခြင်းကြောင့် ယခုမှ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ရခြင်း ဖြစ်သည်ဟု ဆန္ဒပြတောင်းဆိုသူ ဦးကျော်လွင်က ဆိုသည်။
 
အနှစ်(၂၀)ကျော် ကိန်းအောင်းထားတဲ့ဆန္ဒကို ထုတ်ဖော်တာပါ။ အရင်စစ်အစိုးရတုန်းက ပြည်သူတွေကို ရိုက်နှက်နေတာ ကျွန်တော်တို့တောင်းဆိုဖို့ နေနေသာသာ ကျွန်တော်တို့ အိမ်ပြင်တောင် မထွက်ရဲတဲ့ အခြေအနေမျိုးမှာ အခုလို ပွင့်လင်းမြင်သာမှုရှိတဲ့ ဦးသိန်းစိန်လက်ထက် ကျမှ ကျွန်တော်တို့ အားကိုးတကြီးနဲ့ ထွက်လာခဲ့ကြတာပါ။ “ ဟု ဦးကျော်လွင်က ပြောသည်။
 
သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁)၊(၂)၊(၃) မြေနေရာကို ဥပဒေမဲ့ သိမ်းယူထားခြင်းနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားပြီး ၄င်းအနေဖြင့်လည်း အရေးယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စာပြန်ခဲ့သည်ဟု ၄င်းက ဆိုသည်။
 
အဆိုပါ မိကျောင်းကန် (၁)၊(၂) နှင့် (၃)ရှိ မြေများသည် ဧကအားဖြင့် (၅၀၀)ကျော် (၁၀၀၀)နီးပါးခန့် ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)အထိ မြေများ ဆက်စပ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးစိန်သန်းက ရှင်းပြသည်။
 
အဆိုပါ ဆန္ဒပြမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် ငြင်းပယ်စာထုတ်ခဲ့ပြီး ငြင်းပယ်ခြင်းနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၉)အရ အယူခံဝင်နိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ထုတ်ပြန်ခဲ့သော်လည်း ဇန်န၀ါရီလ (၂၇)ရက်နေ့ ဆန္ဒပြတောင်းဆိုသည့်အချိန်တွင် ပိတ်ပင်တားဆီး ခြင်းမျိုး မရှိခဲ့ပဲ နံနက်(၁၀)နာရီ ၀န်းကျင်တွင် ဆန္ဒပြပွဲ ပြီးစီးသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1