Sunday, March 24, 2013

ဇူလိုင်(၁)ရက်နေ့မှ စတင်ကာ FEC သုံးစွဲခွင့် မပြုတော့ဟု ဗဟိုဘဏ်ထုတ်ပြန်

Ever November | 3/24/2013 11:27:00 AM | Best Blogger Tips
နိုင်ငံခြားငွေလက်မှတ်FEC (Foreign Exchange Certificate) များအား ၂၀၁၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်ကာ သုံးစွဲခွင့်ပြုတော့မည် မဟုတ်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မတ်လ(၂၁)ရက်နေ့ရက်စွဲဖြင့်   ကြေညာချက်ထုတ်ပြန်သည်။
 
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ တိုးတက်ပြောင်းလဲလာသောကြောင့် နိုင်ငံခြားငွေ လက်မှတ် ကြားခံထားရှိရန် မလိုအပ်တော့သဖြင့် ဧပြီလ(၁)ရက်နေ့ ဇွန်(၃၀) ရက်နေ့အထိ ရက်ပေါင်း (၉၀)အတွင်း FEC များကို လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
 
 “သတ်မှတ်ထားတဲ့ ဘဏ်တွေမှာ လဲလို့ရပါတယ်။ လဲတဲ့နေရာမှလည်းကြေညာချက်ထဲကအတိုင်း လဲလှယ်သူရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်မှာပါဟု မြဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
နိုင်ငံခြားငွေလက်မှတ် FECကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင်ရှိ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် တရားဝင်လဲလှယ်နိုင်သည်။
 
FEC  လဲလှယ်သူများအနေနှင့် လဲလှယ်သည့်တန်ဖိုးငွေကို စာရင်းဖွင့်လှစ်ထားသော ဘဏ်ရှိ အမေရိကန်ဒေါ်လာ   ငွေစာရင်းသို့ ထည့်သွင်းနိုင်ခြင်း၊ လဲလှယ်သူအမည်ဖြင့် ဘဏ်တွင် နိုင်ငံခြားငွေစာရင်း အသစ်ဖွင့်လှစ် ထည့် သွင်းနိုင်ခြင်း၊ လဲလှယ်သူအမည်ဖြင့် သက်ဆိုင်ရာဘဏ်တွင် ကျပ်ငွေစာရင်းအသစ် ဖွင့်လှစ်ထည့်သွင်းနိုင်ခြင်း (သို့) ကျပ်ငွေဖြင့် ငွေသား ထုတ်နိုင်ခြင်းနှင့် ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်သည့် ရည်ညွှန်းငွေလဲနှုန်းကို အခြေခံသော   ငွေလဲကောင်တာများ၏ နိုင်ငံခြားငွေ ဝယ်ဈေးနှုန်းဖြင့် ပြောင်းလဲတွက်ချက် ရရှိသော ကျပ်ငွေကို လဲလှယ်သူ ဖွင့်လှစ်ထားသည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းနိုင်ခြင်းတို့ကို FEC လဲလှယ်သူ၏ဆန္ဒနှင့် အညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 “အခုလိုမျိုး အချိန်အကန့်အသတ်နဲ့ လဲခိုင်းလိုက်တာ ကောင်းပါတယ်။ ပေးတဲ့ရက်ကလည်း (၃)လလောက်ဆိုတော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ကျွန်တော်လက်ထဲမှာတော့ FEC မရှိတော့ပါဘူးဟု နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်သူ စီပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
 
FEC လဲလှယ်ရာတွင် သတ်မှတ်ကာလအတွင်း အပ်နှံလဲလှယ်နိုင်ခြင်းမရှိသူများအား ဇူလိုင်(၁)ရက်မှ ၂၀၁၄ခုနှစ်   မေ(၃၁)ရက်နေ့အထိ အထူးကိစ္စတစ်ရပ်အနေဖြင့် သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
သို့သော် ထိုကဲ့သို့ဆောင်ရွက်နိုင်ရန် လဲလှယ်လိုသူသည် ကိုယ်ရေးအချက်အလက်များ၊ မူလသတ်မှတ်ထားသည့် ကာလအတွင်း အပ်နှံလဲလှယ်ခြင်းမပြုနိုင်သည့် ခိုင်လုံသောအကြောင်းပြချက် ဖော်ပြထားသောစာများကို သက်ဆိုင်ရာ ဘဏ်များသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
 
နိုင်ငံခြားငွေလက်မှတ် FEC (Foreign Exchange Certificate) များကို ၁၉၉၃ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့သော အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၄/၉၃၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။

ကျော်ဇင်မန်း(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1