Monday, April 29, 2013

ဆွာရက်ဇ်ဖြစ်စဉ်ကို ကန်တိုနာကိစ္စနှင့် နှိုင်းယှဉ်ပြီး စာနာစကား ပြောဆိုခဲ့သည့် ဖာဂူဆန်

Ever November | 4/29/2013 11:38:00 AM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က (၁၀)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမှုတွင် လူးဝစ်ဆွာရက်ဇ်ကို စာနာမိကြောင်း ပြောကြားလိုက်သည်။

မန်ယူအသင်းမှ ကစားသမား တစ်ဦးဖြစ်သော ပက်ထရစ်အီဗရာကို လူမျိုးရေး ခွဲခြားမှုကြောင့် (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရဖူးသည့် ရာဇဝင်ရှိသော်လည်း ယခုကိစ္စတွင်မူ ဆွာရက်ဇ်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း စကော့သား မန်နေဂျာကြီးက ဝန်ခံခဲ့သည်။ လီဗာပူးလ် အသင်း၏ ဥရုဂွေး လက်ရွေးစင်သည် ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ကွင်းအတွင်း ကိုက်ခဲ့မှုအတွက် FAက (၁၀)ပွဲပယ် ပြစ်ဒဏ်မျိုး ချမှတ်ခဲ့သည်။ ဖာဂူဆန်က (၁၉၉၅)ခုနှစ်တွင် ရန်စသော ခရစ္စတယ်လ်ပဲလေ့စ် ပရိသတ် တစ်ဦးကို ခုန်ကန်သည့် မန်ယူ ကစားသမားဟောင်း အဲရစ်ကန်တိုနာကို FAက (၉)လ ပွဲပယ်ခဲ့ဖူးသည့် ဖြစ်စဉ်ကဲ့သို့ပင် တစ်ခါတစ်ရံ FA၏ ဆုံးဖြတ်ချက်များသည် ပြင်းထန်လွန်းကြောင်း မှတ်ချက်ပြုခဲ့သည်။
"ကျွန်တော် ကန်တိုနာအကြောင်း ပြန်စဉ်းစားဖြစ်သွားတယ်။ (၉)လ ပွဲပယ်ခဲ့မှုနဲ့ ခုတစ်ခါ ဆွာရက်ဇ်ကို (၁၀)ပွဲပယ်တာနဲ့က ပြင်းထန်လွန်းပုံချင်း ထပ်တူကျတယ် မဟုတ်ဘူးလား။ လီဗာပူးလ် ဒီကိစ္စအတွက် ဘာကြောင့် ဒေါသထွက်ရတယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် ပြောနိုင်ပါတယ်။ သူတို့တွေ ရှူးရှူးရှားရှား ဖြစ်မိမှာပဲလေ။ FAက ကန်တိုနာ ပြဿနာမှာ ကျွန်တော်တို့ကို ပြစ်ဒဏ် ချတုန်းကလည်း ဒီလိုပါပဲ။ ကွဲပြားသွားတဲ့ အချက်ကတော့ ကျွန်တော် ခုချိန်မှာ ဒါမျိုး ဘယ်တော့မှ ထပ်အဖြစ်မခံနိုင်တော့ဘူး ဆိုတာပါပဲ"ဟု ဖာဂူဆန်က ပြောဆိုခဲ့သည်။

လီဗာပူးလ် အသင်းသည် FAက ပြစ်ဒဏ် မချမှတ်မီ ဆွာရက်ဇ်ကို ပွဲပယ်ခဲ့ခြင်း မရှိချေ။ ကန်တိုနာဖြစ်စဉ်တွင် မန်ယူက FAစီရင်ချက် မထွက်ပေါ်မီ ကစားသမားကို ကိုယ်တိုင် ပွဲပယ်ထားခဲ့သည်။ ဖာဂူဆန်က လီဗာပူးလ် အနေဖြင့် ဆွာရက်ဇ်ကို အသင်း၏ ဆုံးဖြတ်ချက်ဖြင့် ပွဲပယ်ခြင်း မရှိသည်ကို ဝမ်းသာသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။ "ဒီအတွက် လီဗာပူးလ် ပျော်သင့်ပါတယ်။ ကျွန်တော်တို့တုန်းက ဘာမှ အလုပ်မဖြစ်ခဲ့ဘူး။ FAအမှုဆောင်ဟောင်း ဒေးဗစ်ဒေးဗီးစ်က တကယ်လို့ အသင်းက ဒီဖြစ်စဉ်မှာ ကိုယ်တိုင်တာဝန်ယူမှု တစ်ခု ရှိမယ်ဆိုရင် FAက နောက်ထပ် သီးခြား ပြစ်ဒဏ်ချတာမျိုး မလုပ်ဘူးလို့ ကတိပေးခဲ့တယ်။ တကယ့်ကို အသုံးမကျတဲ့ ကတိပဲ"ဟုလည်း ဖာဂူဆန်က FAကို ဝေဖန်သွားသည်။
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1