Monday, June 10, 2013

ဒေါ်အောင်ဆန်းစုကြည် ပြင်ဦးလွင်မြို့တွင် လူထုတွေ့ဆုံပွဲ ပြု လုပ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်း အပါအ၀င် နိုင်ငံတွင်း ပြဿနာများသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ပြောကြား

Ever November | 6/10/2013 01:56:00 PM | Best Blogger Tips

ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားနေရခြင်းတို့ အပါအ၀င် နိုင်ငံတွင်း ဖြစ်ပွားနေ သည့် ပြဿနာများ၏ အဓိက အကြောင်းအရင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ရသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား သည်။
ဇွန်လ ၉ ရက်က ပြင်ဦးလွင်မြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသော မိန့်ခွန်းနှင့် ပြည်သူများမေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ပြည်တွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ အများအပြား လာရောက်သော် လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံ မှု နည်းပါးရခြင်းနှင့်ပတ်သက်၍ လာရောက်လေ့လာသော ပြည်ပကုမ္ပဏီ များ ၏ ပြောကြားချက်အရ ၎င်းတို့ကို အကာအကွယ် ပေးနိုင်သည့် တရားဥပဒေ စိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသောအခြေခံ အဆောက်အအုံများ နည်းပါးရခြင်း ဖြစ်သည်ကို သိရှိရကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါသည်။

"သူတို့ဒီမှာ အလုပ်လုပ်တဲ့အခါ လုံခြုံဖို့ လိုတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်သူကမှ မတရားသဖြင့် မယူဘူး။ မခိုးဘူး၊ မသိမ်းဘူး။ အဲဒီလို လုံခြုံဖို့ လိုတယ်တဲ့။ အဲဒီအတွက် အာမခံချက်က ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးပဲ။ လွှတ်တော်ကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေရေးတယ်။ တချို့ကတော့ ကြိုက်တယ်။ တချို့ကတော့ မကြိုက်ဘူး။ ကြိုက်တာမကြိုက်တာ အပထား အဓိကက ဥပဒေက ဘာရှိလဲ ဆိုလို့ရှိရင် ရင်းနှီးမြှုပ်တဲ့ သူတွေက ဒီဥပဒေကို ကြည့်ပြီးတော့ သူတို့ရပိုင်ခွင့် အကျိုးအမြတ် ဘာရှိမလဲ။ ဘယ်လောက် ရှိနိုင်မလဲ။ ဘယ်လိုပုံစံနဲ့ လုပ်နိုင်မလဲ ဆိုတာ သူတို့သိနိုင်မယ်။ ဒါပေမဲ့ ဥပဒေကို ဖတ်ရုံနဲ့တော့ မသိနိုင်ဘူး။ ဒီဥပဒေတော့ ရှိပြီးတော့ ဒီဥပဒေကို လိုက်နာအောင် လုပ်ဆောင်ပေးမယ့် တရားစီရင်ရေး မရှိရင်တော့ အလကားပဲ။ တရားရုံးတွေကို စိတ်မချဘူး။ သူတို့က ပြောတယ်။ တရားစီရင်ရေးကို စိတ်မချရဘူး။ နောက်ပြီး လုံခြုံရေး အဖွဲ့အစည်း တွေကို လည်း စိတ်မချရဘူး။ ဒါကြောင့် မလာကြတာလို့ သူတို့က ပြောတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါ သည်။ လက်ရှိ ပြည်တွင်း၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာလည်း တရားဥပဒေ စိုးမိုးမှု မရှိခြင်းကြောင့် မိမိကိုယ်မိမိ လုံခြုံမှု မရှိဟု ခံစားရကာ တစ်ဦးကိုတစ်ဦး သံသယများ ၀င်နေခြင်းကြောင့် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေဖြင့်လည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှု မရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းပဋိပက္ခများကို နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် နိုင်ငံကိုသာ ဦးထိပ်ထားပြီး နားလည်မှုဖြင့် ဆောင်ရွက်သင့်ဟု ပြောကြားသည်။

ထို့အပြင် ပြည်သူများ ခံစားနေရသော လယ်ယာမြေ သိမ်းဆည်း ခံရခြင်း၊ နေအိမ်များ ဖျက်ဆီးခံရခြင်း တို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည် ဟု ဒေါ်အောင်ဆန်းစုကြည် က ကတိပေး ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပညာရေးနှင့် ပတ်သက်ပြီး မူလတန်း ကလေးအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်သာ အထက်တန်း ရောက်သည်အထိ ပညာသင်ကြား နိုင်ကြကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင်လည်း ဆရာဝန်၊ သူနာပြု ၀န်ထမ်းများမှ အစဆေးခန်းများ၊ ဆေးဝါးပစ္စည်း လိုအပ်ချက်များလည်း ရှိနေကြောင်း၊ အလုပ်လက်မဲ့ ဦးရေသည် စာရင်းဇယားများအရ လေးရာခိုင်နှုန်းသာ ရှိသော်လည်း လက်တွေ့ တွင် လေးဆယ် ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ဦးလွင် မြို့ခံများ၏ လိုအပ်ချက်များကို မေးမြန်း ကာ ပြန် လည်ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။ ဒေသခံများ ပြောကြားသည့် အဓိက ရင်ဆိုင် ရသော ပြဿနာများမှာ တစ်နိုင်ငံလုံးတွင် ကြုံတွေ့ခံစား နေကြရသော အခက်အခဲများနှင့် တူညီကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ အနေဖြင့် တူညီသော အခက်အခဲ ပြဿနာများကို ခံစားနေကြရသည် ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားခဲ့ပါသည်။

အဆိုပါ လူထုတွေ့ဆုံပွဲသို့ ပြင်ဦးလွင်မြို့မှ ဒေသခံများအပြင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်မှ ဒေသခံများ တက်ရောက်ခဲ့ကြသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1