Thursday, June 27, 2013
ကာတာစော်ဘွားက သားဖြစ်သူကို ထီးနန်းလွှဲ
Ever November | 6/27/2013 09:52:00 AM |
နိုင်ငံတကာသတင်း
ကာတာစော်ဘွား ရှိတ်ဟာမက် ဘင်ခါလီဖာ အယ်လ်တာနီသည် ၄င်း၏ ထီးနန်းအမွေကို သားဖြစ်သူ ရှိတ်တာမင် ဘင်ဟာမက် အယ်လ်တာနီကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ဇွန် ၂၅ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကာတာစော်ဘွား ရှိတ်ဟာမက်က သူ့အနေဖြင့် မျိုးဆက်သစ်ကို ထီးနန်းလွှဲပေးရမည့် အချိန်ကျရောက်ပြီဖြစ်ကြောင်း ကာတာ ရုပ်မြင်သံကြားမှ တစ်ဆင့် ထုတ်လွှင့် ပြောကြားခဲ့သည်။ အသက် (၃၃ နှစ်) အရွယ်ရှိ ရှိတ်တာမင်က (၆၁ နှစ်) ရှိ ဖခင်ဖြစ်သူထံမှ အာဏာသိမ်းရန် ကြိုးစားနေသည်ဟူသော ကောလာဟလ သတင်းများမှာလည်း အဆုံးသတ်သွားသည်။ စော်ဘွားရှိတ်ဟာမက်ကလည်း ကာတာအခြေစိုက် အယ်လ်ဂျာဇီးရာ ရုပ်မြင်သံကြားမှတစ်ဆင့် ယင်းကိစ္စကို၎င်း၏ တော်ဝင်မိသားစု အသိုင်းအဝိုင်းနှင့် အကြံပေးအမတ်များနှင့် တိုင်ပင်ပြီး ဇွန် ၂၄ ရက်က ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ကာတာစော်ဘွားက ၄င်းဆုံးဖြတ်ချက်သည် လူငယ်များကို လမ်းဖွင့်ပေးခြင်း ဖြစ်သည်ဟူ၍လည်း ပြောကြားသည်။ သားဖြစ်သူ ရှိတ်တာမင်သည် လက်ရှိ တပ်မှူးတစ်ဦးဖြစ်သည်။ ကာတာစော်ဘွားက သားဖြစ်သူ၏ အသက်အရွယ်နှင့် လိုက်ဖက်မှုရှိစေရန် ငယ်ရွယ်သော ဝန်ကြီးများကိုလည်း အစားထိုးရန် ပြင်ဆင်လျက်ရှိသည်။ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် နှစ်ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်နေသော ရှိတ်ဟာမက် ဘင်ဂျက်ဆင် အယ်လ်တာနီသည် ရာထူးမှ ဆင်းပေးရဖွယ်ရှိသည်။ ကာတာနိုင်ငံတွင် အယ်လ်တာနီ မိသားစုသည် နှစ်ပေါင်း ၁၅ဝ နီးပါး စိုးမိုးထားခဲ့သည်။ ရှိတ်ဟာမက်သည် ၁၉၉၅ ခုနှစ်တွင် ဖခင်ဖြစ်သူ ရှိတ်ခါလီဖာထံမှ သွေးမထွက်ဘဲ အာဏာသိမ်းခဲ့သည်။ ယခုတစ်ဖန်အလားတူ အာဏာသိမ်းမည်ဟု ကောလာဟလများ ထွက်ပေါ်နေချိန် ဖခင်စော်ဘွားက သားဖြစ်သူကို ထီးနန်းလွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
(ဘီဘီစီ)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment