Thursday, February 9, 2012

အမ်အေအိုင် လေကြောင်းလိုင်း လုံခြုံရေးတိုးမြှင့်

November | 2/09/2012 04:26:00 PM | Best Blogger Tips
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (အမ်အေအိုင်) ကို ဖေဖော်ဝါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဗုံးခွဲဖို့ ခြိမ်းခြောက်တဲ့ သတိပေးစာကြောင့် အမ်အေအိုင် လေကြောင်းလိုင်းရဲ့ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေတယ်လို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ရန်ကုန်ကနေ ဘန်ကောက်ကို  ပျံသန်းမယ့် အမ်အေအိုင် လေကြောင်း ခရီးစဉ်တခုကို ဗုံးခွဲမယ့် သတင်းတွေ လူမှုကွန်ရက် ၀က်ဆိုဒ်တွေမှာ ခုရက်ပိုင်းအတွင်း ပျံ့နှံ့နေတာပါ။

ဒီခြိမ်းခြောက်စာကြောင့် လုံခြုံရေး တိုးမြှင့်ထားပေမယ့် လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်ပြေးဆွဲနေတယ်လို့ အမ်အေအိုင် လေကြောင်းလိုင်း ဈေးကွက်မန်နေဂျာ ဒေါ်အေးမြသာက ပြောပါတယ်။
“စာတွေတော့ ရောက်တယ်။ ကျမတို့ အပိုင်းကလည်း စာတွေ ရောက်လာတဲ့ အခါကျတော့ ဘာပဲပြောပြော အမ်အေအိုင် လုံခြုံရေး ဌာနလည်း ရှိတယ်။ နဂိုထက်ပိုပြီးတော့ လုံခြုံရေးကို စေ့စေ့စပ်စပ် လုပ်တာပေါ့။ လေယာဉ်ချိန်ကလည်း ပုံမှန်ပဲ ထွက်တယ်။ မနေ့ကနဲ့ ဒီကနေ့အထိ ဘန်ကောက် ခရီးစဉ်တွေ အကုန်လုံး ပုံမှန်ပဲ။”
ဒါပေမယ့် ဒီကနေ့  ရန်ကုန်ကနေ ဘန်ကောက်ကို ဆိုက်ရောက်မယ့် လေယာဉ်တွေ ဆိုက်ရမယ့်အချိန်မှာ မရောက်ဘဲ နှောင့်နှေးကြန့်ကြာမှု ရှိနေတယ်လို့ ရန်ကုန်က ခရီးသည်ကို ဘန်ကောက် သုဝဏ်ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ သွားကြိုသူတဦးက ပြောပါတယ်။
“အခုထိ ထွက်မလာသေးဘူး။ အထဲမှာ တော်တော်ကြာနေတယ်။ မြန်မာခရီးသည် တယောက်မှ မတွေ့တာ။ အမ်အေအိုင် လေကြောင်းလိုင်းတွေက အချိန်ရွှေ့ထားတယ်။”
အမ်အေအိုင် လေကြောင်းလိုင်းသာမက ရန်ကုန်ကနေ ထွက်လာတဲ့ လေကြောင်းလိုင်းတွေ ဆိုက်ရောက်ချိန် မရောက်ဘဲ နောက်ကျနေတယ်လို့ ပြောပါတယ်။
ဒီလိုနောက်ကျတာနဲ့ ပတ်သက်လို့ ဘန်ကောက် အခြေစိုက် အမ်အေအိုင် ရုံးက မြူနှင်းတွေများလို့ နောက်ကျတာလို့ ပြောပါတယ်။
“အထွက်မှာ နှင်းတွေများနေပြီး လမ်းမမြင်လို့ ထွက်လို့မရဘူး။ နောက်ကျတာ။ ဒီဘန်ကောက်ကနေ ထွက်ပြီး ရန်ကုန်ကနေ ပြန်လာတာ။”
မလေးရှား၊ စင်ကာပူကိုထွက်မယ့် အမ်အေအိုင်လေကြောင်း ခရီးစဉ်တွေလည်း  ရွှေ့ဆိုင်းတာ မရှိဘဲ ပုံမှန်ပြေးဆွဲပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
လေကြောင်းလိုင်းကို ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်စာဟာ အတုဖြစ်တဲ့ အကြောင်းနဲ့  ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ဒီစာပေးပို့ခဲ့တာလို့ ပြည်ပသတင်းဌာနတွေက ထုတ်လွှင့်သွားပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1