Tuesday, February 28, 2012

အဓမ္မသိမ်းယူခံထားရသည့် နယ်မြေမှ မပြောင်းပေးသည့် ရွာသားအချို့ တရားစွဲခံရ

November | 2/28/2012 08:18:00 PM | Best Blogger Tips
နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ် မီး​သွေး​ဖိုကုန်း​ကျေး​ရွာမှာ နေထိုင်တဲ့ ရွာသားတွေကို စီမံကိန်းနယ်မြေဆိုပြီး ဖယ်ခိုင်းကာ မဖယ်ပေးတဲ့ ရွာသားတွေကို စည်ပင်သာယာက တရားစွဲဆိုပါတယ်။

တရားစွဲခံရတဲ့ ဦးချစ်ကိုဦးက “ကျနော်တို့ ရွာက စီမံကိန်းနယ်မြေ ဖြစ်တယ်ဆိုပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က လာပြီး ညွှန်ကြားသွားပြီးတော့ ကျေးရွာနေတဲ့သူတွေကို ပြောင်းရွှေ့ကြေး ၂ သိန်း ပေးတယ်။ မပြောင်းသေးတဲ့သူ၊ မဖယ်ပေးတဲ့သူတွေကို စည်ပင်အက်ဥပဒေ ပုဒ်မ ၂၆ နဲ့ တရားစွဲဆိုတယ်။ စီမံကိန်းဆိုတာ ကျနော်တို့ ကြားတာတော့ ကျောက်မျက် စီမံကိန်းလို့ ပြောတယ်။ မြေကွက် ပြန်ပြီးတော့ အစားမပေးဘူး။ ပြောင်းရွှေ့ကြေး  ၂ သိန်းနဲ့ ဘယ်လိုလုပ် ၀ယ်ယူ နေထိုင်ရမလဲ။ တကယ်ပဲ နေစရာ မရှိတဲ့သူဆိုတော့ မဖယ်ပေးဘူး။ မဖယ်ပေးတဲ့လူတွေက တရားစွဲဆိုခံရတာပေါ့။ အခုနေစရာ၊ လုပ်စားစရာ မြေကွက်လည်း မရှိဘူး ဆိုတော့ တရားစွဲလည်းခံရုံပဲ၊ ထောင်ချလည်း ခံရရုံပဲဆိုပြီး နေထိုင် တရားရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။
အဲဒီရွာမှာ အိမ်ခြေ ၁၄၅ အိမ်ရှိပြီး စည်ပင်က စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး ဖယ်ခိုင်းခဲ့တာပါ။ ဒီလို ဖယ်ခိုင်းတဲ့နေရာမှာ ရွာသား ၄၉ ဦးသာ အိမ်ခြံမြေနေရာနဲ့ ပြောင်းရွှေ့စရိတ် ၂ သိန်းရရှိပြီး ကျန်သူတွေကိုတော့ ပြောင်းရွှေ့စရိတ် ၂ သိန်းသာ ပေးပြီး မြေနေရာမပေးဘဲ ပြောင်းရွှေ့ခိုင်းတာလို့ ဆိုပါတယ်။
ဒီလို မညီမျှမှုကြောင့် မပြောင်းဘဲ တင်းခံတဲ့ ရွာသားတွေကို ဖမ်းဆီး ထောင်ချမယ်လို့ သက်ဆိုင်ရာက ပြောဆိုတာကြောင့်  တချို့ရွာသားတွေ ကြောက်လန့်ပြီး ပြောင်းရွှေ့ကုန်ပေမယ့်   တချို့က မပြောင်းဘဲ ဆက်လက် နေထိုင်ကြပါတယ်။
မပြောင်းဘဲ ကျန်ရှိတဲ့ အိမ်ခြေ ၂၀ ကျော်ကို ပြီးခဲ့တဲ့ ၁၀ ရက်နေ့မှာ နေပြည်တော်စည်ပင်ဌာနက စည်ပင်ဥပဒေ ပုဒ်မ၂၆ နဲ့ တရားစွဲဆိုထားပါတယ်။ မနေ့ကတော့ ရုံးချိန်း ၄ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။
တရားရင်ဆိုင်ရတဲ့ ရွာသား ဦးချစ်ကိုဦးက တရားခွင်အတွင်း စစ်ဆေးမှုနဲ့ သူ့ရဲ့ အခက်အခဲကို အခုလို ရှင်းပြပါတယ်။
“စစ်တယ်ဆိုတော့ ကျနော်တို့ကို စည်ပင်အက်ဥပဒေ ပုဒ်မ ၂၆ နဲ့ လယ်ဝေးမြို့နယ်တရားရုံးက တရားသူကြီးက မေးတယ်။ ခင်ဗျားတို့ကို တရားစွဲဆိုထားတယ်၊ ဒီအတွက် အပြစ်ရှိလား၊ မရှိဘူးလားပေါ့။ ကျနော်တို့ကလည်း အပြစ်မရှိပါဘူးလို့ ပြောကြားထားတယ်။ ဘာကြောင့်မရှိလဲဆိုတော့ ကျနော်တို့က ရွာမြေမှာနေထိုင်ပြီးတော့ ရွာလူကြီးရဲ့ အသိအမှတ်ပြုလက်မှတ်၊ ပုံစံ ၁၀ (က) နဲ့ ကျေးရွာရဲ့ ကိစ္စအ၀၀ဖြစ်တဲ့ သာရေးနာရေး၊ မီးဘေးနဲ့ လုံခြုံရေးတို့မှာ တာဝန်ယူပြီး ထမ်းဆောင်ခဲ့ကြတာ၊ ရွာသားဖြစ်လျက်သားနဲ့ စည်ပင်ပိုင်နယ်မြေမှာ နေတယ်ဆိုပြီး တရားစွဲဆိုတာ ဖြစ်တာကြောင့် ကျနော်တို့မှာ အပြစ်မရှိပါဘူးလို့ ပြောကြားထားတာ။
ကျနော်တို့မှာ နေစရာမရှိလို့ ဈေးတန်ဖိုးလည်းနည်းပြီး ကိုယ့်ရဲ့ လုပ်အားခနဲ့ တနိုင်တပိုင် ရရှိတဲ့ငွေကြေးနဲ့ ဒီကျေးရွာမြေမှာ ၀ယ်ယူပြီး အိမ်ဆောက်နေတာပါ။ မတရား နှင်ထုတ် တရားစွဲဆိုနေတော့ ကျနော်တို့ရဲ့ နစ်နာမှုတွေက အများကြီးပဲ။”
ရွာသားတွေဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် အကူအညီလိုအပ်နေပြီး လက်ရှိအတိုင်းဆို ထောင်ဒဏ်ကျခံရမယ့် အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ ရွာသားတွေ တရားစွဲဆိုခံရမှုနဲ့ ပတ်သက်ပြီး လယ်ဝေးမြို့နယ် စည်ပင်သာယာရေး ကော်မတီကို မေးမြန်းလို့ မရသေးပါဘူး။ 
Ref; DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1