Saturday, February 4, 2012

'မြတ်ဆုမွန်' သီချင်းကိုဖျက်ဆီးပြီး မသီဆိုဖို့ မန္တလေးသိန်းဇော်မေတ္တာရပ်ခံပြီးနောက် လူရွှင်တော် ဖိုက်စတားအဖွဲ့မှ တောင်းပန်

November | 2/04/2012 02:53:00 PM | Best Blogger Tips
'မြတ်ဆုမွန်'လို့ အမည်ပေးထားတဲ့ ဓမ္မတေးကို ညစ်ညမ်းစကားလုံးတွေ အစားထိုးပြီး လူရွှင်တော်ဖိုက်စတားအဖွဲ့က ဖျော်ဖြေ တင်ဆက်တဲ့အပေါ် အဲဒီတေးသီချင်းကို သီဆိုသူ မန္တလေး သိန်းဇော်က ဘာသာသာသနာနဲ့ ပတ်သက်ပြီး သီကုံးစပ်ဆိုထားတဲ့ သီချင်းကို ပေါ့ပေါ့တန်တန် သဘောထားပြီး မထီမဲ့မြင်မလုပ်ကြဖို့ မေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။

"အပြစ်တင်တာ မဟုတ်ပါဘူး။ အပြစ် မဖြစ်စေချင်တဲ့အတွက် ဘ၀တူချင်းကို ဖေးကူတဲ့စကားများနဲ့ ပြောကြားခြင်းဖြစ်ပါတယ်။ သဘင်အနုပညာလုပ်နေကြတဲ့ လူငယ်တွေ ဆောင်ရန် ရှောင်ရန်ဆိုတဲ့ အချက်လေးတွေကို သိစေချင်တယ်"လို့ ဇန်န၀ါရီလတွင်းက ကျင်းပခဲ့တဲ့ အဇဋာအနုပညာနဲ့ မီဒီယာတွေ့ဆုံပွဲမှာ မန္တလေးသိန်းဇော်က ပြောခဲ့ပါတယ်။
"ဗုဒ္ဓပူဇနိယနဲ့ပတ်သက်ပြီး သဘင် အနုပညာလောကမှာ ဖျော်ဖြေရေး အတွက်ဆောင်ရွက်ကြရင်းနဲ့ ကိုးကွယ်ရာ၊ အားထားရာတွေမှာ ပေါ့ပေါ့ဆဆ မှားမှားယွင်းယွင်းလေးတွေ ရှိတာတွေ့ရတယ်။ စမြောင်ကပ်တဲ့အခါ တော်ရုံ ရယ်ကြရတဲ့သဘောမဟုတ်ဘဲ (မရိုသေ့ စကား) ခါးအောက်ပိုင်းစာသားတွေကို ဓမ္မတေးမှာ အစားထိုးသီဆိုလာကြတယ်" လို့ သူက ပြောပါတယ်။
မြတ်ဆုမွန်သီချင်း ဖြစ်ပေါ်လာပုံကိုလည်း ကျိုက်ထီးဆောင်းဆရာတော်ကြီးဟာ သာသနာငါးထောင် ခိုင်မြဲစေဖို့ ရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ပြုရေးသားကာ ရဟန်းသံဃာ၊ သီလရှင်တွေနဲ့ ယောဂီတွေ ရွတ်ဖတ်ပူဇော်ကြတဲ့ တရားစာဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဆရာတော်ရဲ့ ဒါယကာတွေက ဂီတလုလင်ဆရာ ဦးကိုကိုဆီ သီချင်းအဖြစ်ပူဇော်ဖို့ အကူအညီတောင်းရာက ဆရာဦးကိုကို သီဆို ပူဇော်ခဲ့တဲ့ သီချင်းဖြစ်ပြီး နောက်ပိုင်းမှာ မန္တလေးသိန်းဇော် ဘုရားပွဲသွားကရင်း ဆရာတော်ကြီးက အဲဒီသီချင်းကို သူ့ကိုချီးမြှင့်ခဲ့ရာ ပွဲသိမ်းသီချင်းအဖြစ် သီဆိုခဲ့တယ်လို့ ပြောပြပါတယ်။
အများပြည်သူတွေကလည်း ဓမ္မတေး သီချင်းတစ်ပုဒ်အဖြစ် အလှူမင်္ဂလာပွဲတွေမှာ အသုံးပြုမင်္ဂလာယူကြတယ်လို့လည်း ဦးသိန်းဇော် က ဆိုပါတယ်။
"ဘုရားထီးတင်ဖို့ အလှူခံမဏ္ဍပ်မှာ မန္တလေးသိန်းဇော်ရဲ့ မြတ်ဆုမွန်သီချင်း ဖွင့်ပြီး အလှူခံတာ ခုဆို ဘုရားထီးတင်နိုင်တော့မယ်ဆိုပြီး ပြောကြတဲ့သူတွေရဲ့ ပြောစကားတွေကိုလည်း ကြားခဲ့ရတယ်။
ဘုရားပွဲ၊ အလှူပွဲအစရှိတဲ့ မင်္ဂလာယူတဲ့ ပွဲတွေမှာ ဒီသီချင်းကို သီဆိုပြီး ဗုဒ္ဓ သာသနာတော်မှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရ ခဲ့တယ်"လို့ သူက ပြောပါတယ်။
အဲဒီနေ့က ပွဲတက်ရောက်လာခဲ့တဲ့ ဂီတပညာရှင်ကြီးတွေကလည်း ဖိုက်စတားအဖွဲ့ကို တန်ဖိုးမဲ့တဲ့ အနုပညာမျိုး မပြုလုပ်ကြဖို့ မေတ္တာ ရပ်ခံပြောကြားခဲ့ကြပါတယ်။
"မိမိရဲ့လုပ်ဆောင်ချက်ကို ပေါ်လွင်စေချင်တဲ့အဓိပ္ပာယ်နဲ့ လူတစ်ဖက်သားကို နှိမ့်နှိမ့်ချိုးချိုး၊ ပြောင်ပြောင် လှောင်လှောင်ပြောဆို တာဟာ မကောင်းပါလားဆိုတာ ခေါင်းထဲဝင်သင့်ပါတယ်။ အနုပညာရှင်များ၊ စာရေးဆရာများ၊ ပြည်သူအကျိုးရှိစေမယ့် ပြည်သူ သိသင့် သိထိုက်တဲ့၊ ပြည်သူတွေအတွက် အသုံးဝင်မယ့်အကြောင်းအရာတွေကို ဆောင်ရွက်ပေးကြပါ"လို့ အနုပညာဆိုင်ရာ စည်သူ ဘွဲ့ရ ဗိုလ်ကလေးတင့်အောင်က ပြောကြားခဲ့ပါတယ်။
အနုပညာဆိုင်ရာ စည်သူဘွဲ့ရှင်ဖြစ်တဲ့ ရွှေနန်းတင်ကလည်း "အဲဒီသီချင်းတွေ နားထောင်ရတာ စိတ်ကိုမချမ်းသာဘူး။ ကိုယ့်ကိုယ် ကိုယ်ဖျက် သံချေးတက်ကြတာ။ အရင်တုန်းက သဘင်သည်တွေလည်း ပြောကြပါတယ်။ ဒီလိုချည်းတော့ မဟုတ်ပါဘူး။ မလုပ်ကြ ပါနဲ့"လို့ ပြောခဲ့ပါတယ်။
ဖိုက်စတားအဖွဲ့ကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းရာ အဖွဲ့ကိုယ်စား လူရွှင်တော်မျောက်ရှုံးက သူတို့ လုပ်လိုက်တာ မှား သွားပါတယ်လို့ မန္တလေး သိန်းဇော်ကို တောင်းပန်စကားဆိုပြီး ပရိသတ်တွေရော၊ စာပေအသိုင်းအ၀ိုင်းကပါ မည်သူမဆို သူတို့အဖွဲ့ မှားတာရှိရင် သင်ပြထောက်ပြပေးပါလို့လည်း ပြောပါတယ်။
"ကျွန်တော်တို့မှာ ရှေ့ဆက်ရမယ့် အလုပ်တွေ အများကြီးရှိပါသေးတယ်။ ဘာသာရေးနဲ့ပတ်သက်မှ မဟုတ်ပါဘူး။ တခြားဘက်ပေါင်း စုံကနေ ထောက်ပြပေးကြဖို့ ပြောချင်ပါတယ်။ ခုလိုပြောပြပေးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်လည်းမဆိုးပါဘူး။ အကောင်းဆုံး လမ်းညွှန်ချက်ပေးတယ်လို့ပဲ ခံယူပါတယ်။ လူကြီးသူမတွေ ဆုံးမတာကို လေးလေးစားစား မြတ်မြတ်နိုးနိုးနဲ့ နားထောင်ပြီး နောက် မလုပ်မိဖို့ ကြိုးစားရမယ်"လို့ သူက ဆိုပါတယ်။ 

သစ်ထူးလွင်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1