Friday, March 2, 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့  မန္တလေးခရီးစဉ် အဆင်မပြေမှုတချို့ရှိနေ

November | 3/02/2012 08:24:00 PM | Best Blogger Tips
 
ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့ခရီးစဉ်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးတိုင်းခရီးစဉ် မနက်ဖြန်မှာစတင်တော့မှာ ဖြစ်ပေမယ့် မြို့နယ်တချို့က ဟောပြောမယ့် နေရာတချို့မှာ အဆင်မပြေမှုတွေ ရှိနေတယ်လို့ သက်ဆိုင်ရာ မြို့နယ်အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
မန္တလေးမြို့ပေါ်က ကြိုဆိုရေး အစီအစဉ်တွေ အဆင်သင့် ဖြစ်နေပေမယ့်၊  မန္တလေးတိုင်း မိထ္ထီလာမြို့နဲ့အစိုးရရုံးစိုက်တဲ့ နေပြည်တော်မှာ ဟောပြောမယ့် နေရာတွေမှာ အဆင်မပြေမှုတွေ ဖြစ်နေတာပါ။

ဒီလ၅ရက်နေ့မိတ္ထီလာခရီးစဉ်မှာ ဟောပြောဖို့ လျှောက်ထားတဲ့ နေရာကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုတဲ့အကြောင်း၊ ဒီနေ့ ၁ နာရီမှာ အကြောင်းကြားခဲ့တယ် လို့ မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က ပြောပါတယ်။
“ကျနော်တို့ ဒီနေရာကိုရဖို့ ကြိုးစားနေတာ ၁၀ ရက် လောက်ရှိပြီ။ ဒီရက်အတွင်းမှာ ဘယ်လိုမှ အကြောင်းမထူးဘူး။ လွန်ခဲ့တဲ့ ၃ရက်လောက်က သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သွားညှိတယ်။ ဘယ်လိုမှ မပြေလည်ဘူး။ စည်ပင်ကနေ ထွေ/အုပ်ကိုလွှဲတယ်၊ ထွေ/အုပ်ကနေ ကော်မရှင်ကိုလွှဲတယ်။ ကော်မရှင်ကနေ ထွေ/အုပ်ကို ပြန်လွှဲ။
ဒီလိုဖြစ်နေတဲ့အချိန်မှာ မနေ့က ကျနော်တို့ သူတို့ရုံးကို ၃ ကြိမ်တိုင်တိုင် သွားပြီးတော့ ပြောတဲ့အခါမှ ည ၇နာရီခွဲ အထိ မရသေးဘူး။ ဒီမနက်ကျတော့ ကျင်းပနေကျ လွတ်လပ်ရေး ကွင်းကို ခွင့်မပြုနိုင်ဘူးဆိုလို့ နေရာတခု ရှာတယ်။ ရှာတဲ့နေရာကို သူတို့ကို လှမ်းတင်ပြမယ်ပေါ့။ တင်ပြလို့ မရရင်တော့ မြို့လယ်ခေါင် လမ်းမကြီးပေါ်မှာ လုပ်မယ်လို့ စဉ်းစားထားပါတယ်။”
ခွင့်မပြုနိုင်ကြောင်းရေးထားတဲ့ ခရိုင်ကော်မရှင်ရဲ့ စာထဲမှာပါတာတော့ နိုင်ငံတော် အထိမ်းအမှတ် လွတ်လပ်ရေးကျောက်တိုင်ရှိနေခြင်း အများပြည်သူ သွားလာ အပန်းဖြေသည့် နေရာ ဖြစ်ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်နေရာ ဖြစ်ခြင်းတို့ကြောင့် ၎င်းနေရာအား ခွင့်မပြုနိုင် တာလို့ ပါရှိပါတယ်။
အလားတူ ဒီလ ၅ ရက်နေ့မှာ စီစဉ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ် အတွင်း ဟောပြောဖို့ နေရာအခက်အခဲ ကြုံနေရတယ်လို့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
“မြို့နယ်ကော်မရှင်ကတော့ ကျနော်တင်တဲ့ ကွင်းအနေအထားကို ကန့်ကွက်ရန် မရှိပါလို့ စာထုတ် ထားပေးတယ်။ ဒါပေမယ့် မစန္ဒာမင်း ၀င်ပြိုင်မယ့် ဇမ္မူသီရိမြို့နယ်နဲ့ ကိုနိုင်ငံလင်း ၀င်ရောက် ယှဉ်ပြိုင်မယ့် ဒက္ခိဏသီရိ မြို့နယ်မှာတော့ ကွင်းအနေအထားက မသေချာသေးဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆင့်ထိ တင်ပြ တောင်းဆို ထားတယ်လို့ ကြားသိရပါတယ်။ အဆင်ပြေသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့ အရာအားလုံးကို တရားဥပဒေနဲ့အညီ လုပ်ကိုင်ထားတာပါ။”
နေပြည်တော်က မဲဆန္ဒနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တွေလည်း ဓားနဲ့ ဖျက်ဆီးတာတွေ ခံနေရပြီး၊ စည်းရုံးရေး လုပ်ငန်းတွေမှာလည်း မညီမျှမှုတွေ ရှိနေတာတွေကို ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဥပဒေနဲ့အညီ ထိန်းကျောင်းပေးသင့်တယ်လို့  ဦးဇေယာသော်က ဆက်ပြောပါတယ်။
“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက် နေ့စွဲနဲ့ ကြေညာချက် ၁ စောင် ထုတ်ပါတယ်။ အားကစားကွင်း၊ ဘောလုံးကွင်း အစရှိတဲ့ ကွင်းတွေကို နိုင်ငံရေးအရ စည်းရုံး ဟောပြောမှုကို ဘယ်ပါတီကိုမှ ခွင့်မပြုပါဘူးဆိုတဲ့ အချက်ပါ။ ဒါပေမယ့် ကျနော်တို့ ပုဗ္ဗသီရိ မြို့နယ်မှာရှိတဲ့ ဘောလုံးကွင်းကိုတော့ ကြံ့ခိုင်ရေးပါတီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စည်းရုံးဟောပြောပွဲ တခု လုပ်သွားပါတယ်။ ဒါကိုလည်း သက်သေနဲ့ ဓာတ်ပုံ အထောက် အထားတွေ အပါအ၀င် ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ပါဝင်တဲ့ အထောက်အထားတွေနဲ့ တင်ပြပြီး ကန့်ကွက်သွားမှာပါ။ ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ချိန်ခွင်လျှာလိုမျိုး အလယ်ကနေ သမာသမတ်ကျကျ ရပ်တည်သင့်တယ်လို့ ထင်ပါတယ်။”
မိထ္ထီလာနဲ့ နေပြည်တော်မှာ ဒီလို ပြဿနာတွေ ရှိနေပေမယ့်၊ မနက်ဖြန် မန္တလေးမြို့ပေါ်က ကြိုဆိုရေး အစီအစဉ်နဲ့ ဟောပြောမယ့် နေရာတွေအားလုံး အဆင်ပြေပြေ စီစဉ်ထားပြီး ဖြစ်တယ်လို့ မန္တလေးမြို့မှာ အသင့်စောင့်နေတဲ့ မဟာအောင်မြေ မဲဆန္ဒနယ်က ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
“ဥက္ကဋ္ဌရဲ့  လေယာဉ်ခရီးစဉ်က မနက်ဆိုတော့ ၈ နာရီ ခွဲလောက် ဖြစ်နိုင်ပါတယ်။ မန္တလေးတိုင်းက ကြိုဆိုဖို့အတွက် ရွှေရောင်ခွပ်ဒေါင်းနဲ့ ကြယ်ပေါ့။ ဟိုတုန်းက မြို့မ အဖွဲ့ကားတွေလို သရုပ်ဖော် ငွေငန်းတို့ဘာတို့ ဆင်သလိုပေါ့။ ရွှေရောင်ခွပ်ဒေါင်းနဲ့ ကြယ်ကို အလှဆင်ထားတဲ့ တူရိယာကားနဲ့ ကြိုဆိုရေးကားတွေဖြင့် လေဆိပ်ကနေ ကြိုဆိုပါမယ်။ အောင်ပင်လယ်ကွင်းဆိုတာ အောင်ဇေယျလမ်းနဲ့ ခိုင်ရွှေဝါ လမ်းဒေါင့်မှာပေါ့။  ၅၀ x ၅၁ လမ်းကြားမှာ ရှိပါတယ်။ ဒါကွင်းကျယ်ကြီးပါ။ အဲဒီမှာတော့ ဟောပြောဖို့ စင်မြင့်ရယ်၊ အခင်းအကျင်းတို့ကို အပြီးသတ် ကျနော်တို့ ပြင်ဆင်ထားပြီးပါပြီ။” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ စတင်မယ့် မန္တလေးတိုင်း ခရီးစဉ်အတွင်းမှာ မတ် ၃ ရက်နေ့ မန္တလေးမြို့၊ ၄ ရက်နေ့ စစ်ကိုင်းနဲ့ ၅ ရက်နေ့မှာ မန္တလေးတိုင်းအတွင်းက တံတားဦး၊ နွာထိုးကြီးမြို့၊ မိထ္ထီလာ၊ နေပြည်တော်တို့ကို စည်းရုံးရေးသွားရောက်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
Ref; DVB


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1