နံနက်
 ၉ နာရီ ၇ မိနစ်ခန့်တွင် လွှတ်တော်တစ်ခုလုံးနှင့်မဏ္ဍိုင်ကြီး (၄)ရပ်စလုံးက 
ကြိုဆိုနေသော ခရမ်းရောင်ဝတ်စုံနှင့် ပခုံးထက်တွင်ဒေါင်းမြီးပုံပါခရမ်းနှင့်
 အဖြူစွက်ပိုးပ၀ါခြုံကာ ပန်းဖြူ နှစ်ပွင့်ပန်ထားသော  သူမသည် 
အနက်ရောင်ကားလေးနှင့်  ရောက်ရှိလာသည်။ အညိုရောင် ကတ္တီပါပုံတော် 
ဖိနပ်ထူထူစီးကာ  ပြည်သူ့လွှတ်တော်လှေကားဆီသို့လှမ်းတက်လာသော 
သူမ၏ခြေတစ်လှမ်းသည် သန်း(၆၀)သောပြည်သူများ ၏အနာဂတ်အရေးအတွက် 
အရေးကြီးသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသည်မှာ နိုင်ငံတော်သမ္မတကြီးနှင့် တကွ 
အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူလူထုများနှင့် 
ကမ္ဘာတစ်ဝှမ်းလုံးက လက်ခံထား သော အချက် ဖြစ်သည်။ 
ပြည်သူ့ဆန္ဒကို
 တစ်လျှောက်လုံးအလေးထားခဲ့သော သူမသည် ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒ၊ 
ပြည်သူ့အရေးအတွက် ကြိုးပမ်းနေသော လွှတ်တော်တွင်းရှိ 
ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင် ရွက်ရန် နေ့ရက်များသည် ၂၀၁၂ 
ခုနှစ်၊မေလ(၂)ရက်နေ့တွင် စတင်ခဲ့ပြီဖြစ်သည်။ 
ပြည်သူ့လွှတ်တော်အတွင်းကြိုတင်နေရာယူထားသော
 သူမဆီသို့ လွှတ်တော်တွင်းရောက်ရှိပြီး ပြည်သူ့ကိုယ်စားလှယ် (၄၀၀)ခန့်က   
ပြုံးရွှင်သောမျက်နှာများဖြင့် ၀မ်းမြောက်ဝမ်းသာ သွားရောက်နှုတ်ဆက် 
ကြိုဆိုကြပြီး တပ်မတော်သား ကိုယ်စားလှယ်များ ကလည်း အပြည့်အ၀တက်ရောက်တာ 
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ 
နံနက်
 ၁၀နာရီမထိုးခင် (၅)မိနစ်အလိုတွင် လွှတ်တော်အတွင်း ရှိကိုယ်စားလှယ်များ 
နေရာယူရန် အချက်ပေး ခေါင်းလောင်း တီးလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များ 
၎င်းတို့၏နေရာများတွင် အသီးသီး နေရာယူကြပြီးသည်နှင့် နံနက် (၁၀) 
နာရီတိတိတွင်   ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းကြွရောက် လာသည်ကို 
တွေ့ရသည်။ 
နံနက်
 ၁၀နာရီ ၁၀မိနစ်တွင် ကျမ်းသစ္စာကျိန်ဆိုရန်ရောက်ရှိလာသည့် ၂၀၁၂ ခုနှစ် 
ကြားဖြတ်ရွေး ကောက်ပွဲတွင် အနိုင်ရလွှတ်တော် ကိုယ်စားလှယ် (၃၄)ဦးအား 
ကျမ်းသစ္စာကျိန်ဆိုရန် နေရာယူစေသည်နှင့်  နံနက် ၁၀ နာရီ၁၅ မိနစ်တွင် 
ပြည်ထောင်စုသမ္မတနိုင်ငံတော်၏ လွှတ်တော်ကြီးသည်ြုပီးပြည့်စုံပြီးသည် ထက်ပို၍
 ပြည့်စုံသွားသည်။ 
ကျမ်းသစ္စာကျိန်ဆိုမှုအပြီးတွင်
 လွှတ်တော်ဥက္ကဋ္ဌကြီးမှ ယခင် ရက်များအတိုင်း လွှတ်တော်တွင် ပုံမှန်ကျင်းပနေကြ 
ခွင့်တိုင်ကြားခြင်း၊ ဥပဒေပြုခြင်း စသည့်ကိစ္စရပ်များပြုလုပ်ကာ 
ပြည်သူ့လွှတ်တော်အား ဆက်လက် ကျင်းပသည်ကို တွေ့ရသည်။ 
ထိုကဲ့သို့
 ကျင်းပနေစဉ် အတွင်း Roll လေးခုရှိသော ပြည်သူ့လွှတ်တော်၏ Roll သုံးခုမြောက်၊
 လွှတ်တော်ဥက္ကဋ္ဌကြီး၏ ရှေ့မှ စတင်ရေတွက်ပါက ၈ တန်းမြောက်တွင်ရှိပြီး သူမ Roll
 ၏ဘေးတွင် တပ်မတော် သားကိုယ်စားလှယ်များ အပြည့်ရှိနေသည်။ 
သူမထိုင်ခုံအတန်းတွင်
 လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးရှိပြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဖက် 
ခြောက်ယောက်၏ အလယ်တည့်တည့်နေရာသော သူမသည် ဘေးနှစ်ဖက်မှ 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ်များနှင့် 
စကားစပ်မည်ပြောကြားနေသည်အားတွေ့ရသည်။ 
လွှတ်တော်စတင်ပြီး
 ၄၅ မိနစ်ခန့်အကြာတွင် လွှတ်တော်ဥက္ကဋ္ဌကြီးမှ လွှတ်တော်ပြီးစီးကြောင်း 
ကြေညာသည်နှင့် ပွင့်လင်းမြင်သာမှု ရှိသော ဒီမိုကရေစီအစိုးရ၏ မီဒီယာ 
လွတ်လပ်မှုကိုထူးခြားစွာတွေ့ ရှိရသည် ။ပြန်ကြားရေးဝန်ကြီးဌာန၏ 
စီစဉ်ပေးမှုဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာ စုစုပေါင်းအယောက် ၁၀၀ခန့်သည် 
လွှတ်တော်အတွင်းရှိ မီဒီယာသတ်မှတ်နေရာမှ ကော့မှူးမြို့နယ် 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဆီသို့ 
အပြေးအလွှားသွားရောက်ကြစဉ်တွင် …….။ 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
 အထွေထွေအတွင်းရေးမှူး ဟသာင်္တမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် 
ဦးဌေးဦးက ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် 
ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်ကြိုဆို နှုတ်ဆက်သည်ကို တွေ့ရသည်။
‘‘ကြိုဆိုပါတယ်၊
 ကျွန်တော် မောင်ဌေးဦးပါ၊ ကျွန်တော်တို့ လွှတ်တော်ကြီးထဲမှာ 
ပြည်သူ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြတာပေါ့။ လိုအပ်တာရှိရင်ပြောပါ 
ဝိုင်းဝန်းကူညီကြမှာပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် 
ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးဦးက နှုတ်ဆက်စကားဆိုသည်နှင့် 
ပြုံးရွှင်နေသော
 မျက်နှာဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင်၊ 
တွေ့ရတာ ၀မ်းသာပါတယ်။” ဟု ဆိုကာ နှစ်ဦးစလုံး၏ အပြုံးသည် 
ဘေးပတ်ဝန်းကျင်ရှိသူများ ကြက်သီးမွှေးညှင်းထသည် အထိ မြင်ရသည်ဟု 
ဓာတ်ပုံရိုက်နေသည့် မီဒီယာသမားတစ်ဦးက သူ့ရင်တွင်း ခံစားချက်အား 
ထိုနေရာတွင်ပင် ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်အား
 မီဒီယာများက ထိုင်ခုံတွင် ဘေးမှ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များနှင့် 
မည်သည့် အကြောင်းအရာများ ပြောဖြစ်ပါသလဲဟု  မေးမြန်းကြရာ “ဒီနေ့ ဥက္ကဋ္ဌကြီး 
ဖတ်ပြတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်တာပါ။ တစ်ပိုဒ်ဆီ 
ဆွေးနွေးမှာလားဆိုပြီး မေးဖြစ်တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သတင်းထောက်တစ်ဦး၏
 တပ်မတော်သားကိုယ်စားလှယ်များကို စည်းရုံးသွားမယ်လို့ပြောထားတာရှိတော့ 
လွှတ်တော်ထဲရောက်လာပြီ ဆိုတော့ ဟူသောမေးခွန်းနှင့် ပတ်သက်၍ 
“ လွှတ်တော်ကိုယ်စားလှယ်တွေ ကျွန်မ ကို ထမင်းစားဖိတ်ရင် ကောင်းမလားမသိဘူး” 
ဟု ရယ်သံစွက်ကာ ပြန်ဖြေသည်။ လွှတ်တော်တက်ရသည့် အတွက် ၀မ်းသာကြောင်းနှင့် 
မဲပေးကြသော မဲဆန္ဒရှင်ပြည်သူများ၏ အကျိုးအတွက် ဆောင်ရွက်ရန်တာဝန် များအား 
တလေးတစားလက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင်
 NLD လွှတ်တော်တက်ခြင်းသည် NLD ၏ နိုင်ငံရေးရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ 
ပြည်သူများ၏ နိုင်ငံရေးရည်မှန်းချက် အတွက် အတိုချုပ် ပြောပါက ပြည်သူများ၏ 
ရည်မှန်းချက်များ(၁၀၀) ရာခိုင်နှုန်းပြည့်ဝ အောင် ကြိုးစားသွားမည်ဟုလည်း 
ဆိုခဲ့သည်။
မြန်မာနိုင်ငံသစ်တွင်
 ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒကို ဦးစားပေးပြီး နိုင်ငံတိုးတက်ရေးကိုသာ 
ရှေးရှုဆောင်ရွက် သော ကမ္ဘာတစ်ဝန်းလုံး၏ ထောက်ခံအားပေးမှုအပြည့် ရရှိနေသည့် 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ပြည်သူ့အတွက် မည်သည့် 
မျက်နှာမှ မထောက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ 
ဦးသူရရွှေမန်းခေါင်းဆောင်သော   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက 
နိုင်ငံခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်း ထုံးနှလုံးမူသည့် 
ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော် 
ကိုယ်စားလှယ်များ၊က ပြည်သူ့ရည်မှန်းချက်အတွက် ပြည်သူ့ဆန္ဒအား အလေးထားကာ 
လွှတ်တော်အတွင်းသို့ ၀င်ရောက်ခဲ့သည်။
နိုင်ငံတကာက
 လေးစားအားကျသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ 
အကျိုးအတွက် လွှတ်တော်အတွင်း ၊ မည်သူနှင့် မဆို ပူးပေါင်းဆောင်ရွက်သွားမည့် 
လွှတ်တော်အတွင်း အင်အားအကြီးမား ဆုံးပါတီ၏ အထွေထွေအတွင်းရေးမှူးဦးဋ္ဌေးဦး 
ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာ့အနာဂတ်သည် ကမ္ဘာတွင် 
ရွှေရောင်လွှမ်းတော့မည်ဟု ယုံကြည်ရင်း၊ 
ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်
 နှစ်ကြိမ်တိုင် ဖြစ်ခဲ့ဖူးသည့် မြန်မာနိုင်ငံသားဦးသန့်အား 
မွေးထုတ်ပေးခဲ့သည့် နိုင်ငံသည် ကမ္ဘာပေါ်တွင် တစ်ဖန်ပြန်လည်၍ 
ဝင့်ထည်နိုင်တော့မည်လားဟု  မျှော်လင့်ရင်း ............... ။
 ပြည့်ပြည့်(မြစ်မခ)
  Myit Makha Mediagroup

No comments:
Post a Comment