Friday, May 25, 2012

မန္တလေးတိုင်းရှိ ကုန်ထုတ်လုပ်လုပ်ငန်းများအား ယာယီရပ်ဆိုင်းပေးရန် တိုင်းလျှပ်စစ်က မေတ္တာရပ်ခံ

Ever November | 5/25/2012 09:00:00 PM | Best Blogger Tips
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်နှင့်ပုဂ္ဂလိပိုင်ထုတ်လုပ်မှုလုပ်ငန်းများအားယာယီရပ်ဆိုင်းထားရန်
အတွက်လျှပ်စစ်ဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားကြောင်းတိုင်းအင်ဂျင်နီယာဒေါ်အေးအေးမင်းက နိုင်ငံရေးပါ
တီများနှင့် ဋ္ဌာနဆိုင်ရာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
`` နိုင်ငံတော်ပိုင်ရော ၊ ပုဂ္ဂလိပိုင်ရော အကုန်လုံးကို ထုတ်လုပ်မှုတွေ ယာယီရပ်ဆိုင်းထားဖို့ ကျမတို့ မေတ္တာရပ်ခံ ထားပါတယ် ၊ ဘာလို့လဲဆိုတော့ လျှပ်စစ်ဓါတ်အားက လုံးဝမရှိတော့ဘူး ၊ အများပြည်သူ ကို ဦးစားပေးရတော့မယ်´´ ဟု ဒေါ်အေးအေးမင်းက ပြောသည်။

ယခုလို လျှပ်စစ်မီးမပေးနိုင်သည့်အတွက် သံမဏိစက်ရုံများ ၊ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများကို ယာယီရပ်စိုင်းထားရန် မေတ္တာရပ်ခံထားပြီး ပြည်သူလူထုကို ပိုမို၍ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနိုင်ရန် အတွက်ကိုလည်း လုပ်ဆောင်လျှက်ရှိကြောင်း ဆက်ပြောသည်။
မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးခန်းတွင် မေလ(၂၄)ရက်၊ နေ့လည်(၂)နာရီ  လျှပ်စစ်ဝန်ကြီး ဌာနမှတာဝန်ရှိသူများ၊ ရေပေးရေးမှတာဝန်ရှိသူများနှင့်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် လျှပ်စစ်ဌာနမှ တိုင်းအင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းမှ လက်ရှိကြုံတွေ့ နေရသော လျှပ်စစ်မီးပြသနာများကို နိုင်ငံရေးပါတီများမှ တက်ရောက်လာသော ကိုယ်စားလှယ်များ အား ရှင်းလင်းပြောကြားခဲ့သည်။

 နွေရာသီဖြစ်၍ ဆည်ရေများရော့ပါးလာသောကြောင့် လျှပ်စစ်မီးပေးရာတွင် အခက်အခဲများဖြစ်လာ ကြောင်းကို ၎င်းက ရှင်းလင်းပြောကြားသည်။

`` နွေရာသီကာလမှ ရေ၀င်မှုက လျှော့လာတယ် ၊ လျှော့လာတာနဲ့အမျှ ဓါတ်အားပမာဏ ကလည်း လျှော့လာတယ် ´´ ဟု  ဒေါ်အေးအေးမင်းက ဆိုသည်။
မန္တလေးမြို့တော်အား မဟာဓါတ်အားပေးလိုင်းမှ ခွဲထွက်ကာ သီးခြားလျှပ်စစ်ထုတ်ပေးနိုင်မည့် စက်ရုံများဖြစ်သော သဘာဝဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်ရုံ(သို့မဟုတ်) ကျောက်မီးသွေးမှ ထုတ်လုပ်သော လျှပ်စစ် ဓါတ်အား  ပေးစက်ရုံတည်ဆောက်ရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန္ဒရှိနေပြီး ကုန်ကျစရိတ် သက်သာစွာဖြင့် ထုတ်လုပ်နိုင်မည့်နည်းလမ်းအား ရွေးချယ်လျှက် ရှိကြောင်း သိရသည်။

`` ပြည်သူတွေခံစားနေရတဲ့ ခံစားချက်ကို ယနေ့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ အဖွဲ့က ပြည်သူတွေ ခံစားနေရတာကို ဒါကိုဖြေရှင်းပေးရမှာပါလား တာဝန်ရှိပါလားဆိုပြီး စဉ်းစားတွေး တောကြပြီး အကြံများနဲ့ဆောင်ရွက်နေကြပါပြီဆိုတာ ယုံကြည်ပါတယ်´´ ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးအောင်ထွဋ်က ပြောသည်။
မန္တလေးမြို့တော်အားရေပေးရးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မြို့တော်စည်ပင်မှ ကော်မတီ ၀င် တစ်ဦးဖြစ်သူ ဦးထွန်းကြည်က ရေးပေးရေးတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြဆွေး နွေးသွားသည်။


`` မြို့တော်ဝန်ကလည်း အမြဲတန်းလမ်းညွှန်နေပါတယ် ၊ ကျနော်တို့ကလည်း ရေးပေးရေးနဲ့ ပတ်သက်ပြီး တော့လုပ်သားပြည်သူကိုဘယ်လိုနည်းနဲ့အတတ်နိုင်ဆုံးပေါ့လေ ပြည့်ပြည့်၀၀တော့ကျွန်တော်
မပြော လိုပါဘူး ၊ဘာလို့လဲဆိုတော့ ဒီချိန်မှာမရနိုင်ပါဘူး ၊ အတတ်နိုင်ဆုံးဘယ်လို ဖြည့်ဆည်းပေးရမလဲ ဆို တာ အမြဲတမ်းစဉ်းစားပြီး အစည်းအဝေးတွေ လုပ်နေပါတယ် ´´ဟု ဦးထွန်းကြည်က ပြောကြားသည်။

မန္တလေးမြို့တော်ရေပေးရေးစီမံကိန်းစံနစ်အား ၁၉၈၃ခုနှစ် တွင်စတင်ခဲ့ပြီး ယခင်လေးမြို့နယ်ပေါ်တွင်
အခြေခံရေးဆွဲထားခြင်းဖြစ်ကာ ယခုကဲ့သို့မြို့နယ်နမိတ်တိုးချဲ့လာမည်ကို မစဉ်းစားမိခဲ့ကြောင်း ဦးထွန်းကြည်က ၀န်ခံပြောကြားခဲ့သည်။

`` ရှစ်ဆယ့်သုံးမှာစတာဆိုတော့ အဲဒီတုန်းက ခင်ဗျားတို့လဲသိပါတယ် မန္တလေးက လေးမြို့နယ် ပဲရှိတာပါ သိပ္ပံလမ်းဆိုတာလဲ မရှိပါဘူး ၊ လှည်းတန်းလမ်းပဲ ရှိပါတယ် (၆၂)လမ်းဆိုတာ လှည်းတန်းလမ်းပဲ ရှိပါတယ် ၊ မြို့ရဲ့အတိုင်းတာက (၂၅)မိုင်စတုရန်းပဲရှိတာပါ ၊ ဒါမန္တလေးသား ဆိုရင်သိပါတယ် ၊ အရေးအခင်း မတိုင် မီအထိသည် အဲဒီအခြေအနေဖြစ်ပါတယ် ၊အဲဒီအခြေအနေ ကြီးအပေါ်မူတည်ပြီးတော့ ကျနော် တို့ရဲ့ ရေပေးရေးစံနစ်ကြီးကို ဆွဲလာတာဖြစ်ပါတယ် ၊ ကိုယ်က မြို့ကိုတိုးချဲ့လာမှာကို မစဉ်းစားခဲ့ပါဘူး၊ ဒါပွင့်ပွင့်လင်းလင်းပြေတာပါ ´´ ဟု ၎င်းကပြောကြား သွားသည်။

မန္တလေးမြို့တော်သည် ရေအရင်းအမြစ်အလွန်ကောင်းမွန်ကြောင်း ဦးထွန်းကြည် ဆက်လက် ပြောကြားခဲ့သည်။

`` မန္တလေးမြို့ရဲ့ ရေအားအရင်းအမြစ်တွေ အများကြီးရှိပါတယ် ၊ ဧရာဝတီမြစ်ကြီးရှိတယ် ဒုတ္ထ၀တီ မြစ်ကြီးရှိတယ် ၊ မြေအောက်ရေရှိတယ်  ၊ အခုဆိုရင်  မန္တလေးမြို့မှာတွင်းပေါင်း   နှစ်သောင်းကျော်  ရှိပါတယ် ၊ဆည်တော်ကြီးရေ ရှိပါတယ် ၊ ကျုံးရေရှိပါတယ် ၊ တကယ်တန်းပြောရင် မန္တလေးမြို့ဟာ မပြတ်လတ်နေတဲ့   ရေအရင်းမြစ်တွေ ရှိနေတယ် ´´ ဟု ဦးထွန်းကြည်က ရှင်းပြသည်။


အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ပြည်သူများခံစားနေရသော ရေဒုက္ခ ၊ လျှပ်စစ်မီးဒုက္ခများကို ပြန်လည်ရှင်းလင်းတင်ပြသွားကြပြီး ဌာနဆိုင်ရာများနှင့် လက်တွဲကာပူးပေါင်းဖြေရှင်းသွားရန်   ဆန္ဒရှိကြောင်းကိုလည်း ပြောကြားသွားသည်။


တွေ့ဆုံပွဲသို့တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှကိုယ်စားလှယ်ဖြစ်သူက ပြည်သူများ ခံစားနေရသော ဒုက္ခသည် ကြာပြီးဖြစ်ကြောင်းပြောဆိုသွားပြီး ပြည်သူ၏ဒုက္ခများ သက်သာစေရန် လက်တွေ့ကျကျလုပ်ဆောင်ပါက နိုင်ငံရေးပါတီများဖက်မှလဲ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကို ပြောကြားသွားသည်။


`` ပြည်သူတွေခံစားနေရတာကြာပါပြီ ၊ ကျနော်တို့သတက်တမ်းတစ်လျှောက်ပါပဲ ၊ ပြည်သူလူထု ကြီးရဲ့ ခံစားချက်တွေကို ကျနော်တို့ အပြောလေးလောက်နဲ့ ဘယ်လိုမှ နှစ်သိမ့်ကျေနပ်မှုပေးနိုင်မယ် မဟုတ်ပါဘူး ၊အဲဒီတော့ ဒီကနေ့ ပြည်သူ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို အများကြီးပဲ ကြိုဆိုပါတယ် ၊ သို့သော်လည်းပဲ ဥပမာတင်စားပြီးပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရဲ့ အားထုတ်မှုတွေအပေါ်မှာ ကျွန်တော်တို့ ကောင်းလေစွ ကောင်းလေစွနဲ့ သာဓု နှစ်ကြိမ်ခေါ်နိုင်တတဲ့ အနေအထား ရောက်နေပါပြီ သုံးကြိမ်တိတိ အပြည့်အ၀ ခေါ်ခြင်ပါတယ် ´´ ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ကိုယ်စားလှယ်က ပြောကြားသွားသည်။


တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပြည်ထောင်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၊ တစည ၊ ပြည်သူ့ဒီမိုကရေစီပါတီနှင့် အခြားပါတီများက တာဝန် ရှိသူများလည်း တက်ရောက်ခဲ့သည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1