မဟာ သက္ကရာဇ် ၁၄၈ ခုနှစ်က ဗုဒ္ဓမြတ်စွာ သည် ဝေသာလီ မြို့အနီး ဝေဠုဝရွာ တွင် နောက်ဆုံး ဝါကပ်တော်မူစဉ် ပြင်းထန်သော ဝေဒနာကို ခံစားရလေသည်။ ထိုဝေဒနာကို သတိသမ္ပဇဉ် ဉာဏ်နှင့်ယှဉ်၍ သည်းခံတော်မူပြီး ဝါကျွတ်သောအခါ ပါဝါပြည်သို့ ကြွတော်မူလေသည်။
ထိုသို့ ကြွတော်မူစဉ် ဥပါသကာ စုန္ဒအမည်ရှိသော ရွှေပန်းထိမ်သည်၏
သရက်ဥယျာဉ်သို့ ရောက်သော် ဗုဒ္ဓမြတ်စွာသည် ဝင်ရောက် သီတင်းသုံးတော်မူပြီး
စုန္ဒကပ်လှူသော ဝက်သားပြွမ်းဆွမ်းကို နောက်ဆုံး ဘုဉ်းပေးတော်မူသည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် ကုသိနာရုံသို့ ကြွတော်မူရာ လမ်းခရီးတွင်
ကကုဓာမြစ်အနီး၌ နောက်ဆုံး ရေသပ္ပာယ် (ရေချိုး) တော်မူပါသည်။ ယခုအခါ
ထိုနေရာတွင် မာထကဝ အမည်ရှိသော အုတ်တိုက်ငယ် ကျောင်းဆောင်တစ်ခုကို
တွေ့ရှိရသည်။ ယင်းကျောင်းဆောင်တွင်း၌ ဉာဏ်တော် ငါးပေ၊ ခြောက်လက်မရှိသော
ဗုဒ္ဓဆင်းတုတော် တစ်ဆူရှိသည်။
ထိုရုပ်ပွားတော်မှာ အေဒီ ၁ ရာစုက ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ
ဖြစ်သည်။ အိန္ဒိယနိုင်ငံ ကနိရှိကခေတ်က ရှေးဟောင်းလက်ရာ ဖြစ်သည်ဟု
အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသန ဦးစီးဌာနက အတည်ပြု ထုတ်ပြန်ထားချက်အရ
သိရှိရသည်။ ထိုရုပ်ပွားတော်မှာ ဈာနမုဒြာခေါ် ဈာန်ဝင်စားဟန်
ပုံတော်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော် မမူမီ နောက်ဆုံး
ရေကြည်တော် ဘုဉ်းပေးတော်မူခဲ့သော ကကုဓာ မြစ်ကမ်းပါးအနီးတွင် တည်ရှိသော
ကြည်ညိုဖွယ် ကောင်းလှသည့် ဆုတောင်းပြည့် ရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။
ဤရုပ်ပွားတော် ကိန်းဝပ် စံပယ်တော်မူသည့် မာထကူဝအမည်ရှိ ကျောင်းဆောင်ကို
မြန်မာနိုင်ငံမှ ဟင်္သာတ အရေးပိုင်မင်း ဦးဘိုးကျူးနှင့် နှမများက
လှူဒါန်းထားကြောင်း ကျောင်းဆောင်၏ နံရံရှိ ကမ္ပည်းကျောက်စာအရ သိရှိခဲ့ရသည်။
သန်းဝင်းရှိန်
ပြည်မြန်မာ
No comments:
Post a Comment