Thursday, August 2, 2012

ဝါဆိုလပြည့်နေ့တွင် မဲဆောက်ရောက် ရခိုင်သူ/သားများ၏ ဝါဆိုသင်္ကန်းကပ်လှူပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Ever November | 8/02/2012 06:43:00 PM | Best Blogger Tips

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရောက် ရခိုင်သူ/သားများက ဝါဆိုသင်္ကန်းကပ်လှူပွဲကို မဲဆောက်အခြေစိုက် ရခိုင်လူ့အခွင်းအရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(AHRDO) ရုံး၌ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီကနေ ၁ နာရီခွဲတိတိတွင် အောင်မြင်စွာကျင်းပ ပြီးစီးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဝါဆိုသင်္ကန်းကပ်လှူပွဲကို မြန်မာနိုင်ငံအတွင်းမှာ မဟုတ်ဘဲ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရခိုင်လူ့အခွင်းအရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး(AHRDO)၏ ရုံးအုပ် မခိုင်ခိုင်ထွန်းက အခုလိုပြောသည်။
“ ကျမတို့ အဖွဲအစည်းအနေနဲ့ ဒီဝါဆိုသင်္ကန်းကပ်လှူပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ဝါဆိုလပြည့်နေ့ဆိုတာ ရခိုင်လူမျိုးအပါအ၀င် တခြား မြန်မာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားတဲ့ နေ့တစ်နေ့လည်းဖြစ်သလို ဗုဒ္ဒဘာဝင်တွေရဲ့ ဘာသာရေး ဓလေ့တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာဆိုရင် ကျေးရွာ၊ မြို့နယ်၊ တစ်ပြည်နယ်လုံးမှာ မိမိတို့တွေရဲ့ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟများနဲ့ ပျော်ရွှင်စွာ ဝါဆိုသင်္ကန်း ကပ်လှူကြတဲ့နေ့ တစ်နေ့လည်း ဖြစ်ပါတယ်။ အခုအချိန်မှာ နယ်စပ်ဒေသကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့လည်း အတူတူကျင်းပလိုတဲ့အတွက် ကျမတို့ ဒီပွဲကို စီစဉ်ရတာ ဖြစ်ပါတယ်။ ပြီးလို့ရှိရင် မြန်မာနိုင်ငံသားအချင်းချင်း ရင်းနှီးမှုပိုမိုရရှိစေပြီး တိုင်းရင်းသားတွေ ကြားထဲမှာ ပွင့်လင်းမှုတွေ ပိုမိုရရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ” ဟု ပြောပြသည်။
ဤ ဝါဆိုသင်္ကန်းကပ်လှူပွဲကို လူ ၆၀ ခန့်မှန်းထားသော်လည်း မမျှော်လင့်ပဲ လူ ၂၀၀ နီးပါးလောက် တက်ရောက်သည်ကိုသိရှိရပြီး ထိုင်းနိုင်ငံရောက် ရခိုင်ရွှေ့ပြောင်း အလုပ်သမားသာမက အခြားမြန်မာတိုင်းရင်းသားများကလည်း တက်ရောက်ကြ၍ အောင်မြင်စွာကျင်းပပြီးစီး သွားသည်ကို သိရသည်။
ဆက်လက်ပြီး AHRDO ၏ ရုံးအုပ် မခိုင်ခိုင်ထွန်းက “ ကျမရဲ့ခံစားချက်ကတော့ ဒီနေ့ ရောက်လာကြတဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ပထမဆုံး ကျေးဇူးအများကြီး တင်တယ်လို့ ပြောချင်ပါတယ်။ ဒီနေ့ အရမ်းလည်း ပျော်ရွှင်ရသလို ဝမ်းလည်းနည်းမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပွဲတွေဆိုတာ အရင်က မိမိတို့ မွေးရပ်မြေတွေမှာ ကျင်းပကြတာ၊ အခုက အကြောင်းအမျိုးမျိုးကြောင့် သူများနိုင်ငံမှာ ကျင်းပရတာကို စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒါကြောင့်မို့လို့ အခု ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်နေကြတဲ့ ညီအစ်ကိုမောင်နှမအားလုံး မိမိတို့မွေးရပ်မြေနှင့် အမိမြေဖြစ်တဲ့ ရခိုင်ပြည်ကို အမြန်ဆုံး ပြန်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ” ဟု သူမက အခုလို ပြောသည်။
ဝါဆိုသင်္ကန်းကပ်လှူပွဲကို တက်ရောက်လာသော မဲဆောက်မြို့ ဘတ်စင်ကွင်း ဆောင်ခွတ်စောင်ရပ်ကွက် ဖီးမွေအဝတ်ချုပ်စက်ရုံမှ ရခိုင်ရွှေ့ပြောင်း အလုပ်သမားတစ်ဦးဖြစ်သည့် မအေးအေးနိုင်က “ ကျမအခုလိုမျိုး ကိုယ့်ရခိုင်လူမျိုးတွေနဲ့ စုပေါင်းပြီး အလှူပွဲတစ်ခုဖြစ်တဲ့ ဒီဝါဆိုသင်္ကန်းကပ်လှူပွဲကို ပြုလုပ်ရတဲ့အတွက် စိတ်ထဲမှာ ဝမ်းသာမဆုံး အရမ်းပျော်ရွှင်မိပါတယ်။ ကိုယ်ကို မွေးထုတ်ပေးလိုက်တဲ့ မွေးမိခင်ကိုတော့ ဒီလိုအချိန်မျိုးမှာဆိုရင် စိတ်ထဲမှာ အရမ်းသတိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိဘတွေနဲ့ ဝေးဝေးမှာနေရတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် အခုလိုမျိုး ကိုယ့်ရခိုင်လူမျိုးတွေနဲ့ စုပေါင်းပြီး ပျော်ပျော်ရွှင်ရွှင် အလှူပွဲပြုလုပ်ရတဲ့အတွက် စိတ်ထဲမှာ ပြောပြလို့မဆုံးအောင် ဝမ်းသာမိပါတယ်။ တစ်ခုပြောချင်တာကတော့ ပြောချင်တာထက် အကြံဥာဏ်ပေးတဲ့သဘောပါ၊ အခုလိုမျိုး ဝါဆိုသင်္ကန်းကပ်လှူပွဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်တရားနာပွဲဖြစ်ဖြစ်၊ အလှူပွဲတစ်ခုခုပဲဖြစ်ဖြစ် ကျင်းပတာမျိုးရှိခဲ့ရင် ဒီရခိုင့်အရေးကို လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကျမတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားများကို အသိပေးစေချင်ပါတယ်။ လိုအပ်ချက်တွေရှိခဲ့ရင်လည်း ကျမတို့က တတ်နိုင်သလောက် ကူညီးပေးချင်ပါတယ်။ ” ဟု မအေးအေးနိုင်က ဆိုသည်။
ဤဝါဆိုသင်္ကန်းကပ်လှူပွဲကို ရွှေ့ပြောင်းရခိုင်အလုပ်သမားများနှင့် အခြားမြန်မာတိုင်းရင်းသားများ စုပေါင်း၍ ၄င်းအလှူပွဲကို အောင်မြင်စွာကျင်းပကာ ရွှေ့ပြောင်းမြန်မာအလုပ်သမားများက လှူဒါန်းသော သင်္ကန်းပရိက္ခရာများနှင့် ဘောဇဉ်အဟာရဖြစ်သော ဆွမ်းထမင်းကိုလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် ရခိုင်သံဃာ့သမဂ္ဂ(RSU)မှ ကိုယ်တော် အရှင် ခမာဝုဓနှင့် မြဝတီမြို့ ကြခတ္တောဗောဓိ စာသင်တိုက်ကျောင်းတွင် စာသင်နေသော အရှင် ရေဝတတို့က ယင်းအလှူများကို လက်ခံရယူပြီး ရောက်လာကြသော ဒကာ/ဒကာမများအား ၄င်း ဦးဇင်းနှစ်ပါးတို့က အန္တရာကင်းတရားတော်များနှင့် ဓမ္မရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မှုပြီး အရပ်ရှစ်မျက်နှာရှိ (၃၁ ) ဘုံမှာရှိသော သတ္တဝါများအားလုံးကို သာဓုအမျှဝေကာ ဝါဆိုသင်္ကန်းကပ်လှူပွဲကို နေ့လည် ၁ နာရီခွဲတွင် အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ကြောင်းကို သိရှိရသည်။  
Arakan Times


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1