Thursday, August 23, 2012

မြန်မာစာပေစိစစ်ရေး ပြောင်းလဲမူ တရုတ်စောင့်ကြည့်

Ever November | 8/23/2012 01:21:00 PM | Best Blogger Tips
မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေကို စာပေစီစစ်ရေး ခွင့်ပြုချက်မလိုပဲ ထုတ်ဝေခွင့်ပြုလိုက်တဲ့ 
ကိစ္စဟာ အိမ်နီးချင်း တရုတ်နိုင်ငံကိုပါ ဂယက်ရိုက်နေပါတယ်။

မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေကို စာပေစီစစ်ရေး ခွင့်ပြုချက်မလိုပဲ ထုတ်ဝေခွင့်ပြုလိုက်တဲ့ ကိစ္စဟာ အိမ်နီးချင်း တရုတ်နိုင်ငံကိုပါ ဂယက်ရိုက်နေတယ်လို့ ပြောရမှာပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်ကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်နိုင်ငံထုတ် ဂလိုဘယ်တိုင်းစ် သတင်းစာကြီးကတော့ မြန်မာနိုင်ငံက စာပေလွတ်လပ်ခွင့်ကို ချီးကျူးပေမယ့်၊ တရုတ်နိုင်ငံအနေနဲ့တော့ ကိုယ့်နိုင်ငံ လက်တွေ့ အခြေအနေအတိုင်း ဆက်သွားရမှာဖြစ်တယ်လို့ ခပ်ပြတ်ပြတ်ပဲ ရေးသားခဲ့ပါတယ်။ မြန်မာသတင်း လွတ်လပ်ခွင့်အပေါ် အခုလို တရုတ်ဘက်က တုန့်ပြန်ချက်တွေကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေ ဆင်ဆာဖြစ်စရာ မလိုတော့ဘူးဆိုတဲ့ သတင်းဟာ တရုတ်နိုင်ငံတွင်းက အွန်လိုင်း သတင်းမီဒီယာတွေ၊ ဘလောက်ဂါတွေကြားမှာ ဆွေးနွေးစရာ အကြောင်းတခုဖြစ်လာတာပါ။ တရုတ်အနေနဲ့ မြန်မာနိုင်ငံက အခုလို သတင်းမီဒီယာ ပြုပြင်ပြောင်းလဲမှုကို စံနမူနာ မယူသင့်ဘူးလားဆိုပြီး မေးခွန်းထုတ်ကြပါတယ်။ မြန်မာနိုင်ငံထဲမှာ စာပေ သတင်းဂျာနယ်တွေအနေနဲ့ အရင်ကလို စာပေစီစစ်ရေးကို ကြိုတင်ခွင့်ပြုချက် တောင်းစရာမလိုတော့ဘဲ လွတ်လွတ်လပ်လပ် ထုတ်ဝေနိုင်တယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက အခု တနင်းလာနေ့မှာ ကြေညာခဲ့တာပါ။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အာဘော်ကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်နိုင်ငံထုတ် Global Times သတင်းစာကြီးမှာတော့ မြန်မာနိုင်ငံက အခုလို ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံလို မတိုးတက်ပဲ နောက်ကျန်နေတဲ့ နိုင်ငံမျိုးတွေကို စံနမူနာယူရမယ်၊ ဒါတွေဟာ အံအားသင့်စရာဖြစ်တယ်လို့ ပြောနေတာထက်၊ တရုတ်အနေနဲ့ မိမိ အခြေအနေနဲ့ ကိုက်ညီမယ့် လက်ရှိသွားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားရမှာဖြစ်တယ်လို့ ဂလိုဘယ်တိုင်း သတင်းစာက ခပ်ပြတ်ပြတ် တုန့်ပြန့်ထားပါတယ်။

တရုတ်အခြေစိုက် တသီးပုဂ္ဂလ သုံးသပ်ဝေဖန်သူ Bill Bishop ကလည်း အခုလို အွန်လိုင်းအင်တာနက်အပေါ်မှာ နှိုင်းယဉ်ဝေဖန်ပြောဆိုနေကြတာတွေဟာ တရုတ်နိုင်ငံရဲ့ ပကတိအခြေအနေကို နားမလည်လို့ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“တရုတ်နိုင်ငံတွင်း လူမှုကွန်ယက်မီဒီယာတွေမှာ ဆင်ဆာဖြတ်တောက်မှုတွေ ရှိနေတုန်းပါ။ ဒီအတွက်လည်း လှောင်ပြောတာတွေ ပြင်းပြင်းထန်ထန် ဝေဖန်တာတွေခံရပါတယ်။ လူတွေက တရုတ် မြန်မာ မြောက်ကိုရီယားကိစ္စတွေမှာ နှိုင်းယှဉ်ပြီး ပြောကြပါတယ်။ မြောက်ကိုရီယားကတောင် တရုတ်ထက်စာရင် သတင်းလွတ်လပ်ခွင့် အရင်ရှိလာမယ့်ပုံ ပြောကြပါတယ်။ ဒါကတော့ အတော်လေး လွန်တယ်ထင်တယ်၊ ဒီလူတွေက တကယ်ဖြစ်နေတာကို မသိကြဘူးဆိုတာ ပြနေတာပဲ။”

မြန်မာအပါအ၀င် တရုတ်အိမ်နီးချင်းနိုင်ငံတွေက ပြုပြင်ပြောင်းလဲမှုတွေဟာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားကျအတုယူပြီး ဖြစ်လာတာလို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times သတင်းစာကြီးက ဆိုပါတယ်။ အိမ်နီးချင်းတွေတင်မကပါဘူး၊ အခြား အာဖရိကနဲ့ လက်တင်အမေရိကန် နိုင်ငံတွေက နောက်ပိုင်းဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တရုတ်နိုင်ငံ အတွေ့အကြုံ အဖြစ်အပျက်တွေအရ ဖြစ်လာတာလို့လည်း Global Times သတင်းစာကြီးက ဆိုပါတယ်။

တရုတ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ကြမ်းကြမ်းတမ်းတမ်းနဲ့ စမ်းသပ်မှုတွေရဲ့ အောင်ပွဲခံနေရပြီး၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ အဖူးအငုံဖြစ်ခါစ မိုးဒဏ်လေဒဏ်မခံနိုင်သေးဘူးလို့လည်း ရေးသားပါတယ်။ Bill Bishop ကလည်း မြန်မာအခြေအနေနဲ့ တရုတ်အခြေအနေဟာ နှိုင်းယဉ်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။

“မြန်မာနိုင်ငံဟာ တရုတ်ထက်စာရင် ပိုသေးငယ်ပြီး အခြေအနေအတော်များများမှာလည်း ပိုပြီး ရှင်းလင်း လွယ်ကူပါတယ်။ မြန်မာနိုင်ငံမှာက အင်တာနက်သုံးစွဲမှုက သိပ်တွင်ကျယ် လှတာ မဟုတ်သေးပါဘူး။ ဒါကြောင့် သတင်းမီဒီယာအ၀န်းအ၀ိုင်းက အတော်လေးကွာပါတယ်။ တရုတ်မှာက ပိုပြီးတော့ အတော်လေး ရှုပ်ထွေးပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အောင်မြင်မှုရမယ်လို့ မျှော်လင့်ပေမယ့်၊ မိမိတို့ ရွေးခြယ်လျှောက်လှမ်းနေတဲ့ လမ်းအပေါ် သံသယဖြစ်တာကတော့ မဖြစ်သင့်ဘူးလို့ တရုတ် Global Times သတင်းစာအာဘော်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အထီးကျန်နေစဉ်ကာလက တရုတ်နိုင်ငံဟာ အရင်မြန်မာစစ်အစိုးရရဲ့ အနီးကပ် မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်ခဲ့တာပါ။ မြန်မာရဲ့ အခုနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ကာလမှာတော့ မြန်မာအစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အရင်ကထက်ပိုပြီး ပြေပြစ်လာခဲ့ပါတယ်။

အခုလို မြန်မာသတင်းမီဒီယာတွေ စာပေစီစစ်ရေး ကြိုတင်ခွင့်ပြုချက်မလိုပဲ ထုတ်ဝေခွင့်ရတဲ့အပေါ် RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့လို နိုင်ငံတကာ သတင်းမီဒီယာစောင့်ကြည့်ရေး အဖွဲ့တွေနဲ့၊ ပြည်တွင်းမီဒီယာအဖွဲ့အစည်းတွေကပါ ဆင်ဆာမဖြတ်ရတော့ဘူးဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်ကို သူတို့က ကြိုဆိုပါတယ်။ ဒါပေမယ့် ပိုပြီး ပြုပြင်ပြောင်းလဲစရာတွေတော့ ကျန်သေးတယ်လို့ ပြောပါတယ်။

အထူးသဖြင့်တော့ ၁၉၆၂ခုနှစ် သတင်းမီဒီယာဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ဖို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကလို အခုလို သတင်းလွတ်လပ်ခွင့်ရှိလာတဲ့အပေါ် ကြိုဆိုပါတယ်။ ဒါပေမယ့်လည်းသတင်းသမားတွေအလိုမရှိဖြစ်နေတဲ့စာပေစီစစ်ရေးကိုဖျက်ပေးဖို့လိုတယ်ဆိုတာကို
 ထောက်ပြထားပါတယ်။
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1