Tuesday, September 4, 2012

ကျန်းမာ ပျော်ရွှင်စေမည့် နည်းလမ်းကောင်းများ

Ever November | 9/04/2012 01:47:00 PM | Best Blogger Tips

နေ့စဉ်နဲ့အမျှ လှုပ်ရှား ရုန်းကန်နေရ တဲ့အခါ အခက်အခဲ၊ အတားအဆီး၊ အနှောင့်အယှက်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါတွေအပေါ်မှာ သင့်အနေနဲ့ ဖိစီးမှု ဖြစ်ပေါ်နေရင် သင့်ကျန်းမာရေး အတွက်လည်း ထိခိုက်စေပါတယ်။ သင့်ကို ကျန်းမာ ပျော်ရွှင်စေတဲ့ နည်းလမ်းကောင်းတွေ မျှဝေပေးချင်ပါတယ်။
 ၁။ လက်ရှိအချိန်ကို တန်ဖိုးထားပါ
ဖြစ်ပျက်ခဲ့ပြီးတဲ့ ပြဿနာတွေ၊ ရှုပ်ထွေးမှုတွေနဲ့ စိတ်ညစ်စရာတွေကို ပြန်တွေးပြီး စိုးရိမ် ပူပန်မနေပါနဲ့။ လက်ရှိအချိန်မှာ လုပ်သင့်တာတွေကို စာရင်းပြုစုပြီး ဒီနေ့ လုပ်စရာရှိတဲ့ အလုပ်ကို ဒီနေ့ပဲ လုပ်ပါ။ ဖြစ်ပြီးခဲ့တာတွေ အတွက် တွေးတော ပူပန် မနေသင့်သလို၊ အနာဂတ်အတွက် ကြိုတင် စိတ်မောနေဖို့လည်း မလိုပါဘူး။ ပျော်ရွှင်မှုက သင့်လက်တစ်ကမ်းမှာပဲ ရှိပါတယ်။ အမိအရ လှမ်းယူ ဖမ်းဆုတ်နိုင်ဖို့သာ လိုတာပါ။ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရင်း လက်ရှိ လုပ်ကိုင်နေတဲ့ အရာတွေ အပေါ်မှာပဲ စိတ်ကို နှစ်ထားပါ။
၂။ ဟားတိုက် ရယ်မောလိုက်ပါ
ပျော်ရွှင်စရာ၊ ရယ်မောစရာတွေကို ကြိုတင် တွေးဆလိုက်ပါက စိတ်ပျော်ရွှင် ကျေနပ်စေတဲ့ အန်ဒေါ်ဖင် ဟော်မုန်းတွေကို ပိုမို အထွက်များစေပြီး စိတ်ဖိစီး မှု ဖြစ်ပေါ်စေတဲ့ ဟော်မုန်းထွက်တာကို လျော့နည်း ကျဆင်းစေပါတယ်။ ကျန်းမာ ပျော်ရွှင်ဖို့အတွက် ဟားတိုက် ရယ်မောနိုင်တဲ့ အခွင့်အရေးကို ရယူလိုက်ပါ။ 
၃။ အိပ်စက် အနားယူပါ
သင်ဟာ အိပ်ချိန် နည်းတဲ့သူတစ်ယောက် ဖြစ်နေလားဆိုတာ ဆန်းစစ်ပါ။ အိပ်ချိန်နည်းတာက စိတ်မကြည်မလင် ဖြစ်စေရုံသာမက ကျန်းမာရေး အတွက်ပါ ထိခိုက်စေနိုင်ပါတယ်။ နေ့လယ်ဘက်မှာ မိနစ် ၂၀၊ နာရီဝက်လောက် တစ်မှေး အိပ်စက် အနားယူပေးပါ။ အိပ်ရေးပျက် များတဲ့အခါ သင့်စိတ်ကို ညစ်ညူးနေစေတာကြောင့် စိတ်ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
 ၄။ တေးသီချင်း နားထောင်ပါ
သီချင်းဖွင့်ပြီး အနားယူကာ အေးအေးငြိမ့်ငြိမ့်လေးတွေ နားထောင်ပေးပါ။ လေ့လာမှုတွေအရ သိရတာက ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းတွေကို နားထောင်တာက ဦးနှောက်ကို လှုံ့ဆော်ပြီး ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ သီချင်းအပြင် ကြိုက်နှစ်သက်တဲ့ အစားအစာ စားတဲ့အခါနဲ့ လိင်ဆက်ဆံတာတွေကလည်း ဦးနှောက်ကို လှုံ့ဆော်ပေးတာကြောင့် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုတစ်ခုက မျက်စိခွဲစိတ်မှုမှာ သက်ကြီးရွယ်အိုတွေကို သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်း ဖွင့်ပေးထားတဲ့အခါ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နဲ့ နှလုံး အလုပ်လုပ်တာတွေကို ပုံမှန်အတိုင်း ထိန်းထားနိုင်တာ တွေ့ရပါတယ်။
 ၅။ အခန်းတွင်း သန့်ရှင်း သပ်ရပ်နေပါစေ
သင့်အခန်းမှာ အသက်ဝဝ ရှူမရလောက်အောင် စာရွက်စာတမ်းတွေ၊ မဂ္ဂဇင်းတွေ၊ အကြွေးစာရင်းတွေနဲ့ ရှုပ်ပွနေရင် သင့်စိတ်လည်း ရှုပ်ထွေးနေပြီး ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ အခန်းတွင်းမှာ ရှုပ်ပွနေတာတွေ မှန်သမျှ သန့်ရှင်း သပ်ရပ်သွားအောင် ရှင်းလင်းလိုက်ပါ။ သင့်စိတ် ပျော်ရွှင်လာပါလိမ့်မယ်။
 ၆။ စာရင်းပြုစုပါ
ပြီးခဲ့တဲ့လက ပေးစရာရှိတာတွေ၊ လုပ်စရာရှိတာတွေကို စာရွက်တစ်ရွက်ပေါ် ချရေးပြီး အားလုံးပြီးအောင် ဆောင်ရွက်ပါ။ မလုပ်ရသေးတဲ့ အလုပ်နဲ့ လုပ်ပြီးသား အလုပ်ကို ခွဲခြားထားပါ။ သင်ရဲ့ စိုးရိမ်ပူပန်တာတွေကို လျော့နည်းစေတာကြောင့် စိတ်ကျေနပ်မှုကို ရရှိကာ ကျန်းမာပျော်ရွှင်မှုကို ရရှိပါလိမ့်မယ်။
 ၇။ တစ်ချိန်မှာ အလုပ်တစ်ခုပဲ လုပ်ပါ
တစ်ချိန်တည်းမှာ အလုပ်နှစ်ခု၊ သုံးခု လုပ်တဲ့သူတွေရဲ့ သွေးပေါင်ချိန်ဟာ တခြားသူတွေထက် မြင့်တက်တာကို တွေ့ရပါတယ်။ အိမ်သန့်ရှင်းရေး လုပ်နေရင်း ဖုန်းပြောတာ၊ အလုပ်ကိစ္စ အီးမေးလ်ပို့နေရင်း တခြားသူနဲ့ စကားပြောတာတွေကို မလုပ်ပါနဲ့။ သင့်စိတ်ကျေနပ်မှု ရစေဖို့ လိုက်နာသင့်တဲ့ အခြေခံအချက်ပါပဲ။
 ၈။ ဥယျာဉ်ခြံ စိုက်ပျိုးပါ
သန့်ရှင်းလတ်ဆတ်တဲ့ လေကို ရှူရှိုက်တာ၊ လေ့ကျင့်ခန်း ပြုလုပ်တာတွေက သင်ရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပါတယ်။ သင့်ခြံထဲက ပေါင်းမြက်တွေကို ရှင်းလင်းပေးပါ။ ခဏလောက် အချိန်ပေးကြည့်ပြီး သင်စိုက်ပျိုးထားတဲ့ အပင်အတွက် လိုအပ်တာလေးတွေ လုပ်ပေးပါ။ တစ်နေကုန် အချိန်ပေးနေဖို့ မလိုပါဘူး။ သင်ရဲ့ တစ်နေ့တာ အချိန်တွေထဲက အနည်းငယ်လောက် အသုံးပြုရုံနဲ့ သင့်စိတ်ကို ပျော်ရွှင်ကျေနပ်မှု ရရှိစေပါတယ်။
 ၉။ အိမ်မွေးတိရစ္ဆာန် မွေးမြူပါ
လေ့လာမှုအများစုက အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူထားတာက သင်ရဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံး လျော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခုလို့ ဆိုပါတယ်။ လေ့လာသူတွေက လူပေါင်း ၂၄၀ ကို လေ့လာကြည့်တဲ့အခါ အိမ်မွေးတိရစ္ဆာန် မွေးမြူထားသူတွေဟာ တခြားသူတွေထက် နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန် သိသိသာသာ လျော့နည်းတာ တွေ့ရပါတယ်။
 ၁၀။ ရနံ့ကုထုံး
သင်းပျံ့တဲ့ ရနံ့က သင့်ကို စိတ်ရောကိုယ်ပါ ကြည်လင် လန်းဆန်းစေပါတယ်။ စိုးရိမ်သောကကို လျော့နည်းစေပြီး တက်ကြွ လန်းဆန်းစေသလို စာရင်း တွက်ချက်ရာမှာလည်း ပိုမို လျင်မြန်စေပါတယ်။ သင့်အခန်းမှာ ရနံ့သင်းသင်းလေး မွှေးနေအောင် စီမံထားပါ။ သင့်ဦးနှောက်ကို နိုးကြား တက်ကြွစေပြီး စိတ်ကို အပန်းပြေစေပါတယ်။
 ၁၁။ စိတ်ငြိမ်ရာမှာ နေပါ
စာကြည့်တိုက်၊ သမိုင်းဝင်ပြတိုက်၊ ပန်းခြံ၊ ပင်လယ်ကမ်းခြေ စတဲ့ တိတ်ဆိတ် အေးချမ်းတဲ့ နေရာတွေကို အလည်အပတ် သွားပါ။ သင့်အိမ်မှာလည်း စိတ်ငြိမ်ရာလေး တစ်ခု သီးသန့်ဖန်တီးလို့ အပန်းဖြေနိုင်ပါတယ်။
 ၁၂။ တစ်ယောက်တည်း နေပါ
သင်ခံစားနေ ရတဲ့ စိတ်ဖိစီး မှုတွေကို ဖြေဖျောက်ဖို့ အတွက် တစ်ခါတစ်ရံမှာ တစ်ယောက်တည်း နေတာက စိတ်ဖိစီးမှုကို အကောင်း ဆုံး ဖြေလျှော့နည်း ပါပဲ။ နေ့လယ်စာကို တစ်ယောက်တည်း အပြင်ထွက်စားတာ၊ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တာ၊ အချိန်ပေးပြီး စာအုပ်ဖတ်တာ၊ စာအုပ်ဆိုင်သွားပြီး ကြိုက်နှစ်သက်တဲ့ စာအုပ်ကို ကိုယ်တိုင် ရွေးချယ်တာ၊ တစ်ယောက်တည်း ဈေးဝယ်ထွက်တာ စတာတွေက သင့်စိတ်ပျော်ရွှင်မှုကို ရရှိစေပါတယ်။
 ၁၃။ လမ်းလျှောက်ပါ 
စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေကို လျော့ချနိုင်ဖို့ အတွက်က စိတ်ငြိမ်ဆေးတွေထက် ပိုကောင်းတဲ့အရာက လမ်းလျှောက်တာပါ။ အဆိုးမြင်စိတ်ကို လျော့နည်းစေပြီး အကောင်းမြင်စိတ်တွေ မွေးမြူလာနိုင်တာကို တွေ့ရပါတယ်။ အဲဒီလိုပဲ လမ်းမြန်မြန် လျှောက်တာကလည်း စိုးရိမ်သောကတွေကို လျော့နည်းစေကြောင်း မကြာမီ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သိရပါတယ်။
၁၄။ သူငယ်ချင်း များများထားပါ
လူပေါင်း ၁၃၀၀ ကျော်ကို လေ့လာတဲ့အခါ မိတ်ကောင်းဆွေကောင်း ရှိတာက လူတစ်ယောက်ကို ကျန်းမာ ပျော်ရွှင်စေရုံသာ မကဘဲ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်၊ သွေးတွင်း သကြားဓာတ်နဲ့ စိတ်ဖိစီးမှု ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို အမှန်တကယ် လျော့နည်း ကျဆင်းစေပါတယ်။ ချစ်ခင်မှု၊ အချင်းချင်း ဆွေးနွေး တိုင်ပင်မှုနဲ့ ပျော်ရွှင်စွာ ပေါင်းသင်း ဆက်ဆံနိုင်မှုတွေက သင်ရဲ့ အသက်ရှင် နေထိုင်တာဟာ ကျေနပ်စရာ ကောင်းတယ်လို့ ခံစားမိစေပါတယ်။
 ၁၅။ ကောင်းတာတွေ တွေးပေးပါ
သင်ရဲ့ တစ်နေ့တာမှာ ဖြစ်ပျက်ခဲ့တာတွေထဲက ကောင်းတဲ့ အချက်တွေကို သတိပြုကြည့်ပါ။ ဒီကနေ့ သင့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာမှ ထွေထွေထူးထူး မခံစားရဘူး၊ သင့်ရဲ့ မိတ်ဆွေတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တယ်၊ မိသားစု အတွင်းမှာ ဘာပြဿနာမှ မဖြစ်ဘူး၊ သင့်ပညာရေး အတွက်လည်း ဘာအခက်အခဲမှ မရှိဘူး ဆိုတာတွေကို အမှတ်တမဲ့ မနေလိုက်ပါနဲ့။ တစ်နေ့တာ ဖြစ်ပျက်ခဲ့တာတွေထဲက အကောင်းတွေကို ရေတွက် ကြည့်လိုက်ပါ။ ကျေနပ်စွာ သင်ပြုံးမိပါလိမ့်မယ်။
ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1