Tuesday, September 4, 2012

မျက်စိကင်ဆာ

Ever November | 9/04/2012 01:35:00 PM | Best Blogger Tips

ပါမောက္ခ ဦးတင်ဝင်း မျက်စိအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း
 မျက်စိမှာ ဖြစ်တတ်တဲ့ ကင်ဆာအကြောင်းကို သိပါရစေ ဆရာ။ 
မျက်ခွံ (Eyelid) က အရေပြားနဲ့ အုပ်ထားပါတယ်။ ဒါကြောင့် အရေပြားမှာ ဖြစ်နိုင်တဲ့ ကင်ဆာအားလုံးက မျက်ခွံမှာလည်း ဖြစ်နိုင်ပါတယ်။ အဓိက မျက်ခွံမှာဖြစ်တတ်တဲ့ ကင်ဆာတွေကတော့ Basal Cell Carcinomaeဲ့ Squamous Cell Carcinoma ဆိုပြီး ရှိပါတယ်။ ဒါ့အပြင် Meibomian ဂလင်းမှာ ဖြစ်တဲ့ ကင်ဆာ (Meibomian Gland Carcinoma)ဖြစ်နိုင်ပါတယ်။
 မျက်စိရဲ့ တခြားအစိတ်အပိုင်းတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာတွေအကြောင်းကိုလည်း သိပါရစေ ဆရာ။
မျက်မြှေး (Conjuntiva) မှာ ရှိတဲ့ မယ်လာနင်ရောင်ခြယ်ပစ္စည်းကနေ ကင်ဆာ (Melanoma) နဲ့ ကင်ဆာ (Squamous Cell Carcinoma) ဆိုပြီး ဖြစ်နိုင်ပါတယ်။ မျက်ကြည်လွှာ(Cornea) မှာရှိတဲ့ Epithelium မှာလည်း ကင်ဆာ (Squamous Cell Carcinoma) ဆိုပြီး ဖြစ်နိုင်ပါတယ်။ မျက်နက်ဝန်း (Iris) နဲ့ Ciliary Body နဲ့ Choroid သုံးခုတွဲကို Uveal Tract လို့ ခေါ်ပါတယ်။ ဒါက မျက်ဆန်ရဲ့ အလယ်လွှာ (Middle Coat Of Eye Ball) လို့ ခေါ်ပါတယ်။ ဒါက သွေးကြောတွေ အများဆုံး ရှိတဲ့နေရာပါ။ ဒါကြောင့် ရောင်ရမ်းမှု ဖြစ်နိုင်ခြေနဲ့ အကျိတ် (Tumour) ဖြစ်နိုင်ခြေက ပိုများပါတယ်။ ဒါကြောင့် ကင်ဆာ (Melanoma) ဖြစ်နိုင်သလို တခြား ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ကင်ဆာရှိရင် သွေးကြောကနေ တစ်ဆင့်ကူးပြီး ဖြစ်လာနိုင်တဲ့ကင်ဆာ (Metastasis) လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ သွေးကင်ဆာ (Leukaemia) နဲ့ လင့်ဖ်အကျိတ်ကင်ဆာ (Lymphma) တွေကြောင့် မျက်စိကို ရောက်လာတတ်ပါတယ်။
 မျက်စိအာရုံခံလွှာမှာကော ကင်ဆာဖြစ်နိုင်ခြေ ရှိပါသလား ဆရာ။
မျက်စိအာရုံခံလွှာ (Retina) မှာ ကင်ဆာ (Retinoblastoma) ဖြစ်နိုင်တယ်။ ဒီကင်ဆာက ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ 
မျက်စိကင်ဆာဖြစ်ရင် ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။
 မျက်ခွံမှာဖြစ်ရင် သိသာတယ်။ အကျိတ်ကြီး (Tumour Mass) ပေါ်နေတတ်ပါတယ်။ ဒါက စဖြစ်ခါစမှာ မနာပေမယ့် နောက်ပိုင်းကျရင် နာတတ်ပါတယ်။ အကျိတ်က ကြာသွားရင် ပုပ်သွား (Necrotic) ပြီး ပိုးဝင်နိုင်တယ်။ အဲဒီအခါ နာကျင်တတ်ပါတယ်။ မဟုတ်ရင်တော့ နာလေ့မရှိပါဘူး။ ဒီလို အကျိတ်ပေါ်ရင် ထုတ်ရပါတယ်။ ထုတ်ပြီးတဲ့အခါ မရှိတဲ့ မျက်ခွံကို ပြန်လည်ပြုပြင်မှု (Reconstruction) လုပ်ရပါတယ်။ မျက်ခွံက ထွက်သွားတဲ့ အရေပြားကို နားရွက်နောက် ဒါမှမဟုတ် လည်ကုပ် စတဲ့ အပြင်နေရောင်ခြည်နဲ့ သိပ်မထိတွေ့တဲ့၊ ကျန်းမာနေတဲ့ အရေပြားကို ယူပြီး အစားထိုးပါတယ်။ မျက်ခွံအရေပြားအောက်က အရိုးနုကို ပြန်အစားထိုးဖို့ အဆင်ပြေတဲ့ နေရာက ယူလို့ရတယ်။ အခုနောက်ပိုင်းတော့ သေသွားတဲ့ လူက လှူခဲ့တဲ့ မျက်လုံးထဲက Banked Sclera က ယူပါတယ်။ ဒါက ရလဒ် ကောင်းပါတယ်။
 မျက်မြှေးနဲ့ မျက်ကြည်လွှာမှာ ကင်ဆဖြစ်ရင်ကော ဘယ်လိုကုသမှု ပေးသင့်ပါသလဲ ဆရာ။
မျက်မြှေးနဲ့ မျက်ကြည်လွှာမှာ ကင်ဆာဖြစ်ရင်တော့ ထုတ် (Excision) ရတယ်။ ပြီးတော့ ကင်ဆာဆဲလ်တွေကို အအေးကုထုံး (Cryotherapy) တို့ ပေးရပါတယ်။ ဒါကလည်း ရလဒ်ကောင်းပါတယ်။
မျက်ဆန်ရဲ့ အလယ်လွှာ Uveal Tract မှာဖြစ်တဲ့ ကင်ဆာအကြောင်းကိုလည်း သိပါရစေ ဆရာ။
Uveal Tract မှာဖြစ်တဲ့ ကင်ဆာအကျိတ်ဆိုရင် စောစောကလို ထုတ်လိုက်ရုံနဲ့ မရဘူး။ ဒီကင်ဆာက ခန္ဓာကိုယ် တခြားအစိတ်အပိုင်းတွေ၊ အထူးသဖြင့် အသည်းကို ပျံ့နေနိုင်ပါတယ်။ ဒီနေရာမှာ Sight (အမြင်) ကိုပဲ စောင့်ကြည့်မလား၊ Life (အသက်) ကိုပဲ စောင့်ကြည့်မလား ရွေးတဲ့အခါ Life ကို ဦးစားပေးရပါတယ်။ ဒီအချိန်မှာ မျက်စိအမြင်က ကောင်းနေတုန်းပဲ ဖြစ်နေနိုင်သေးတယ်။ ဒါပေမဲ့ အသက်ကို ဦးစားပေးပြီး မိသားစုဝင်တွေကို ရှင်းပြရပါတယ်။ ပြီးတော့ မျက်လုံးတစ်ခုလုံးထုတ်တဲ့ နည်း (Enucleation) ကို သုံးပြီး အသားစယူစစ်ဆေးမှု (Biopsy) လုပ်ရပါတယ်။ အသည်းလို တခြားအင်္ဂါတွေဆီ ပျံ့နှံ့မှု ရှိ၊ မရှိ မသိနိုင်တဲ့အတွက် ကင်ဆာအထူးကု ဆရာဝန် (Oncologist) နဲ့ တိုင်ပင်ပြီး လိုအပ်တာ ဆက်လုပ်ရပါတယ်။ မျက်လုံးတစ်လုံးလုံးကို ထုတ်ပြီးတဲ့အခါမှာ ပုံမပျက်အောင် မျက်လုံးအတုပဲ ပြန်ထည့်ပေးရပါတယ်။
 ကလေးတွေမှာ ဖြစ်တဲ့ မျက်စိအာရုံခံလွှာ ကင်ဆာဆိုရင်ကော ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။
ကလေးတွေမှာ အဖြစ်များတဲ့ မျက်စိအာရုံခံလွှာမှာဖြစ်တဲ့ ကင်ဆာက အများအားဖြင့် မွေးကတည်းက ဖြစ်လာတာပါ။ စဖြစ်လာပြီး အသက်နှစ်နှစ်လောက် အရွယ်ရောက်မှ ကလေးက ဘာကိုမှ မကြည့်တာကို မိဘတွေက သတိထားမိလာတယ်။ မီးထိုးကြည့်လိုက်ရင် ကြောင်မျက်လုံးလို ဝါဝါကြီးဖြစ်တာ (Cat Eye Reflex) ကို တွေ့ရတယ်။ ဒါကို ဆေးကျောင်းသားကအစ သိထားမိကြတယ်။ ဒီကင်ဆာဖြစ်ရင် ဦးနှောက်ကို သွားနိုင်တာကြောင့် အသက်ရှင်သန်မှုအတွက် အရေးကြီးလို့ မျက်စိတစ်လုံးလုံးကို ထုတ်ရပါတယ်။မျက်စိတစ်ဖက်တည်းဖြစ်ရင် ပြဿနာ မရှိပေမယ့် မျက်စိနှစ်ဖက်စလုံးဖြစ်ရင် ဒါမှမဟုတ် မျက်စိနှစ်ဖက်လုံးသာမက ဦးနှောက်မှာလည်း ရှိရင် ပိုဆိုးတဲ့ မျက်စိကို ထုတ်လိုက်ရပါတယ်။ ပြီးရင် ကျန်တဲ့မျက်စိကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းပါတယ်။ ဒါအတွက် မျက်စိခွဲစိတ်ဆရာဝန်ကော ကလေးကင်ဆာ အထူးကုဆရာဝန်ကော တိုင်ပင်ပြီး Team Work အနေနဲ့ ကုသမှု ပေးရပါတယ်။
 မျက်ဆန်ရှိတဲ့ မျက်ကွင်း (Orbit) မှာ ကင်ဆာဖြစ်ရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။
မျက်ဆန်ရှိတဲ့ Orbit ထဲမှာ အရိုး၊ အဆီ၊ ကြွက်သား (Extraocular Muscle)၊ သွေးကြောနဲ့ နာ့ဗ်ကြောတွေ ရှိပါတယ်။ ဒီအစိတ်အပိုင်းတွေ အားလုံးမှာလည်း ကင်ဆာအကျိတ် ဖြစ်နိုင်တယ်။ ဒါတွေအားလုံးကို စုပေါင်းပြီး Orbital Tumor လို့ ခေါ်ပါတယ်။ ဒါဖြစ်ရင် မျက်စိပြူးထွက်တာ (Proptosis) ဖြစ်တတ်ပါတယ်။ ဒါဆိုရင် စစ်ဆေးမှုလုပ်ပြီး CT Scan လုပ်ရပါတယ်။ ပြီးရင် ထုတ်ပြီး အသားစယူ စစ်ဆေးမှု လုပ်ရပါတယ်။ ကင်ဆာ ဟုတ်၊ မဟုတ် CT Scan က ပိုသေချာပါတယ်။ ဒါထက် အသားစယူ စစ်ဆေးမှု လုပ်တာက ပိုသေချာတယ်။ ကုသမှုအနေနဲ့ မျက်စိအလုံးကို ထုတ်ပြီး လိုအပ်သလို ဓာတ်ကင်မှု (Radiotherapy ဒါမှမဟုတ် ကင်ဆာဆေးသွင်း ကုသမှု (Chemotherapy) လုပ်ရပါတယ်။
 မျက်စိကင်ဆာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာ ရှိရင် ပြောပြပေးပါ ဆရာ။
ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းမဆို ကင်ဆာဖြစ်နိုင်တယ်။ မျက်စိမှာဖြစ်တဲ့ ကင်ဆာကလည်း အမျိုးမျိုး ရှိပါတယ်။ ကုသမှုအနေနဲ့ကတော့ အဓိကက ခွဲစိတ်ကုသမှုပါပဲ။ မျက်ခွံ၊ မျက်မြှေးနဲ့ မျက်ကြည်လွှာမှာ ဖြစ်တဲ့ ကင်ဆာတွေက ကုသပြီးရင် ရလဒ်ကောင်းပါတယ်။ ကျန်တဲ့နေရာမှာဖြစ်တဲ့ ကင်ဆာတွေကတော့ ရလဒ်မကောင်းပါဘူး။ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အခုထိ ဘယ်သူမှ မသိသေးပါဘူး။ တချို့ကင်ဆာတွေကျတော့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဖြစ်တယ်လို့လည်း ပြောကြတယ်။ မျက်စိမှာဖြစ်တဲ့ ကင်ဆာက အဖြစ်များတာတော့ မဟုတ်ပေမယ့် တွေ့တော့ တွေ့နေရပါတယ်။
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1