Tuesday, September 25, 2012

မြန်မာနိုင်ငံကိုအကူအညီ ဆက်ပေးဖို့ ဒေါ်အောင် ဆန်းစုကြည် ပန်ကြား

Ever November | 9/25/2012 09:11:00 AM | Best Blogger Tips
 
ကင်တာကီပြည်နယ်၊ လူဝီဗီးလ် တက္ကသိုလ်မှာ အမှာစကား ပြောကြားနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။
 (စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၂)။



ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လာနေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေဆက်ပေး သွားဖို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကင်တာကီပြည်နယ် လူဝီဗီးလ် တက္ကသိုလ်မှာ မကြာသေးခင် အချိန်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ လူဝီဗီးလ် တက္ကသိုလ်က ဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ အပြင် ကင်တာကီပြည်နယ် တ၀ိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစဉ်မှာ ခုလို ပြောသွားတာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
 
အမေရိကန် စံတော်ချိန် မနက် ၉ နာရီ ပြီးခဲ့တဲ့ အချိန်ပိုင်းတွင်းကပဲ ကင်တာကီပြည်နယ်၊ လူဝီဗီးလ်မြို့ကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူဝီဗီးလ် တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ အပြင် ကင်တာကီပြည်နယ် တ၀ိုက်က မြန်မာမိသားစု တွေနဲ့ တွေ့ဆုံခဲ့တာပါ။ 

မြန်မာနိုင်ငံရဲ့ အဝေးကြီးမှာ ရှိနေပေမဲ့လို့ မြန်မာနိုင်ငံသားတွေကို မေ့မထားဘဲ အမြဲတမ်း ကူညီ ထောက်ပံ့ခဲ့တာတွေ၊ အမေရိကန် ပြည်ထောင်စုမှာ လာရောက် အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို လုံခြုံမှု ပေးခဲ့တာတွေ အတွက် အမေရိကန်ပြည်ထောင်စုကို အထူး ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံကတော့ ကိုယ့် နိုင်ငံသားတွေအတွက် လုံခြုံ စိတ်ချရတဲ့နေရာတခု ဖြစ်မလာသေးဘူး။ အဲဒီအတွက် ဆက်ပြီး ကြိုးပမ်းကြ ရဦးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းစ ပေါ်လာနေပြီဖြစ်လို့ အရင်လောက် အကူအညီတွေ မလိုအပ်နိုင်တော့ဘူးဆိုပြီး အကူအညီတွေ လျော့သွားမှာကို စိတ်ပူမိတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
“ကျမကို ခုချိန်မှာ နည်းနည်း စိုးရိမ်တာက တော်တော်များများက ထင်ကြပါလိမ့်မယ်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကိစ္စတွေမှာ သူတို့အနေနဲ့ အရင်လို သိပ် အားထုတ် ကူညီစရာ မလိုတော့ဘူး၊ ကျမတို့ ဦးတည် ကြိုးပမ်းနေတဲ့ ဒီမိုကရေစီ ရရှိဖို့ ဆိုတာ အခု မြန်မာနိုင်ငံမှာ ရှိလာနေပြီ၊ ဆိုတော့ အရင်လောက် ကူညီစရာ မလိုတော့ဘူးလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကတော့ ခုချိန်မှာ အကူအညီတွေက ပိုပြီးတော့တောင် အလိုအပ်ဆုံး အချိန် ဖြစ်ပါတယ်။ ဉာဏ်ပညာ အရည်အသွေး မြင့်တင်ရေးပိုင်းဆိုင်ရာ အကူအညီတွေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ သိဖို့လိုပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်ဖို့၊ ဘယ်ဟာက တကယ်စစ်မှန်တဲ့ တိုးတက် ပြောင်းလဲမှုလဲ၊ ဘယ်ဟာက အပေါ်ယံ ပြောင်းလဲမှုလဲ ဆိုတာကို ခွဲခြားသိဖို့ပါ။”

ဒီပွဲမှာ မြန်မာ့အရေးကို အစဉ်တစိုက် တက်တက်ကြွကြွ အားပေး ထောက်ခံလာခဲ့တဲ့ ကင်တာကီပြည်နယ် ကိုယ်စားပြု ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကောနဲလ်ကလည်း အခုလို အမှာစကားပြောသွားခဲ့ပါတယ်။

“ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။ အနာဂတ်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အမိနိုင်ငံ အတွက် သံန္နိဌာန် ခိုင်မာစွာနဲ့ နောက်မဆုတ်ဘဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။”
 
နောက်ပိုင်း တက္ကသိုလ် ကျောင်းသားတွေနဲ့ အမေးအဖြေ လုပ်တဲ့အခါ မှာ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံမှာ အခြေခံပညာရေး ပြုပြင်ပြောင်းလဲဖို့ အများကြီး လိုအပ်တဲ့အကြောင်း၊ နှစ်နိုင်ငံ ကျောင်းသားတွေအကြား အပြန်အလှန် ဗဟုသုတ ဖလှယ်တဲ့ အစီအစဉ်တွေ အရေးကြီးပေမဲ့လို့ အဓိကအားဖြင့်တော့ မြန်မာ ကျောင်းသူကျောင်းသား လူငယ်တွေ အကြား အခြေခံ အင်္ဂလိပ်စာ တက်မြှောက်မှုအပိုင်းမှာ အင်မတန် အားနည်းနေတာကြောင့်မိုလို့ အင်္ဂလိပ်စာ တတ်ကျွမ်းမှုကို ဦးစားပေးတဲ့ ပညာသင်ဆုတွေကို အဓိက အလေး ထား ပေးသွားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

လူဝီဗီးလ်မှာရောက်နေတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လူငယ်တွေ အနေနဲ့ ကိုယ့်နိုင်ငံတွေအတွက် ဘာတွေ ပြန်လုပ်ပေးနိုင်မလဲလို့ လူငယ်တယောက်ရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေသွားပါတယ်။

“ကျမတို့ကို ဒီလို အခုပေါ့နော်၊ ဒီမှာရောက်နေတဲ့လူငယ်တွေက ဒုက္ခသည်တွေ ဘ၀ကနေ ရောက်လာပြီးတော့ ဒီရောက်တဲ့အခါကျရင် ကိုယ့်နိုင်ငံအတွက် ဘာ ပြန်ပြီးတော့ အကူအညီပေးရမလဲ ဆိုတာ စိတ်ထားရှိတာကို ကျမ အရမ်းဝမ်းသာတယ်။ ဂုဏ်လည်း ယူတယ်။ လေးလည်း လေးစားတယ်။ အဲဒီတော့ တကယ်ပဲ အကူအညီပေးချင်တယ် ဆိုရင် နံပါတ်တစ်က ကိုယ်က ဘယ်ဘက်ကို အားသန်လဲ ဆိုတာ သိရပါတယ်။ ဥပမာ - တယောက်နဲ့တယောက် မတူကြဘူး။ တချို့ဆိုရင် ပညာရေးဘက်မှာ အားသန်တယ်၊ တချို့ဆိုရင် ကျန်းမာရေးဘက်မှာ အားသန်တယ်။ ဘယ်ဘက်မှာ အားသန်လဲ ဆိုတာကို သိဖို့လိုပါတယ်။ ကိုယ်အားသန်တဲ့ဘက်ကနေမှ ကိုယ် ကူညီလို့ရမှာ။ အခု ကျမတို့ကနေပြီးတော့ ပထမ အရေးကြီးတာက ကျမတို့ရဲ့ လူငယ်တွေ မြန်မာနိုင်ငံကို ပြန်လာချင်လို့ရှိရင် ဘယ်လို ပုံစံနဲ့ပဲ ရောက်လာတာဖြစ်ဖြစ်၊ ပြန်လာချင်လို့ရှိရင် လုံလုံခြုံခြုံနဲ့ ပြန်လာနိုင်တဲ့ အနေအထားတခုကို ဖန်တီးဖို့ လိုပါတယ်။

နောက်တခုကလည်း တချို့တွေကလည်း ဒီနိုင်ငံမှာပဲ အခြေခံချင်တယ် ဆိုရင်လည်း ဒါဟာ အပြစ်မဟုတ်ပါဘူးနော်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီနိုင်ငံမှာ အခြေချတာဟာ အပြစ် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လိုအပ်တဲ့ အချိန်တုန်းက ကိုယ့်ကို လက်ခံခဲ့တဲ့ နိုင်ငံတခုအပေါ်မှာ သံယောဇဉ် တွယ်သွားတာ၊ ကျေးဇူးတရား ရှိသွားတာ၊ မေတ္တာတရား ထားတာဟာ ဒါ အမှား မဟုတ်ပါဘူး။ ဆိုတော့ ဒီနိုင်ငံမှာပဲ အခြေချပြီးတော့ နေချင်တယ်၊ ဒါပေမဲ့ တတ်နိုင်သမျှ အရင်တုန်းက ကိုယ့်အမိ နိုင်ငံကို ပြန်ပြီးတော့ ကူချင်တယ် ဆိုရင်လည်း အဲဒီလို အခွင့်အရေးတွေ ဖြစ်အောင်လို့ ဖန်တီးဖို့ ကျမတို့ ကြိုးစားနေပါတယ်။”


လက်နက်ကိုင် တိုက်ပွဲတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် နယ်စပ်ဒေသတွေမှာ ထွက်ပြေး တိန်းရှောင်နေကြရတဲ့ ကရင်ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးနဲ့ပတ်သက်လို့ ကရင်အမျိုးသမီးတဦးရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေခဲ့ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းက ကချင်တကျပ်၊ ဗမာတကျပ် ဆိုပြီးတော့ ပြောတယ်ပေါ့။ အခုရော သူ့သမီးက ဒီလို လာပြောဦးမှာလား၊ ပြောပြီးတော့ ကတိတည်ဦးမှာလား ဆိုတော့၊ ကျမက ပြောတယ်၊ ကျမမှာ တကျပ် ပေးစရာလည်း မရှိဘူး။ ကချင်လည်း မပေးနိုင်ဘူး။ ဗမာလည်း မပေးနိုင်ဘူးလို့။ အဲဒီတော့ ကျမတို့ အားလုံးအတူတူ ကြိုးစားပြီးတော့မှ ညီညီမျှမျှနဲ့ ချမ်းသာနိုင်အောင် ကျမတို့ ကြိုးစားရမယ်လို့ ကျမ ပြောပါတယ်။ အခုအနေမှာဆိုရင်တော့ ဖွံ့ဖြိုးရေး အကူအညီနဲ့ပဲ ဖြစ်ဖြစ်၊ လူသားချင်း စာနာတဲ့အကူအညီပဲ ဖြစ်ဖြစ်၊ ကျမကို လာပြီးတော့ တိုင်ပင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေကို ကျမ အမြဲပြောပါတယ်။

မြန်မာ အများစုရှိတဲ့ပြည်နယ်တွေမှာ အကူအညီ တခုပေးလို့ရှိရင် တိုင်းရင်းသားတွေ နယ်တွေမှာလည်း အကူအညီတခုပေးရမယ်။ ဒီလို ညီမျှအောင်ပေးရမယ်။ ဒါကတော့ ဖွံ့ဖြိုးရေးအတွက်။ ဒီလို ဖွံ့ဖြိုးတာက မလုံလောက်သေးဘူး။ ဒီလို ဖွံ့ဖြိုးမှလည်း ကျမတို့ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်မှာပေါ့။ ပြန်လာပြီး ဆင်းရဲနေရင်လည်း မကောင်းဘူး။ ဒါပေမဲ့ ဆင်းရဲမှုကတင် မလုံလောက်ပါဘူး။ နိုင်ငံရေးအရ လုံခြုံမှု ရှိရမယ်။ အဲဒီတော့ အဲဒီ လုံခြုံမှု ကျမတို့ ပေးနိုင်ပြီလားဆိုတော့ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျမတို့ အာမ မခံနိုင်သေးဘူး။ အာမခံနိုင်အောင်လို့ ကျမတို့ ကြိုးစားပါမယ်။

အဲဒီလို နိုင်ငံရေးအခြေအနေ ရောက်အောင်လို့ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အတွက် အပြည့်အ၀ အကာအကွယ် ပေးနိုင်တဲ့ အခြေအနေ ရောက်အောင်လို့ ကျမတို့ ကြိုးစားပါမယ်။ မရောက်သေးဘဲနဲ့တော့ ကျမတို့ ရောက်ပြီ ဆိုပြီးတော့ လှည့်ဖျားပြီးတော့ မပြောပါဘူးလို့ ကျမ ကတိပေးပါတယ်။”


နိုင်ငံခြားမှာရှိနေတဲ့ မြန်မာလူငယ်တွေ အနေနဲ့ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပြန်လုပ်ပေး ချင်ကြတယ် ဘယ်လို ကူညီရမယ်ဆိုတာကို သူ့ကို အီးမေးကနေ ဆက်သွယ်နိုင်တဲ့အကြောင်း၊ အီးမေးလိပ်စာ info.nldburma@gmail.com ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ အပြည့်အ၀ ရဖို့ လိုအပ်နေသေးတဲ့ အကြောင်းနဲ့ ပြုပြင် ပြောင်းလဲမှုတွေ အများကြီး ဆက်လုပ်စရာ ရှိနေသေးတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတခုဖြစ်သလို ဒီတိုင်းရင်းသား လူမျိုး အားလုံး၊ ကိုယ့်လူမျိုးတခုတည်းကို မခွဲခြားဘဲ၊ ဘယ်နေရာ ဘယ်ဒေသမှာပဲ ရှိနေရှိနေ မြန်မာနိုင်ငံ အကျိုးအတွက် တက်ညီလက်ညီ ဆောင်ရွက်သွားကြမယ်ဆိုရင် နှစ်ပေါင်းများစွာ မျှော်လင့် ကြိုးပမ်းလာခဲ့တဲ့ လွတ်လပ်ပြီး တိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာမှာဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။ 

VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1