မိမိတို့ အသင်းအား အမြင့်ဘောမှ လွဲ၍ အခြား နည်းစနစ်ဖြင့် ဘောလုံး မကစားတတ်ဟု စတီဗင်ဂျရတ်၏ ဝေဖန်ခဲ့မှုအား အဲဗာတန် နောက်ခံလူ ဖီးလ်ဂျာဂီလ်ကာက တုံ့ပြန် ပြောဆိုလိုက်သည်။
၎င်းက လီဗာပူးလ် အသင်းခေါင်းဆောင် ဂျရတ်၏ မှတ်ချက်သည် အခြေအမြစ် မရှိကြောင်းနှင့် ဂွတ်ဒီဆင်ပါ့ခ်တွင် မိမိတို့သည် ဘောလုံးပိုင်ဆိုင်မှုတွင် လီဗာပူးလ်ထက်ပင် သာခဲ့ကြောင်း ပြန်လှန် လှောင်ပြောင်ခဲ့သည်။ မာဆေးဆိုက် ဒါဘီအဖြစ် အဆိုပါနှစ်သင်း တွေ့ဆုံမှုသည် (၂-၂)ဖြင့် ပွဲပြီး ခဲ့သော်လည်း စကားလုံး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်း ဖြစ်သည်။ ထိုပွဲတွင် အဲဗာတန်သည် ဘောလုံး ပိုင်ဆိုင်မှု (၅၆)ရာခိုင်နှုန်းနှင့် လီဗာပူးလ်က (၄၄)ရာခိုင်နှုန်း ရှိခဲ့သည်။ ဘောလုံး ဖြန့်ဝေမှုတွင်လည်း အဲဗာတန်က (၄၄၈)ကြိမ်ဖြင့် လီဗာပူးလ်၏ (၃၁၄)ကြိမ်ကို အသာစီး ယူနိုင်ခဲ့သည်။
ဂျာဂီလ်ကာက "တကယ်ပဲ ဂျရတ်က ကျွန်တော်တို့ဟာ အမြင့်ဘော ကစားတဲ့ အသင်းလို့
ပြောရင်တော့ ကျွန်တော် ငြင်းလို့ မရပါဘူး။ လိုအပ်ချက် အရ ကျွန်တော်တို့
အမြင့်ဘောတွေ ကစားပါတယ်။ ဒါပေမဲ့ မိနစ်(၉၀)လုံး ကျွန်တော်တို့
အမြင့်ဘောတွေချည်း ကစားနေတာလား။ ဒါတော့ လုံးဝ မှားပါတယ်။ ကျွန်တော်တို့ဟာ
လိုအပ်တဲ့ အခါ ကစားကွက်ကို တိုက်ရိုက်ကျကျ ချဉ်းကပ်တာပဲ ဖြစ်ပါတယ်"ဟု
ပြောကြားခဲ့သည်။ ၎င်းက "မော်ရို ဖယ်လိုင်နီလို ကစားသမားမျိုး ရှိနေတဲ့ အခါ
ဘယ်သူက အမြင့်ဘော မကစားပဲ နေမလဲ။ သူဟာ ဘောလုံးကို အမြင့်ကနေ
ချပေးလိုက်တာမျိုးကို သဘောကျတဲ့ သူပါ။ ကျွန်တော်တို့ အနေနဲ့ အချိန်တိုင်း
ဘောလုံးကို ကွင်းလယ်မှာ အပေးအယူ လုပ်နေရမယ် ဆိုတာမျိုး မယုံကြည်ထားပါဘူး။
ဒါကြောင့် အဲဗာတန်ဟာ ကိုယ်ကစားတဲ့ ဗျူဟာကိုလည်း ပြောင်းမှာ မဟုတ်ဘူး"
ဟုလည်း ဆိုသည်။
၎င်းက "အမြင့်ဘောကနေ ရှေ့တန်းမှာ ဖယ်လိုင်နီက အခွင့်အရေးတွေ ဖန်တီးနိုင်မယ်။
နီကီကာ ဂျီလာဗစ်၊ ဒါမှမဟုတ် ဗစ်တာ အနီချီဘီ အတွက် ဆိုပါတော့။ ကဲ
ဘာဆက်ဖြစ်မလဲ မှန်းကြည့်ပါ။ ကျွန်တော်တို့ လိုအပ်တဲ့အတိုင်း ဆက်လုပ်နေမှာ
ဖြစ်ပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။
soccer myanmar
No comments:
Post a Comment