Thursday, December 6, 2012

ကာတွန်းကားကဲ့သို့ တလွဲများသာ ပြုလုပ်နေဟု မိမိ၏ ခံစစ်ကြောင်းကို ဖာဂူဆန် ဝေဖန်

Ever November | 12/06/2012 05:12:00 PM | Best Blogger Tips

ရက်ဒင်းကို ပထမပိုင်းတွင် (၃)ဂိုးအထိ ပေးခဲ့ရပြီးနောက် မိမိအသင်း၏ ခံစစ်ကြောင်းကို စိတ်ပျက်လက်ပျက် ဝေဖန်နေခဲ့သည့် မန်ယူ အသင်း၏ မန်နေဂျာ ဖာဂူဆန်သည် မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် ဒါဘီပွဲမတိုင်မီ သူ၏ခံစစ်ကြောင်း အပေါ် စိုးရိမ်စိတ် များလျှက်ရှိသည်။

မန်ချက်စတာ ယူနိုက်တက်သည် ယခုနှစ် ဘောလုံးရာသီတွင် စံချိန်တင် ပေးဂိုးများလျှက် ရှိပြီး လက်ရှိအချိန် အထိ ပြိုင်ပွဲစုံ (၂၂)ပွဲ ကစားပြီးချိန်တွင် ပေးဂိုး (၃၂)ဂိုး  ပေးထားရသည်။ ပျမ်းမျှ တစ်ပွဲလျှင် (၁.၄၅)ဂိုး ပေးထားရသည့် ခံစစ်ကြောင်းသည် မန်ယူအတွက် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန်များကို ဆက်လက် ရယူပေးနေသည်။

"ပြီးခဲ့တဲ့ ရက်ဒင်းနဲ့ ပွဲမှာ ကျွန်တော့် နောက်ခံလူတွေက ကာတွန်းကားထဲက ဇာတ်ကောင်တွေလိုပဲ တလွဲတွေ လျှောက်လုပ်နေကြတယ်။ ကျွန်တော် မန်ယူကို ကိုင်တွယ်နေတဲ့ တစ်လျှောက်လုံး ခရစ်စမတ် မတိုင်မီ ဒီလောက် ပေးဂိုးများတာ မမြင်ဖူးသေးဘူး။ ဒါဟာ စိုးရိမ်စရာပါ။ ခံစစ်ပိုင်းက ဒီထက်ပို တိုးတက်ဖို့ လိုနေပါပြီ"ဟု ဖာဂီက သူ၏ ခံစစ်ကြောင်းကို  စိတ်ပျက်လက်ပျက် ထပ်မံဝေဖန် လိုက်သည်။
မန်ယူသည် ယခုရာသီတွင် အမြင့်ဘောများမှ ဂိုးပေးရမှု များပြားနေရာ ဖာဂူဆန် အနေဖြင့် အရပ်အမောင်း မြင့်မားသည့် တိုက်စစ် ကစားသမားများ ရှိနေသည့် မန်စီးတီး တိုက်စစ်ပိုင်းကို မထိန်းချုပ်နိုင်မည်ကို စိုးရိမ်နေပြီး အားနည်းချက်များကို အမြန်ဆုံး ကြိုးစားပြင်ဆင်ရန် သတိပေး လိုက်သည်။ "စီးတီး တိုက်စစ်က ဘာလော့တယ်လီနဲ့ ဂျက်ကိုတို့က အရပ်မြင့်ကြတယ်။ သူတို့ကို ခေါင်းတိုက်ဘောတွေကနေ ဂိုးမပေးရအောင် ထိန်းဖို့ဆိုတာ လက်ရှိ ခံစစ် အနေအထားနဲ့တော့ မဟာ စိန်ခေါ်မှုပဲ။ ရက်ဒင်းနဲ့ ပွဲကလို ကစားရင်တော့ ဘာဖြစ်လာနိုင်တယ် ဆိုတာ သိကြမှာပါ"ဟု ဖာဂီက ဆိုခဲ့သည်။ အစောပိုင်းက ဒဏ်ရာမှ သက်သာလာသောကြောင့် ကလုခ်ျနှင့် ပွဲ၌ပင် ပါဝင်လာဖွယ် ရှိခဲ့ကြောင်း သတင်းထွက်ခဲ့သည့် အသင်းခေါင်းဆောင် ဗီဒစ်မှာလည်း မန်ချက်စတာ ဒါဘီကို လွဲချော်မည်ဟု သိရသည်။

ထိုကဲ့သို့ ခံစစ်ကြောင်းမှ ပေးဂိုးများလျှက် ရှိသော်လည်း တိုက်စစ်ပိုင်းမှာမူ အကောင်းဆုံး အနေအထားတွင် ရှိနေသည်။ မန်ယူသည် ပရီးမီးယားလိဂ် (၁၅)ပွဲတွင် ဂိုးပေါင်း(၃၇)ဂိုးအထိ သွင်းယူထားသည်။ အဆိုပါ အနေအထားသည် ဒုတိယ ဂိုးသွင်းအား အကောင်းဆုံး အသင်းများ ဖြစ်သည့် တော့တင်ဟမ်နှင့် မန်စီးတီးတို့ထက်ပင် (၉)ဂိုး အသာရနေပြီး တစ်ပွဲပျမ်းမျှ (၂.၄)ဂိုးအထိ ရှိနေသည်။

တိုက်စစ်၏ ဂိုးသွင်းအား ကောင်းလွန်းသောကြောင့်သာ ခံစစ်အားနည်းမှု အပေါ် ဖာထေးမိနေခြင်း ဖြစ်ကြောင်း ဖာဂူဆန်က ဆိုသည်။ "ကျွန်တော်တို့ အသင်းကို တိုက်စစ်အားကောင်းမှုက တောက်လျှောက် ကယ်လာတာပါ"ဟု ဖာဂီက ၀န်ခံခဲ့သည်။ မန်ယူသည် ယခုနှစ် ဘောလုံးရာသီအတွင်း ဂိုးစသွင်း နိုင်ခဲ့သည့် ပွဲပေါင်း (၁၄)ပွဲ ရှိခဲ့ပြီး ထိုအထဲမှ (၁၀)ပွဲမှာ ချေပဂိုးများ လိုက်သွင်း၍ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1