Thursday, January 31, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖောက်လုပ်ဆဲကာလ အပါအ၀င် ၂၀၁၂ နှစ်ကုန်ပိုင်းအထိ ယာဉ်မတော်တဆမှု ၃၅၄ကြိမ် ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသူ ပေါ့ဆမှုကြောင့် အများဆုံးဖြစ်ခဲ့ပြီး ၁၈၀ဦးကျော် သေဆုံး

Ever November | 1/31/2013 09:33:00 AM | Best Blogger Tips
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သတိပေးဆိုင်းဘုတ်အား ၂၀၁၂ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖောက်လုပ်ဆဲကာလ အပါအ၀င် ယာဉ်မတော်တဆမှု ၃၅၄ ကြိမ် ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသူ၏ ပေါ့ဆမှုကြောင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ၁၈၆ဦး သေဆုံးခဲ့ကြောင်း ဇန်န၀ါရီလ ၃၀ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။ 
အဆိုပါ ယာဉ်မတော်တဆမှုများအနက် ယာဉ်မောင်းသူ ပေါ့ဆမှုကြောင့် ၂၅၈ကြိမ်ဖြင့် ယာဉ်မတော်တဆမှုအားလုံး၏ ၇၃ရာခိုင်နှုန်း ရှိခဲ့ပြီး ယာဉ်ချွတ်ယွင်းမှုကြောင့် မတော်တဆမှု ၈၃ကြိမ်၊ခရီးသည် ပေါ့ဆမှုကြောင့် ၂ကြိမ်နှင့် အခြားအခြေအနေများကြောင့် ၁၁ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။              
 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ သုံးနှစ်ကျော်ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၁၈၆ဦး သေဆုံးကာ ၅၆၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ထုတ်ပြန်သော သတင်းများအရ အဆိုပါ လမ်းမကြီးပေါ်၌ ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၀ခုနှစ် မတ်လ အတွင်း  ယာဉ်မတော်တဆမှု ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄၇ဦး ဒဏ်ရာရသူ ၁၇၀ဦး၊၂၀၁၀ခုနှစ်  ဧပြီလမှ ၂၀၁၁မတ်လအထိ ယာဉ်မတော်တဆမှု ၇၃ကြိမ် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၈ဦး၊ဒဏ်ရာရသူ ၁၄၅ဦး၊ ၂၀၁၁ခုနှစ် ဧပြီလမှ  ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန်အထိ ယာဉ်မတော်တဆမှု ၁၂၂ကြိမ် ဖြစ်ပွားခဲ့ရာ ၁၀၁ဦး သေဆုံးခဲ့ပြီး ၂၅၁ဦး ဒဏ်ရာရခဲ့သည်။                
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ဖောက်လုပ်ဆဲကာလ အပါအ၀င် ၂၀၁၂ခုနှစ် နှစ် ကုန်အထိ ဖြစ်ပွားသည့် ယာဉ်မတော်တဆဖြစ်ပွားမှုများအနက် ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် အများစုမှာ ယာဉ်မောင်းများမှ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ယာဉ်မောင်းများ မှ ယာဉ်မောင်းနှင်စဉ် အိပ်ငိုက်သောကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရှိရသည်။
''ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကို ပြန်ကြည့်ရင် အများစု က ယာဉ်မောင်းတွေက သတ်မှတ်မိုင်နှုန်းထက်ပိုပြီး အရှိန်ပြင်းပြင်း မောင်းနေရင်း အရှိန်နဲ့ကွေ့တဲ့အခါ ယာဉ်တိမ်းမှောက်တာတို့၊ မောင်းနေတုန်း ယာဉ်မောင်း အိပ်ငိုက်သွားတာတို့ကြောင့်ပါ။လူသာအဓိကပါ။ယာဉ်မောင်းတွေကသာ ဆင်ဆင် ခြင်ခြင် ဂရုတစိုက် မောင်းမယ်ဆိုရင် ယာဉ်မတော်တဆမှုတွေ လျော့သွားပြီး မလိုလားအပ်တဲ့ လူသေဆုံးမှုတွေ လျော့သွားမှာပါ'' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။                    
အဆိုပါ လမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များအနေဖြင့် တစ်နာရီ ကီလိုမီတာ ၁၀၀ (မိုင် ၆၀ ၀န်းကျင်)ထက် ပိုမိုမောင်းနှင်ခြင်း မပြုရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး၏ အရှည်သည် မြန်မာနိုင်ငံ၏ ဟိုင်းဝေးလမ်းများ၏ အရှည် စုစုပေါင်း၏ ၁ ဒသမ ၈၅ရာခိုင် နှုန်းသာ ရှိသော်လည်း လူသေနှုန်းမှာ သာမန်ဟိုင်းဝေးလမ်း လူသေမှု၏ ၁၃ ဒသမ ၅၄ ရာခိုင်နှုန်းခန့်အထိ ရှိကြောင်းနှင့် ယာဉ်မတော်တဆမှုများသည် အမြန်လမ်းများပေါ်တွင် ပို၍ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အမြန်လမ်းမကြီးလုံခြုံရေးနှင့် အခြားကိစ္စများ ဆောင်ရွက်နိုင်ရန် ရဲစခန်း ၁၁ ခုရှိပြီး နေပြည်တော် -ရန်ကုန်လမ်းပိုင်းတွင် ရဲစခန်း၆ ခုနှင့် နေပြည်တော်-မန္တလေး အမြန်လမ်းပိုင်းတွင် ရဲစခန်း၅ခုတို့ ဖြစ်ကြောင်း သိရသည်။              
 နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး အပိုင်းကို ၂၀၀၉ခုနှစ်၊ မတ်လ ၂၆ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး အပိုင်းကိုလည်း၂၀၁၁ခုနှစ်၊ ဒီဇင် ဘာ၂၃ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ နှစ်အလိုက် ယာဉ်မတော်တဆမှုဖြစ်စဉ်ပြဇယား
အချိန်ကာလ အကြိမ် သေဆုံး ဒဏ်ရာရ
၂၀၀၉ မတ်လမှ ၂၀၁၀မတ်လအထိ ၁၀၃ ၄၇ ၁၇၀
၂၀၁၀ ဧပြီလမှ ၂၀၁၁ မတ်လအထိ ၇၃ ၃၈ ၁၄၅
၂၀၁၁ ဧပြီလမှ ၂၀၁၂ မတ်လအထိ ၅၅ ၄၇ ၁၄၈
၂၀၁၂ ဧပြီလမှ ၂၀၁၂ ဒီဇင်ဘာလအထိ ၁၂၃ ၅၄ ၁၀၃
စုစုပေါင်း ၃၅၄ ၁၈၆ ၅၆၆
 

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1