Friday, January 18, 2013

မန်ယူသည် ဗန်ပါစီ တစ်ဦးတည်းကို မှီခိုနေသော အသင်း မဟုတ်ဟု ဖာဂူဆန် ပြောကြား

Ever November | 1/18/2013 05:12:00 PM | Best Blogger Tips

ရော်ဘင် ဗန်ပါစီ၏ ခြေစွမ်းက အသင်းအတွက် အလွန် အကျိုး ရှိစေသော်လည်း ယင်းအချက်ကြောင့် မန်ချက်စတာ ယူနိုက်တက်သည် ကစားသမား တစ်ဦးတည်းအပေါ် မှီခိုနေသော အသင်း ဖြစ်မလာနိုင်ဟု မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။
နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် နွေရာသီက အာဆင်နယ် အသင်းမှ မန်ယူသို့ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်တွင် စုစုပေါင်း (၁၇)ဂိုး သွင်းယူပေးထားပြီး ဖြစ်သည်။ အသက်(၂၉)နှစ်ရှိ ဗန်ပါစီသည် အိုးလ်ထရက်ဖို့ဒ်ထံ ခြေချလာပြီး ကတည်းက အထူးစွမ်းဆောင်ရည် မြင့်မားစွာ ကစားပေးနေသလို ယခုရာသီ ပရီးမီးယားလိဂ်တွင် အာဆင်နယ်၊ လီဗာပူးလ်၊ မန်ချက်စတာစီးတီး၊ ချယ်လ်ဆီးစသော ထိပ်သီးအသင်း အားလုံးအား ဂိုးသွင်းကာ ယင်းတို့နှင့် တွေ့ဆုံသည့် ပွဲစဉ်တိုင်း အနိုင်ရထားစေခဲ့သည်။
ဖာဂူဆန်က "ကျွန်တော်တို့ အသင်းဟာ ကစားသမား တစ်ယောက်တည်းကို တည်မှီနေရပါတယ် ဆိုတဲ့ အတွေးမျိုး ကျွန်တော့်မှာ လုံးဝ မရှိပါဘူး"ဟု Inside Unitedသို့ ပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်တို့ အသင်းရဲ့ ရာဇဝင်ကို ပြန်လှန်ကြည့်ရင် ကစားသမား တစ်ယောက်လောက်ဟာ အသင်းကို အဓိက ဦးဆောင်မှု ပေးခဲ့တဲ့ ကာလတွေ ရှိခဲ့ပါတယ်။ ဥပမာဆိုရင် အဲရစ်ကန်တိုနာရဲ့ ဂိုးတွေဟာ မန်ယူရဲ့ အောင်မြင်မှုမှာ အရမ်း အရေးပါခဲ့တယ်။ ဒါပေမဲ့ လက်ရှိ ကာလမှာတော့ အရာရာဟာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။ ဟာဗီးယား ဟာနန်ဒက်ဇ်ဟာ မန်ယူအတွက် ဒီရာသီမှာ (၁၂)ဂိုး သွင်းပေးထားတယ်။ ရွန်နီက (၉)ဂိုးရှိပြီ။ ဂျွန်နီအီဗန်စ်နဲ့ ပက်ထရစ်အီဗရာတို့လို ခံစစ်မှူး နှစ်ယောက်က သွင်းတဲ့ဂိုးတင် (၈)ဂိုး ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဗန်ပါစီကို လွန်လွန်ကျွံကျွံ မှီခိုနေတဲ့ အသင်း မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ ဂိုးတွေကို ကိုယ်တိုင်သွင်းယူရာမှာရော၊ ကစားဖော်တွေအတွက် ဖန်တီးပေးရာမှာပါ တကယ်ထူးချွန်တာတော့ အမှန်ပဲ ဖြစ်ပါတယ်"ဟု မှတ်ချက်ပြုသွားသည်။

ဖာဂူဆန်က "ဗန်ပါစီဟာ ကြုံလာတဲ့ စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ဖြေရှင်းခဲ့သူပါ။ သူဟာ အသင့်တော်ဆုံး အချိန်မှာ အသင့်တော်ဆုံး ကလပ်အတွက် အသင့်တော်ဆုံး ရောက်ရှိလာတဲ့ ကစားသမားလို့ ညွှန်းဆိုနိုင်ပါတယ်။ သူ့ရဲ့ အောင်ပွဲကို တပ်မက်တဲ့ စိတ်ဓာတ်က သက်သေပါပဲ"ဟုလည်း တပည့်ဖြစ်သူအပေါ် ချီးကျူး သွားခဲ့သည်။
Ref: Goal
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1