တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု ရရှိသွားသည့် ကားဆီးလက်စ်
ရီးယဲလ်မက်ဒရစ် ဂိုးသမား အိုင်ကာ ကားဆီးလက်စ်သည် တစ်နှစ်တာ အတွက် အကောင်းဆုံး ဂိုးသမားဆုကို နိုင်ငံတကာ ဘောလုံး သမိုင်းနှင့် အချက်အလက် အဖွဲ့ချုပ် (IFFHS)ထံမှ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
စပိန် လက်ရွေးစင်နှင့် ရီးယဲလ်တို့၏ အသင်းခေါင်းဆောင်သည် အဆိုပါဆု အတွက် မဲပေးမှုတွင် စုစုပေါင်း (၂၂၄)မဲ ရရှိခဲ့သည်။ အဆိုပါ မဲအရေအတွက်ကြောင့် ဒုတိယ နေရာမှ ဂျူဗင်းတပ်စ်နှင့် အီတလီ လက်ရွေးစင် ဂီယန်လူဂီ ဘူဖွန်ကို (၉၆)မဲ ဖြတ်ထားနိုင်ခဲ့သည်။ အသက်(၃၁)နှစ်ရှိ ဂိုးသမားသည် ဂျိုးဟတ်၊ ဗစ်တာဗဲလ်ဒက်စ်၊ ပီတာဆက်ခ်ျ အစရှိသည့် ပြိုင်ဘက်ကောင်းများကို ကျော်လွန်ကာ ယခုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုကို လက်ခံရရှိကြောင်း ကားဆီးလက်စ်က Facebookတွင် အတည်ပြု ကြေညာခဲ့သလို ပရိသတ်များကို ကျေးဇူးတင်စကား ပြောဆိုခဲ့သည်။
"ဒီဆုအတွက် အရမ်းကျေနပ်မိပါတယ်။ ပြီးတော့ ဒီဆုအတွက် ကျွန်တော့်
ပရိသတ်တွေကို ရည်စူး မျှဝေလိုပါတယ်"ဟု ကားဆီးလက်စ်က နာမည်ကျော် လူမှုကွန်ရက်
ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။ လတ်တလောတွင် ကားဆီးလက်စ်သည် ရီးယဲလ်နည်းပြ
ဟိုဆေး မော်ရင်ဟို၏ ပွဲထွက်ဂိုးသမား နေရာမှ ဖယ်ရှားကာ အန်တိုနီယို အဒန်၏
အရန်အဖြစ်သာ ကစားနေရသော်လည်း ယမန်နေ့ညက ရီးယဲလ်ဆိုစီဒက်နှင့် ပွဲစဉ်တွင်
အဒန် အနီကတ် ထိခဲ့ခြင်းကြောင့် ပြန်လည် ပါဝင် ကစားခွင့် ရရှိခဲ့သည်။
soccer myanmar
No comments:
Post a Comment