Saturday, January 12, 2013

၂၀၁၂ ပညာသင်နှစ်မှစတင်ကာ ကျောင်းသားကျောင်းသူပေါင်း ၁၁,၀၀၀ ကို ပညာသင်ထောက်ပံ့ကြေးများ ပေးလျက်ရှိ

Ever November | 1/12/2013 03:53:00 PM | Best Blogger Tips

၂၀၁၂ ပညာသင်နှစ်မှ စတင်ကာ ကျောင်းသားကျောင်းသူပေါင်း ၁၁,၀၀၀ ကို မြို့နယ်အလိုက် စိစစ်ရွေးချယ်ပြီး ပညာသင်ထောက်ပံ့ကြေးများ ပေးလျက်ရှိကြောင်း အမျိုးသားပညာရေး ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောကြားသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်ကကျင်းပသည့် ၂၀၁၂-၁၃ ပညာသင်နှစ် ထူးချွန်ဆုများ ချီးမြင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခြေခံပညာ အတန်းစဉ်အလိုက် ဉာဏ်ပညာထက်မြက်ပြီး ဆက်လက်ပညာသင်ယူရန် အခက်အခဲရှိသည့် ကျောင်းသားကျောင်းသူများအား သူငယ်တန်းမှ ဒသမတန်းအထိ အတန်းစဉ်အလိုက် ၁၀၀၀ နှုန်းဖြင့် စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၁,၀၀၀ ကို မြို့နယ်အလိုက် စိစစ်ရွေးချယ်ပြီး ယခုပညာသင်နှစ်မှစတင်ကာ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွင်း ပညာရေးကဏ္ဍ အဆင့်မြှင့်တင်ရေးဆိုင်ရာ အကြံပြုဆွေးနွေးပွဲများ၊ ဒေသအလိုက် လိုအပ်ချက်များကို ဖော်ဆောင်နိုင်ရန် ဒေသန္တရဆိုင်ရာ ပညာရေးဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း၊ အစိုးရသစ်လက်ထက် စတင်တာဝန်ယူခဲ့ပြီးနောက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍအတွက် မူဝါဒ ရွေးချယ်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့်ညီလာခံကို နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ညီလာခံက ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့သည့်အတွက် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များက ယင်းလုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1