Saturday, February 23, 2013

မိုဘိုင်းဟန်းဆက်များကို တရားဝင် တင်သွင်းခွင့်ပြုနေပြီဟုဆို

Ever November | 2/23/2013 03:26:00 PM | Best Blogger Tips

ဆက်သွယ်ရေး ပစ္စည်းစာရင်း၌ ပါဝင်သည့် မိုဘိုင်းဟန်းဆက်များကို ယခင်က ပုဂ္ဂလိကအနေဖြင့် တရားဝင် တင်သွင်းခွင့် မရှိခဲ့သော်လည်း

ယခုအခါ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၏ ထောက်ခံချက်ပါရှိပါက တရားဝင်တင်သွင်းခွင့် ပေးအပ်နေပြီဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ဆက်သွယ်ရေးရဲ့ ထောက်ခံချက်ပါရင် တင်သွင်းခွင့်ပြုနေပြီ ဆိုပေမယ့် ထောက်ခံချက်နဲ့အတူ တင်သွင်းခွင့် လာလျှောက်တဲ့လူ အခုအချိန်အထိ မရှိသေးပါဘူး” ဟု အဆိုပါတာဝန်ရှိသူကပြောသည်။ မိုဘိုင်းဟန်းဆက်များကို တရားဝင်အနေဖြင့် တင်သွင်းရောင်းချလိုသူများသည် နေပြည်တော်ရှိ သွင်းကုန်ဌာနသို့ ထောက်ခံချက်နှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။ “ရန်ကုန်မှာတော့ လက်ခံဆောင်ရွက်ပေးတာ မရှိသေးပါဘူး။ ရန်ကုန်မှာ လျှောက်ထားနိုင်တဲ့ သွင်းကုန်ပစ္စည်းစာရင်းထဲမှာ မိုဘိုင်းဖုန်းက မပါသေးဘူး။ မိုဘိုင်းဖုန်းလိုမျိုး စစ်ဆေးဖို့ လိုအပ်တာကို နေပြည်တော်မှာပဲ ထောက်ခံချက်နဲ့ တစ်ခါတည်းလုပ်ပေးပါတယ်” ဟု ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းကပြောသည်။ မိုဘိုင်းဟန်းဆက်များကို တရားဝင်တင်သွင်းခွင့် ရရှိပါက ပစ္စည်း၏ တန်ဖိုးငွေများကို တိတိကျကျ တွက်ချက်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပစ္စည်းတင်သွင်းသည့် ကိစ္စရပ်များကို လိုအပ်သည့်အချိန်၌ လွယ်ကူလျင်မြန်စွာ တင်သွင်းရောင်းချနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမျိုးနိုင်ကပြောသည်။ “ကယ်ရီတွေနဲ့ တင်သွင်းတဲ့အခါ ဈေးနှုန်းကို အတိအကျ တွက်လို့မရဘူး။ လိုအပ်တဲ့အခါမှာလည်း လျင်မြန်စွာ ရချင်မှရမှာ။ တရားဝင်တင်သွင်းခွင့်ရတော့ ကုန်ကျစရိတ်ကို အတိအကျတွက်နိုင်တယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်သလိုလည်း တင်သွင်းနိုင်တယ်” ဟု ဒေါက်တာမျိုးနိုင်ကဆိုသည်။ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းအနေဖြင့် ဇန်န၀ါရီလအတောအတွင်း၌ မိုဘိုင်းဟန်းဆက်များ တရားဝင်တင်သွင်းခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ တရားဝင် တင်သွင်းသည့် လုပ်ငန်းစဉ်များကို ရန်ကုန်မြို့၌ပင် လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြသွားရန် အစီအစဉ်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ “ကယ်ရီတွေနဲ့ တင်သွင်းမှုလုပ်တဲ့အခါ ပစ္စည်းတန်ဖိုးပေါ်မူတည်ပြီး ကယ်ရီခတွေကို ယူကြတာပါ။ ဥပမာ- iPhone တစ်လုံးကို စင်ကာပူပြန်ပို့ရင် ဒေါ်လာ ၈၀ လောက်ယူတယ်။ အဲဒီတော့ တစ်ချို့ပစ္စည်းတွေအတွက် ကယ်ရီခက များနေတာတွေ ရှိတတ်တယ်”  ဟု ကယ်ရီလမ်းကြောင်းနှင့် ပတ်သက်၍ ဒေါက်တာမျိုးနိုင်ကဆိုသည်။ မြန်မာနိုင်ငံ၌ ယခင်က မိုဘိုင်းဟန်းဆက်များကို တရားဝင်အနေဖြင့် တင်သွင်းခွင့် မရရှိခဲ့သော်လည်း အိုင်စီတီဆိုင်ရာ ဈေးကွက်၌ မိုဘိုင်းဟန်းဆက် ရောင်းဝယ်ခြင်းသည် စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဟန်းဆက်အရောင်းဆိုင် အရေအတွက်မှာ ထောင်ဂဏန်းသို့ပင် ရောက်ရှိလာခဲ့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ရေးသားသူ -မြင့်ကျော်လှိုင်
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1