Saturday, February 23, 2013

ကျော်ကိုကိုနှင့် မီဒီယာများ တွေ့ဆုံနိုင်ရန် စီစဉ်နေ

Ever November | 2/23/2013 08:55:00 AM | Best Blogger Tips
ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ ထုတ်ပယ်ခြင်းခံရသော တိုက်စစ်မှူးကျော်ကိုကိုအား မီဒီယာများနှင့် တွေ့ဆုံပေးရန်အတွက် စီစဉ်နေကြောင်း ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း အမှုဆောင်အရာရှိချုပ်က ပြောသည်။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကိုသည် နည်းပြ၏ သင်ကြားမှုများကို အကြိမ်ကြိမ် ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်ခဲ့ သည့်အပြင် အသင်း၏ အုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များအပေါ် ရိုင်းပျသည့် အပြုအမှုများ လုပ်ဆောင်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ပဏာမလက်ရွေးစင် အသင်းမှ ထုတ်ပယ်ခြင်း ခံရသည်။

“ကျွန်တော်တို့ဘက်က ကျော်ကိုကိုနဲ့ တွေ့ပြီးတော့ ဆွေးနွေးနေပါတယ်။ သူတကယ်ပဲ မှားသလား။ မှားရင်တောင်းပန်ဖို့ အတွက် ဖြစ်သင့်တာက မြန်မာတို့က သူကိုမီဒီယာနဲ့ တွေ့ပေးပြီး သူ့ရဲ့ စိတ်ခံစားချက်ကို ပြောပြစေချင်ပါတယ်” ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း အမှုဆောင် အရာရှိချုပ် ဦးမင်းဆွေဦးက ပြောသည်။

ထိုကဲ့သို့ ပဏာမ လက်ရွေးစင်အသင်းမှ ထုတ်ပယ်ရခြင်းမှာ ကျော်ကိုကိုသည် နည်းပြချုပ်၏ အသင်းဗျူဟာများအပေါ်တွင် အမြဲလိုလို ဆင်ခြေပေးခြင်း၊ မကျေနပ်သည့် အပြုအမှုများ ပြုလုပ်ခြင်း၊ အသင်းအစည်းအဝေးများ ပြုလုပ်ချိန်တွင် မလေးမစား အပြုအမူများ ပြုလုပ်ကာ အစည်းအဝေးမှထွက်ခြင်း၊ နည်းပြချုပ်အား ပမာမခန့်များ ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း နည်းပြအဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုးဆုံးအပြုအမူမှာ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်း လေ့ကျင့်ရေးကွင်းမှ ပြန်လာချိန်တွင် နည်းပြများ ရေးဆွဲထားသည့် တစ်နေ့တာအချိန်ဇယားစာအုပ်ပေါ်၌ အုပ်ချုပ်သူနည်းပြများအပေါ် ရိုင်းပျစော်ကားသည့် အဓိပ္ပာယ်သက်ရောက်သော စကားလုံးများကို ရေးသားခဲ့ခြင်းကြောင့် နည်းပြချုပ်က ယခုကဲ့သို့ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုက်စစ်မှူးကျော်ကိုကိုအား 7Day News မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်ခြင်း မရှိခဲ့ပေ။

အသင်း၏ နည်းပြချုပ် ပက်ဆောင်ဟွာကမူ ကျော်ကိုကို၏ အနာဂတ်နှင့်ပတ်သက်၍ မည်သို့မျှ မဖြေနိုင်သေးကြောင်း၊ မိမိအနေဖြင့် နိုင်ငံအတွက် ပေးဆပ်ချင်စိတ်ရှိမည့် ကစားသမားတိုင်းကို အမြဲကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ တင်ပြသွားမည်ဖြစ်ကာ ဥက္ကဋ္ဌ၏ အဆုံးအဖြတ်ပေါ်တွင် မူတည်၍ ထပ်မံဆုံးဖြတ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလေ့ကျင့်မှု ပြုလုပ်နေသော ပဏာမမြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် မတ် ၂ ရက်တွင် ယှဉ်ပြိုင်မည့် AFC Challenge Cup ခြေစစ်ပွဲအတွက် ရည်ရွယ်၍ လေ့ကျင့်နေခြင်း ဖြစ်သည်။
7DaysNewsJournal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1