Wednesday, February 27, 2013

နှစ်ကျပ်ခွဲကျေးရွာ မီးလင်းရေး ဖြေရှင်းရင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Ever November | 2/27/2013 05:04:00 PM | Best Blogger Tips

ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာတွင်လျှပ်စစ်ဓာတ်အားသွယ်တန်းမှုနှင့်ပတ်သက်၍ ဖြေ
ရှင်းဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအချို့တို့အကြား အဓိကရုဏ်းသဏ္ဍာန် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာ မီးလင်းရေးအတွက်အစိုးရကဆောင်ရွက်ပေးသည့်လုပ်ငန်းကို မြောက်ကျောင်းဆရာတော် ဦးကောသလ္လမှ တားဆီးကန့်ကွက်၍ သက်ဆိုင်ရာအာဏာပိုင်များက ဖေဖော်ဝါရီ ၂၄ ရက်တွင် သွားရောက်ရှင်းလင်း ဆောင်ရွက်နေစဉ် ဒေသခံအချို့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆရာတော်ဦးကောသလ္လ ဘုန်းကြီးကျောင်းပိုင် ထရန်စဖော်မာမှ သွယ်ယူထားသော အိမ်ခြေ(၁၄၅)လုံးမှ လျှပ်စစ်မီးကြိုးများကို ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်ရုံးက ဖြုတ်ချပြီး အသစ်ရောက်ရှိလာသော ထရန်စဖော်မာသို့ ချိတ်ရန်အတွက် လာရောက်ပြင်ဆင်ရာမှ ဆရာတော်နှင့် အဆိုပါ အိမ်ခြေ(၁၄၅)လုံးမှ လူ့အချို့က မကျေနပ်ဘဲ မြို့နယ်လျှပ်စစ်ရုံးကားကို သိမ်းယူထားရာမှ ပြဿနာစတင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ညပိုင်းတွင်ရဲတပ်ဖွဲ့ဝင်များကကားကိုပြန်ယူပြီး၊ မြောက်ကျောင်းဆရာတော်အား ခေါ်ဆောင်စဉ်အခင်းဖြစ်
ပွားခဲ့သည်။ ဒေသခံများအားရဲများကရိုက်နှက်ခဲ့သလို ဒေသခံအချို့ကလည်း ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်ရပ်များကြောင့် ဒေသခံပြည်သူသုံးဦးမှာ ကျောက်ပန်းတောင်းဆေးရုံသို့ တင်ပို့ထားရပြီး တစ်ဦးမှာ ညောင်ဦးပြည်သူ့ဆေးရုံသို့ တင်ထားရကြောင်း ကျောက်ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုအေးခိုင်ကပြောသည်။ အလားတူ ရဲတပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း တာဝန်ရှိသူကပြောသည်။

“မနေ့က ည ၁၀ နာရီခွဲလောက်မှာ ဆရာတော်ဦးကောသလ္လကို ရဲတွေက ဖမ်းတဲ့အချိန်မှာ စဖြစ်တာပဲ။ ဖြစ်တာက အင်န်အယ်လ်ဒီရုံးရှေ့မှာဆိုတော့ ရုံးကိုလည်း ဖျက်ဆီးသွားတယ်။ အနီးမှာရှိတဲ့ အိမ်တွေကိုလည်း ရဲတွေက ၀င်ရိုက်တာ တချို့တွေဆို ခေါင်းကွဲတာတွေတောင်ရှိတယ်”ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

“လုံခြုံရေးအရ သွားတာပါ။ ဒေသခံတွေက ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်ရုံးကားကို လုထားတယ်။ ရဲတပ်ဖွဲ့ဝင်တွေလည်းဒဏ်ရာရပါတယ်”ဟု မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှဒုရဲအုပ်အောင်ဇေယျာမြင့်က ပြော
သည်။

ဒီမိုကရေစီလမ်းစဉ်ကိုစတင်ကျင့်သုံးနေသည့်ယနေ့ကာလတွင်ယခုကဲ့သို့ရဲတပ်ဖွဲ့ဝင်များက ပြည်သူများအား ရိုက်နှက်ခြင်း၊မိမိတို့ ကျေးရွာပါတီရုံးအားမင်းမဲ့စရိုက်ဆန်ဆန်စီးနင်းဝင်ရောက်ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းအား မိမိအနေဖြင့် လုံးဝလက်မခံနိုင်ဘဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များကို တရားစွဲဆို အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြင်းခြံခရိုင် ဒုတိယဥက္ကဋ္ဌ ဦးရွှေခိုကပြောသည်။

“ဒီဖြစ်စဉ်ကို ကျွန်တော်တို့ မသိသေးပါဘူး။ အောက်ခြေက ပါတီရုံးမှာ ဒီလိုဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားမှာပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။

ကျေးရွာတွင်အိမ်ခြေ(၈၀၀)၀န်းကျင်ရှိပြီးအိမ်ခြေ(၁၄၅)လုံးမှာ၂၀၀၀ခုနှစ်မှစတင်၍ မြောက်ကျောင်းဆ
ရာတော်၏ အစီအစဉ်ဖြင့် 110 KVA ဓာတ်အားလိုင်း မီးလင်းရေးကို လုပ်ဆောင်နိုင်ခဲ့ပြီး မီးရရှိခြင်းမရှိသော ကျန်နေအိမ်များ မီးလင်းရေးအတွက် တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် 315 KVA ဓာတ်အားလိုင်း သွယ်တန်းခြင်းကိစ္စကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ(၁၄၅)အိမ် သုံးစွဲနေသော လျှပ်စစ်မီးမှာ မြောက်ကျောင်းဆရာတော်အတွက် လှူဒါန်းထားသည့် ဘာသာ၊ သာသနာအတွက် သုံးစွဲရန်သာ ခွင့်ပြုထားသည့် ထရန်စဖော်မာဖြစ်သည့်အတွက် အဆိုပါ(၁၄၅)အိမ်တွင် ချိတ်ဆက်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများအား အစိုးရအစီအစဉ်ဖြင့် တပ်ဆင်သည့် ထရန်စဖော်မာသို့ ပြောင်းလဲရန်အတွက် ဖြုတ်ခိုင်းခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဒေါက်တာမြင့်ကြူကပြောသည်။

နှစ်ကျပ်ခွဲကျေးရွာ မြောက်ကျောင်းဆရာတော်ဦးကောသလ္လအားမြို့နယ်သံဃာ့နာယကအဖွဲ့ခွင့်ပြုချက်ဖြင့် လူဝတ်လဲပြီး ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ (၃၃၂)၊ လုယက်မှု ပုဒ်မ(၃၉၂)ဖြင့် ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်သူနိုင်က ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
7 Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1